ဖြည့်တွေးပေးလိုက်ပါ ယောင်းရေ…

လူတွေရဲ့ စိတ်ကိုခန့်မှန်း သုံးသပ်တဲ့အခါ၊ အခြေအနေတွေကို သုံးသပ်တဲ့အခါ

ကဲ… ပြော…. ယောင်းတို့တွေထဲမှာ ကောင်လေးတစ်ယောက်က ကိုယ့်ကိုကြိုက်နေတယ်၊ ကြွေနေတယ်လို့ ထင်ပြီးမှ တခြားသူနဲ့ ရည်းစားဖြစ်သွားတာမျိုးတွေ၊ တကယ်တမ်း ကိုယ့်ကိုကြိုက်နေတာ မဟုတ်ဘူးဆိုတာ သိလိုက်ရတာမျိုးတွေ ဖြစ်ဖူးကြလား။ ဒါဆိုရင်တော့ ယောင်းတို့ wishful thinking (စိတ်ဆန္ဒနှင့်တွေးခေါ်ခြင်း) လေးတွေ များနေလို့ပါ။ ဒါဆိုရင်တော့ နည်းနည်းလေးလျော့ဖို့လိုနေပါပြီ။ Wishful thinking ဆိုတာမျိုးက ကိုယ့်ရဲ့အတွေးတွေထဲမှာ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ရဲ့ဆန္ဒတွေကို ဖြည့်စွက်ပြီး ထည့်ထည့်တွေးမိနေလို့ပါပဲ။
လူတစ်ယောက်ရဲ့စိတ်ကို ကိုယ်ကမြင်နေနိုင်တာ မဟုတ်ပါဘူး။ ဒီတော့ လူတွေရဲ့ စိတ်ကိုခန့်မှန်း သုံးသပ်တဲ့အခါ၊ အခြေအနေတွေကို သုံးသပ်တဲ့အခါ အနည်းဆုံးတော့ ကိုယ်ထင်တာ ကိုယ်မြင်တာတွေ ဖြည့်တွေးမယ့်အစား ဖြစ်နိုင်ခြေရှိတာတွေကို ချင့်ချိန်တွေးတောဖို့လိုပါတယ်။ ကူညီလိုက်ရုံ၊ စကားစမြည်ပြောဖြစ်ရုံနဲ့ ကိုယ့်ကိုများ စိတ်ဝင်စားနေမလားလို့ တွေးမိတဲ့အခါ နောက်ဆုံး နာကျင်ရမှာက ယောင်းတို့ပဲမဟုတ်လား။ ဒါက ယောင်းတို့ကို Wishful thinking က ဘယ်လောက် အနှောင့်အယှက်ပေးလဲဆိုတာကို ဥပမာပေးတာပါ။

Related article >>> မမျှော်လင့်မိသော…

အခြေခံကျကျတွေးခေါ်တတ်ဖို့ ယောင်းတို့အရေးအကြီးဆုံးလိုတာက ရှုထောင့်ပေါင်းစုံဘက်ကနေ တွေးခေါ်တတ်ဖို့လိုပါတယ်။ Wishful Thinking မှာတော့ ယောင်းတို့က ကိုယ်ဖြစ်စေချင်တာတွေကို အလေးသာသာလေးပေးပြီး တွေးမြင် မျှော်လင့်မိတတ်တာကြောင့် Critical ကျမှုကို လျော့ကျစေပါတယ်။ အတွေးအခေါ်ကောင်းဖို့၊ ကိုယ့်ရဲ့တွေးခေါ်မှုတွေ မှန်ကန်ဖို့က ကျိုးကြောင်းဆက်စပ်နိုင်မှုက အဓိကအရေးကြီးပါတယ်။ ကျိုးကြောင်းဆက်စပ်တဲ့အခါမှာလည်း ဘက်လိုက်မှုကင်းဖို့ အခြေအနေ၊ အချိန်အခါကို လိုက်ပြီးစဉ်းစားတတ်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကို ငဲ့ကွက် စဉ်းစားတာမျိုးတွေက အခြေအနေအမှန်နဲ့ ဝေးကွာသွားပါလိမ့်မယ်။

နောက်တစ်ချက်က ယောင်းရဲ့ စိတ်ခံစားမှုကိုလည်း ယောင်းစဉ်းစားတဲ့အချိန်အတွင်းမှာ မေ့ဖျောက်ထားဖို့လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်က စိတ်ဆိုးတဲ့အခါရှိမယ်၊ ဝမ်းနည်းတဲ့အခါရှိမယ်၊ ဝမ်းသာတဲ့အခါရှိမယ်။ ဒါတွေကို စဉ်းစား ဆုံးဖြတ်နေတဲ့အချိန်မှာ မေ့ဖျောက်ထားနိုင်ဖို့လိုပါတယ်။ မမေ့ဖျောက်ထားနိုင်ရင် ကိုယ့်ရဲ့ စိတ်ခံစားချက်အလိုက် အကောင်းဖက်ကို ပိုပိုသာသာလေးတွေးပေးလိုက်တာမျိုး ဖြစ်နိုင်သလို ဝမ်းနည်း၊ ဒေါသထွက်နေတဲ့ အချိန်မှာဆိုရင်တော့ အဆိုးဘက်ကို ပိုပြီး ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားချက်တွေကို တစ်ခဏ မေ့ဖျောက်ထားနိုင်ဖို့ကလည်း အခရာကျပါတယ်။

အဘက်ဘက်က စဉ်းစားတဲ့အခါ စဉ်းစားပြီးသွားရင်လည်း ကိုယ့်ဆုံးဖြတ်ချက်အပေါ်ကို ပြန်လည်သုံးသပ်ချက်တွေ၊ ငြင်းဆိုချက်တွေ ကိုယ်တိုင်ထုတ်ဖို့လည်း လိုပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်တွေ၊ အတွေးအခေါ်တွေက အနီးစပ်ဆုံး အခြေအနေမှန်နဲ့ ကိုက်ညီအောင် ပြန်လည်သုံးသပ်မှုက တကယ်ကို လိုအပ်တဲ့အရာတစ်ခုပါပဲ။ ကိုယ့်ရဲ့ငြင်းချက်တွေထဲမှာ ကိုယ့်ဆုံးဖြတ်နဲ့ ပိုပြီးကိုက်ညီ၊ ဆီလျော်တဲ့ အခြေအနေမျိုးတွေ့ ပြီဆိုရင်လည်း ကိုယ့်စဉ်းစားမှုကို ပြန်လည်သုံးသပ်နိုင်ဖို့ လက်နက်တစ်ခုပါပဲ ယောင်းရေ။

Related Article >>> တစ်ကိုယ်ရည်သင်ယူခြင်းအနုပညာ

စဉ်းစားတွေးခေါ်တဲ့နေရာ၊ အကြောင်းအရာတစ်ခုကို ဆင်ခြင်သုံးသပ်တဲ့ နေရာမှာတော့ wishful thinking က အခြေအနေမှန်နဲ့ ဝေးကွာစေလို့ အနှောက်အယှက်ပေးတတ်ပေမယ့် အချို့နေရာမျိုးတွေမှာတော့ ကောင်းမွန်တဲ့ သဘောဆောင်တာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ဖြည့်တွေးတာမျိုးက ပြဿနာတစ်ခု၊ အကြောင်းအရာ တစ်ခုရဲ့ ဆန့်ကျင်ဘက်ကို ပို့ပေးနိုင်တာကြောင့် အကယ်၍ ကိုယ်ကသာ အဆိုးတွေကို အကောင်းဘက်ကို ဖြည့်တွေးပြီး ဦးတည်ပေးလိုက်ရင် ကိုယ့်အတွက် အကျိုးများလာပါလိမ့်မယ်။


တစ်ခါတလေမှာ လူအများနဲ့ ဆက်ဆံရတဲ့အခါ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့အတိုင်းပဲ လူပေါင်းစုံ၊ စိတ်ဓာတ်ပေါင်းစုံ၊ အပြုအမူပေါင်းစုံနဲ့ တွေ့ရတဲ့အခါ wishful thinking လေးကိုသာ လက်နက်အဖြစ် ဆောင်ထားလိုက်ပါ။ လူတစ်ယောက်က ကိုယ့်ကို မခံနိုင်အောင်လာပြောတဲ့အခါ သြော် သူကဒီလိုပဲ ပြောတတ်တာပါ၊ တကယ်စိတ်ရင်းအမှန် ဟုတ်ချင်မှ ဟုတ်မှာပါလို့သာ ဖြည့်တွေးပေးလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို ပေးနိုင်တဲ့အပြင် အချင်းဖြစ်ပွားတာတွေကိုပါ လျော့ချပေးနိုင်တာပေါ့။ အခု အက်ဒ်မင်ကတော့ ယောင်းကို လက်နက်လေးပေးလိုက်ပြီ။ ဒီတော့ wishful thinking ဆိုတဲ့ လက်နက်လေးကို လိုတိုးပိုလျော့လေး လုပ်ပေးပြီး အခြေအနေတိုင်းနဲ့ ကိုက်ညီအဆင်ပြေအောင် ချိန်ဆရမှာက ယောင်းရဲ့တာဝန်ပေါ့နော်။

Myat Lay (For Her Myanmar)

No Comments Yet

Comments are closed