ချစ်ခြင်းသည်သာ (၁၅)

နှင်း အဖေသည် ယောက်ျားရင့်မာဖြစ်လင့်ကစား အသံမှာတုန်ယင်နေသည်

သူအိမ်ရောက်ပြီး အတော်ကြာသည့်တိုင် နှင်းဆီမှ message မဝင်လာသေး။ နှင်းမအားသေးဘူး ထင်၍သာ သူ ဖုန်းမဆက်ကြည့်ဖြစ်ခဲ့။ ကျောင်းစာတွေအရင်လုပ်နေမလား။ ဒါမှမဟုတ် အိမ်အလုပ်တွေများ လုပ်နေမလား။ ဖုန်းဆက်ကြည့်လို့ နှင်း မအားဘူးဆိုလျှင် နှင်းစိတ်ဆိုးတာကို သူခံရမည်။ နှင်း စိတ်ဆိုးလျှင် သိပ်မလွယ်ချေ။ ပြန်ချော့ရခက်၏။ ထို့ကြောင့်နှင်းစိတ်ဆိုးမှာကိုကြောက်ပြီး သူ ဖုန်းမဆက်မိ။

နာရီဝက်…

၄၅ မိနစ်…

၁ နာရီ…

သူ ဉာဏ်လင်းဆီ ဖုန်းခေါ်လိုက်သည်။

“အေး မိုးအောင်ပြော။ ဘာကိစ္စလဲ။”

“မင်းဆီကို နှင်း ဖုန်းဆက်သေးလား။”

“မဆက်ပါဘူး။ ဘာလို့လဲ နှင်းအခုထိ မင်းကို ဖုန်းမဆက်လို့လား။ မင်းတို့ချင်း ရန်ဖြစ်ထားလို့လား။”

“မဖြစ်ပါဘူး။ ဒါပေမဲ့ နှင်းနဲ့ အဆက်အသွယ်မရတာတော့ အမှန်ပဲ။”

“အေး အေး။ ဒါဆိုလည်း ခဏစောင့်။ ငါ နှင်းဆီ ဖုန်းဆက်ပေးမယ်။”

“အေး သားကြီး။ တစ်ခုခု ထူးရင် ငါ့ကို ပြန်ပြောပေး။”

ဉာဏ်လင်းကို အကူအညီတောင်းပြီးနောက် ဖုန်းပြန်ချလိုက်သည်။ နှင်း အလုပ်ရှုပ်နေမည်ဆိုလျှင်တောင် ဉာဏ်လင်းဆက်လျှင် စိတ်ဆိုးမည်မဟုတ်။ ထို့ကြောင့် သူ့ကိုယ်စား ဥာဏ်လင်းကို ဖုန်းဆက်ခိုင်းရသည်သာ။

“ဟဲလို။”

ခဏကြာတော့ ဉာဏ်လင်း ပြန်ဆက်ခြင်းဖြစ်၏။

“အေး အဆက်အသွယ်ရပြီလား။”

“ထူးတော့ ထူးဆန်းတယ်ဟေ့ကောင်။ ဖုန်းမကိုင်ဘူး။ မင်းလည်း ခေါ်ကြည့်ဦး။”

“အေး အေး။ ဒါဆို ငါအခုခေါ်ကြည့်ဦးမယ်။ မင်းလည်း ဆက်ပေးဦး။ ငါတို့ဖုန်းကို တစ်ယောက်မဟုတ် တစ်ယောက်တော့ကိုင်မှာပါ။”

“အိုကေ သားကြီး။ ဒါပဲနော်။”

သူတော့ နှစ်ယောက်သား ဖုန်းခေါ်ကြသည်။ ခဏကြာတော့ လူကြီးမင်းဆိုသော အမျိုးသမီး၏ အသံကြားရသည်။ ဖုန်း စက်ပိတ်သွားသည်။ သူ ဉာဏ်လင်းဆီကို ဖုန်းထပ်ဆက်လိုက်သည်။

“ဖုန်းပိတ်သွားပြီ။”

ဉာဏ်လင်းက သူ့ဖုန်းကိုကိုင်ကိုင်ချင်း ဦးအောင်ပြော၏။

“အေး ဟုတ်တယ်။ ငါတို့ဘာဆက်လုပ်ကြမလဲ။”

“ငါ မင်းအိမ်လာခဲ့မယ်။ ပြီးမှ ဆက်တိုင်ပင်တာပေါ့။”

“ခဏနေရင် မိုးချုပ်တော့မှာ မင်းအိမ်က ရပါ့မလား။”

“ရပါတယ်ကွ။ အေးဆေးပါ။ မိုးချုပ်ရင်လည်း မင်းအိမ်မှာပဲ အိပ်လိုက်မယ်။”

“ဒါဆို ကူညီပါဦးကွာ။”

“အေးပါ။ ငါ အခုထွက်လာပြီ။”

နောက် ၁ နာရီလောက်အကြာမှာ ဉာဏ်လင်း သူ့အိမ်ကို ရောက်လာသည်။

“မင်း ဖုန်းထပ်ဆက်သေးလား။”

“စက်ပိတ်ထားတယ်ပဲ ဖြေနေတယ်။”

“ခဏတော့စောင့်ကြည့်ဦးကွာ။ battery ကုန်သွားတာလည်း ဖြစ်နိုင်တယ်။”

“အရင်ခေတ်ကလို အိမ်ဖုန်းတွေရှိရင်လည်း ကောင်းသားကွာ။ အခုကျတော့ အိမ်ကိုလည်း ဖုန်းဆက်လို့မရ။”

“ငါတို့ လိုက်သွားမလား။”

သူ့အမေးကို ဉာဏ်လင်းက ချက်ချင်းမဖြေသေးဘဲ ရယ်၏။ ပြီးမှ

“ဟိုရောက်ရင် ဘယ်လိုဖြေမှာလဲ။ ဦး သမီးဖုန်းမကိုင်လို့ ကျွန်တော် စိတ်ပူပြီးလိုက်လာတာပါလို့ ဖြေမှာလား။”

ဉာဏ်လင်းပြောတာလည်း ဟုတ်နေသည်။ နှင်း အိမ်ကိုလိုက်သွားရအောင်လည်း သူတို့မှာ လုံလောက်သည့် အကြောင်းပြချက်မရှိ။

“ဒါဆို ဘာဆက်လုပ်ကြမလဲ၊ စဉ်းစားပေးပါဦးကွာ။”

“အေးပါ။ ငါ စဉ်းစားပါဦးမယ်။”

“ဟဲလို နှင်း… ဘာလုပ်နေလို့ ဖုန်းမကိုင်ဘဲ ဖုန်းပိတ်လိုက်ရတာလဲ။ ဒီမှာ ဘယ်လောက်စိတ်ပူနေလဲ သိရဲ့လား။”

နောက်ထပ် တစ်နာရီလောက်အကြာမှာ နှင်းဆီက ဖုန်းဝင်လာခြင်းဖြစ်သည်။

“သား… ဦးပါ။ နှင်းမဟုတ်ဘူး။”

နှင်း အဖေရဲ့ အသံကြားမှ သူ အားနာသွားရသည်။

“Sorry ပါ ဦး။ ကျွန်တော် တောင်းပန်ပါတယ်။”

“ရပါတယ်။ အဲ့ဒါထက် အရေးကြီးတာပြောရမှာမို့လို့ အခုဆက်လိုက်တာ။ မင်းတို့ သူငယ်ချင်းနှစ်ယောက် ရဲ့ call တွေလည်း တွေ့ရလို့။”

“ဟုတ်ကဲ့ ဦး။ ပြောပါခင်ဗျာ။”

“နှင်း အခုဆေးရုံတင်ထားရတယ်။”

“ဗျာ… ဘာဖြစ်လို့လဲ။”

“အဓမ္မကျင့်ခံရလို့…။”

“ဗျာ။”

နှင်း အဖေသည် ယောက်ျားရင့်မာဖြစ်လင့်ကစား အသံမှာတုန်ယင်နေသည်။ မငိုမိအောင် ကြိုးစားထိန်းနေရသည်ဟု ထင်ရသည်။ သူနှင့် ဉာဏ်လင်း နှင်းရှိရာဆေးရုံသို့ ချက်ချင်းလိုက်သွားကြသည်။

Moe (YUFL)

No Comments Yet

Leave a Reply

Your email address will not be published.