ခွန်အားဖြစ်စေသော မုန်တိုင်း

မုန်တိုင်းဆိုမှတော့ ကောင်းစရာဘယ်ရှိမလဲ။ ဒါပေမဲ့ မုန်တိုင်းဒဏ်ခံဖူးတဲ့သူတိုင်း ကိုယ့်ရဲ့လုံခြုံရာနေရာ၊ ကိုယ့်ရဲ့ လွတ်လမ်းကို သေချာ သိနိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာကိုတော့ ငြင်းလို့မရဘူးမလား။

မိုးရွာထဲမှာ ခေါင်းမော့ပြီး လမ်းလျှောက်နိုင်ချင်ရင်တော့ မိုးဒဏ်ကိုခံနိုင်ဖို့ လိုတယ်လေ။ ပြင်းထန်တဲ့အရှိန်နဲ့ကျလာတဲ့ မိုးစက်တွေကြောင့် ခေါင်းငုံသွားမိသ၍တော့ မိုးကို ကိုယ်ကိုအနိုင်နဲ့ပိုင်းနေဦးမှာပဲ။ မိုးရေတွေကြားမှာ ပျော်ပျော်ကြီးကခုန်တတ်ဖို့ သင်ယူလိုက်စမ်းပါ။ မိုးစက်ကျသံတွေကို နားထောင်ပြီး သူတို့နဲ့အတူစီးမျောဖို့ သတ္တိတွေမွေးလိုက်။ စိတ်ထဲက အကြောက်တရားတွေကို မိုးရေနဲ့ မျှောပစ်လိုက်။ ကိုယ်ပေါ်ကျလာတဲ့ မိုးစက်တွေရဲ့ အထိအတွေ့ကိုခံစားလိုက်။ ဒဏ်ရာတွေ၊ အနာရွတ်တွေ၊ အတိတ်ဆိုးတွေကို မိုးရေက ဆေးကြောပါစေ။

တစ်ခါတလေတော့ လျှပ်စီးတွေကလည်း နွေးထွေးတဲ့မှီခိုရာနေရာတစ်ခုကို ရှာဖို့၊ အကြောက်တရားနဲ့ ရင်ဆိုင်ရတဲ့အခါ ပြေးပုန်းနိုင်မယ့် လုံခြုံတဲ့ကွန်းခိုရာနေရာတစ်ခုကို ရှာဖို့လိုတယ်လို့ သတိပေးနေသလိုပါပဲ။ လုံခြုံနွေးထွေးတဲ့ အိမ်တစ်ခုကိုတော့ လူတိုင်းလိုအပ်တယ်မလား။ အိမ်လို့ပြောတဲ့အခါ အမိုးအကာပါမှ၊ အဆောက်အဦးဖြစ်မှ အိမ်လို့မသတ်မှတ်ပါဘူးနော်။ လူသားတွေထဲမှာလည်း အိမ်ကိုရှာတွေ့နိုင်ပါတယ်။ ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရတဲ့အခါ၊ ကိုယ်သဘောကျတဲ့ နေရာတစ်ခုကို ရောက်သွားတဲ့အခါ၊ ကိုယ်တောင့်တခဲ့ရတဲ့ ခံစားချက်မျိုးကို ရရှိလိုက်တဲ့အခါ အိမ်ပြန်ရောက်သွားသလို လုံခြုံနွေးထွေးမှုကို ရသွားရင် ဘယ်နေရာမှာဖြစ်နေနေ အဲ့တာဟာ အိမ်ပါပဲ။

Related article >>> အလင်းရောင်နောက်လိုက်ပါ

မုန်တိုင်းတွေဆိုတာလည်း ဘဝမှာဘာတွေလုပ်ဖို့ ကျန်သေးလဲ၊ ဘာတွေကြိုးစားဖို့လိုသေးလဲ ဆိုတာကို သတိပေးဖို့ ဖြစ်လာသလားမှ မပြောတတ်တာ။ လူတိုင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုင်တွယ်ဖြေရှင်းရမယ့် မုန်တိုင်းတစ်ခုစီတော့ ရှိကြတာပဲ။ မုန်တိုင်းကိုကြောက်တယ်ဆိုတာဟာ ဘဝမှာကိုယ်ဘယ်ကွက်လပ်တွေ ဖြည့်ဖို့လိုသေးလဲဆိုတာကို မုန်တိုင်းတွေက သတိပေးနေလို့များလား။ ဒါမှမဟုတ် ဒီမုန်တိုင်းကို တစ်ယောက်တည်းရင်ဆိုင်ရမှာ စိုးလို့လား။ မုန်တိုင်းတိုက်ခတ်တဲ့အခါ ပြေးပုန်းစရာ လုံခြုံတဲ့အိမ်တစ်လုံး၊ မှီခိုစရာ နွေးထွေးတဲ့ပုခုံးကျယ်တစ်ခု ရှာမတွေ့မှာ တွေးကြောက်လို့လား။ ဒါပေမဲ့ မုန်တိုင်းဒဏ်ခံဖူးမှလည်း ဒီအကြောက်တရားတွေကို ဘယ်လိုဖြေရှင်းရမှန်း သိမှာမဟုတ်လား။

မုန်တိုင်းတွေဟာ အစစ်အမှန်နဲ့ အတုအယောင်ကိုလည်း ခွဲခြားပေးတတ်တယ်။ မုန်တိုင်းဖြစ်အောင် ဖန်တီးခဲ့ပြီးမှ နောက်လှည့်မကြည့်ဘဲ ကျောခိုင်းသွားတဲ့သူတွေ၊ မိုးခေါ်လာပြီးမှ ထီးပေးဖို့ မေ့ချင်ယောင်ဆောင်တဲ့သူတွေ၊ ရင်ထဲမှာ မီးမွှေးပြီးမှ တစ်တောလုံးလောင်တဲ့အထိ သွေးအေးအေးကြည့်နေရက်တဲ့သူတွေ၊ အေးစက်နေတဲ့နေရာကို ဦးဆောင်ခေါ်သွားပြီးမှ နွေးထွေးမှုပေးဖို့ သတိမရတဲ့သူတွေ။ ဘဝမုန်တိုင်းကို ကြုံလာတဲ့အခါ ဒီလိုလူမျိုးတွေကိုလည်း စစ်ထုတ်နိုင်သွားပါတယ်။

မုန်တိုင်းတွေနဲ့ပတ်သက်ပြီး ရေရေရာရာသိတာတစ်ခုကတော့ သူတို့ထွက်သွားပြီဆိုရင် ကောင်းကင်ကြီးက ကြည်စင်တောက်ပနေတယ်ဆိုတာပါပဲ။ ငြိမ်သက်ခြင်း အေးချမ်းခြင်းသဘောတွေကို ချန်ထားခဲ့တတ်ပါတယ်။ ယုံကြည်မှုတွေကို တစ်ဖန်ပြန်လည် အသက်ဝင်စေပါတယ်။ ပရမ်းပတာဖြစ်ခြင်းတွေကို အေးဆေးစေတယ်။ ဒါကြောင့်ပဲ ဘဝမှာ မုန်တိုင်းတွေဖြစ်ပေါ်ဖို့ လိုအပ်တာထင်ပါရဲ့။ ပြဿနာတွေကို နည်းနည်းလောက်ပိုပြီးဖြစ်ဖြစ် အတွေးအခေါ်ရှိရှိ ဖြေရှင်းတတ်စေဖို့၊ တစ်ခုထက်ပိုတဲ့ အဖြေမျိုးကို ထုတ်တတ်နိုင်စေဖို့၊ မမျှော်လင့်ထားတဲ့အချိန် ကံကြမ္မာမုန်တိုင်းရိုက်ခိုက်လာတဲ့အခါ ကိုယ်ပိုင်နားခိုရာကို ရှာတတ်စေဖို့…။

Related article >>> နေပျော်တဲ့ဘဝ

တကယ်တော့ မြင်တတ်ဖို့ပဲ လိုတာပါ။ အချို့က မုန်တိုင်းဆိုတာ အဆိုးဆုံးတွေကို သယ်ဆောင်လာတဲ့အရာလို့ သတ်မှတ်ကြတယ်။ အချို့ကတော့ အရာအားလုံးကို သန့်စင်ပေးတဲ့အရာလို့ ယုံကြည်ကြပြီး တိမ်ကင်းစင်တဲ့ကောင်းကင်မှာ အတောက်ပဆုံး ထွန်းလင်းနေမယ့် နေရောင်ခြည်ကို ငံ့လင့်ကြတယ်။ မုန်တိုင်းပြီးတဲ့အခါမှာ မိုးရေနဲပအတူ သူတို့ရဲ့ ဒဏ်ရာတွေမျှောပါသွားမယ်လို့ မျှော်လင့်ကြတယ်။ အခက်ခဲဆုံးအချိန်တွေမှာ ရှင်သန်ခဲ့တဲ့ သူတို့ကိုယ်သူတို့ ဂုဏ်ယူချင်ကြတယ်။ မုန်တိုင်းဟာလည်း ခွန်အားဖြစ်စေခဲ့ပါတယ်။

Myat (For Her Myanmar)

No Comments Yet

Comments are closed