အလင်းရောင်နောက်လိုက်ပါ

အချစ်နောက်လိုက်နေတာကို လက်လျော့ပြီး ကိုယ့်ကိုကိုယ်နောက် စလိုက်ကြည့်ပါ။ အလင်းရောင် ပျပျလေးကို မြင်နေရပြီလား……?

အချစ်နောက်ကို မလိုက်ပါနဲ့။ အချစ်ဟာ ဘဝမှာအရေးအကြီးဆုံး အရာတစ်ခုလို၊ တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်တစ်ခုလို၊ အချစ်ကို လက်ဝယ်ပိုင်ဆိုင်ရမှ ကောင်းကောင်းနေထိုင်နိုင်မယ့် လူတစ်ယောက်လို၊ ကိုယ့်တန်ဖိုးဟာ အဲ့အချစ်ရေးပေါ်မှာပဲ မူတည်နေသလို၊ အချစ်ကလွဲ မက်မောစရာမရှိတော့သလို ပုံစံမျိုးနဲ့ အချစ်နောက်ကို ကောက်ကောက်ပါအောင် မလိုက်ပါနဲ့။

အချစ်နောက်ကို မလိုက်ပါနဲ့၊။ အချစ်ဟာ ကိုယ့်ဘဝအတွက် အဖြေတစ်ခုလို၊ အဓိက ဖြစ်တည်ခြင်းတစ်ခုလို၊ တစ်ယောက်ယောက်နဲ့ ချစ်နေမှ လူသားဆန်တယ်ဆိုတဲ့ အတွေးလို၊ အချစ်ရှိနေမှ ဘဝဟာ သာယာတော့မလို၊ မင်းအတွက် လောကမှာ အချစ်ဟာရှာပါးပစ္စည်းတစ်ခုလို ပုံစံမျိုးနဲ့ အချစ်ကို အပူတပြင်း လိုက်မရှာပါနဲ့။

ချစ်ခြင်းတရားဟာ လှပပါတယ်။ ဒီအဆိုကိုလည်း ငြင်းစရာရှိမယ်မထင်ဘူး။ နှလုံးသားချင်းထပ်တူကျတဲ့ လူတစ်ယောက်နဲ့ နေ့ရက်တွေကို ဖြတ်သန်းရတာ၊ အဲ့လူကို ကိုယ့်ဘဝထဲ ကြည်ကြည်ဖြူဖြူ ဝင်လာခွင့်ပေးရတာ၊ ကိုယ့်ဘဝနဲ့ရင်းပြီး ယုံကြည်မှုပုံအပ်လိုက်တာ… တွေးကြည့်ရုံနဲ့တင်ကြည်နူးစရာပါ။ ဒီထက်ပိုခိုင်မြဲတဲ့ ပေါင်းစည်းခြင်းမရှိတော့သလိုပါပဲ။ လူတစ်ယောက်ကို ချစ်ရတာ၊ ကိုယ်ချစ်တဲ့သူရဲ့ ချစ်ခြင်းကို ပိုင်ဆိုင်ရတာဟာ လူဖြစ်ရတဲ့သက်တမ်းတစ်လျှောက် အကောင်းဆုံးခံစားချက် ဖြစ်မယ်ထင်ပါရဲ့။

Related article >>> နေပျော်တဲ့ဘဝ

ဒါပေမဲ့လည်း အချစ်ဆိုတာကိုယ်နဲ့ လက်တစ်ကမ်းမှာပဲ ရှိနေပြန်ရော။ သမီးရည်းစားချစ်၊ ဇနီးမောင်နှံချစ်ကိုမှ အချစ်လို့ခေါ်တာမဟုတ်ဘူးလေ။ ဘဝလက်တွဲဖော်မရှိသေးရုံနဲ့တော့ ကိုယ့်ဘဝရဲ့တန်ဖိုးဟာ မလျော့သွားပါဘူး။ ပျော်ရွှင်မှုနဲ့ မထိုက်တန်တဲ့လူသားရယ်လို့လည်း ကိုယ့်ကိုကိုယ်သမုတ်စရာမလိုပါဘူး။ ကိုယ်ဟာ အချစ်မခံရတဲ့ ဖြစ်တည်ခြင်းတစ်ခုသက်သက် ဆိုပြီးလည်း ဝမ်းနည်းစရာမလိုပါဘူး။

ချစ်ခြင်းဟာလှပပေမဲ့ အချစ်ဟာ ဘဝမှမဟုတ်တာ။

ဘဝမှာ ကိုယ်ဂရုစိုက်ပေးသလောက် ကိုယ့်အပေါ်တန်ဖိုးမထားတဲ့သူနဲ့လည်း ဆုံချင်ဆုံရမှာပဲ။ ယုံကြည်မှုတွေ အများကြီးပေးပြီးမှ မျှော်လင့်ချက်တွေ ရိုက်ချိုး၊ အိပ်မက်တွေ ဖျက်ဆီးတဲ့သူနဲ့လည်း တွေ့ချင်တွေ့ခဲ့လိမ့်မယ်။ ခံစားချက်တွေ ထိခိုက်အောင်လုပ်တဲ့သူ၊ စေတနာတွေ စော်ကားတဲ့သူ၊ အလေးပေးမှုတွေကို ဥပက္ခာပြုတဲ့သူနဲ့လည်း တွေ့ရင်တွေ့ခဲ့ရမယ်။ အသည်းလည်းတစ်ခါတလေကွဲမှာပေါ့။ ဒါပေမဲ့ ဒါတွေအားလုံး မကြာခင် အဆင်ပြေသွားမှာပါ။

ဒီအဖြစ်အပျက်တွေကနေပဲ သင်ခန်းစာယူပြီး ရင့်ကျက်မှုကိုရှာဖွေပါ။ ပြန့်ကျဲသွားတဲ့ ခံစားချက်တွေကို ပြန်ကောက်ပြီး ပြန်တည်ဆောက်ပါ။ ပြန်စတင်ပါ။ သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ တွေ့ဆုံဖို့ဖြစ်လာမှာပါ။ အဲ့တစ်ယောက်ကလည်း ကိုယ့်ကိုစွဲစွဲမြဲမြဲချစ်မှာပါ။ ကိုယ့်ကိုကိုယ်အပြစ်တင်ဖို့ သတိမရတော့ပဲ အတိတ်ကိုလက်လွှတ်သွားနိုင်တဲ့ အထိ အချစ်ခံရမှာပါ။ ယုံကြည်ချက်ရှိဖို့ပဲ လိုပါတယ်။

Related article >>> အကောင်းဆုံးတွေ ရောက်ရှိချိန်

ဒါပေမဲ့ အချစ်နောက်တော့ ကောက်ကောက်ပါအောင် မလိုက်ပါနဲ့။ အချစ်ကို အသက်ရှင်ခြင်းရဲ့ အဓိကအကြောင်းရင်းလို့ မသတ်မှတ်မိပါစေနဲ့။ ကိုယ်ဘယ်သူဆိုတဲ့ အမှန်တရားကို အချစ်ကြောင့် မပြောင်းလဲလိုက်ပါနဲ့။ ကိုယ့်နောက်ကိုယ်ပဲလိုက်ပါ။ ကိုယ့်ဖြစ်တည်မှုဆိုတဲ့အရာနောက်ကို မျက်ခြည်မပြတ် လိုက်ပါ။ အလင်းရောင်နောက်ကို လိုက်ပါ။ အခြားသူတစ်ယောက်နဲ့ အချစ်ရေးကို ကိုယ့်ဘဝတန်ဖိုးလို့ မသတ်မှတ်ဘဲ ကိုယ့်ကိုယ်ကိုယ်အရင်ချစ်လိုက်ပါ။ အဲ့ဒီအခါ ကိုယ့်ရဲ့ တန်ဖိုးအစစ်အမှန်ကို မြင်လာပါလိမ့်မယ်။ ယောင်းရဲ့ တန်ဖိုးကို အချစ်ရေးဆိုတာကြီးက ဖျက်ဆီးလို့ မရဘူးဆိုတာ မြင်လာပါလိမ့်မယ်။

ဒါကြောင့် အချစ်နောက်ကိုမလိုက်ပါနဲ့။ အချစ်က ကိုယ့်ဆီလာပါစေ။ အချိန်အခါသင့်တဲ့အချိန်မှာ ပွင့်တဲ့အချစ်ပန်းကိုသာ စောင့်ပါ။ ဒါဆိုရင်တော့ သဘာဝအတိုင်း လှပနေတော့မှာပေါ့။ အချစ်ကိုစောင့်နေတုန်းအချိန်မှာ အလင်းရောင်နောက်ကို လိုက်ပါ။ အသက်ရှင်ရကျိုးနပ်စေတဲ့ အတွေးအလင်းရောင်တွေနောက်၊ အိပ်မက်အလင်းရောင်တွေနောက်၊ စိတ်ကူးအလင်းရောင်တွေနောက်ကို လိုက်ပါ။ လွတ်လပ်ခြင်းအရသာကိုပေးတဲ့ အလင်းရောင်နောက်၊ ပျော်ရွှင်ခြင်းခံစားချက်ကိုပေးတဲ့ အလင်းရောင်နောက်၊ လမ်းပြတည့်မတ်ခြင်းကို ပေးမယ့်အလင်းရောင်နောက်ကို လိုက်ပါ။

အဆုံးမှာတော့ ဆွတ်ပျံ့ကြည်နူးဖွယ်အချစ်တစ်ခုတည်းနဲ့ ဘဝမဖြစ်လာဘူးလေ။ အလင်းရောင်ကို သယ်ဆောင်ပါ။ ကိုယ်တိုင်အလင်းရောင်အဖြစ် ရှိနေပါ။ အလင်းရောင်ကို တည်ဆောက်ပါ။ တကယ်တော့ ဘဝမှာ အလိုအပ်ဆုံးက အလင်းရောင်ပါ။ ဒါကြောင့် အချစ်နောက်လိုက်နေတာကို လက်လျော့ပြီး ကိုယ့်ကိုကိုယ်နောက် စလိုက်ကြည့်ပါ။ အလင်းရောင် ပျပျလေးကို မြင်နေရပြီလား……?

Myat (For Her Myanmar)

No Comments Yet

Comments are closed