ချစ်ခြင်းသည်သာ (၁၃)

သူတို့ သုံးယောက်ကြားဝင်ရောက်လာသော ဝတ္ထုစာအုပ်လေးသည် သူတို့ရဲ့ ကံကြမ္မာကို ဘယ်လောက်တောင် ပြောင်းလဲနိုင်မှာတဲ့လဲ။

“တင်းတောင်”

အိမ်ရှေ့တံခါးမှာ တပ်ထားသော လူခေါ်ဘဲလ်ကို တစ်ခါနှိပ်လိုက်သည်။ ထို့နောက် ယဉ်ကျေးမှုအရ သူတို့ ခဏစောင့်လိုက်သည်။ အထဲမှ ဘာသံမှမကြားရတော့ နောက်တစ်ခါထပ်နှိပ်လိုက်သည်။

“တင်းတောင်”

ခဏကြာတော့ အထဲမှ လမ်းလျှောက်သံသဲ့သဲ့ကြားလိုက်ရသည်။ ထို့နောက်တံခါးဖွင့်သံ။

“မင်္ဂလာပါ ဦး။”

ပစ္စည်းအရောင်းကြော်ညာသလို သူ နှုတ်ဆက်လိုက်မိသည်။ နှင်းအဖေဟု ယူဆရသော ပုဂ္ဂိုလ်ကြီးမှ သူ့ကို ပြန်နှုတ်ဆက်သည်။

“အေး၊ ဘာကိစ္စတုန်း။ ပစ္စည်းဆိုရင်တော့ လာမရောင်းနဲ့ မဝယ်သေးဘူး။”

ထိုသို့ပြောမှ သူ စကားမှားသွားကြောင်း သတိထားမိသည်။ နှင်းတို့အိမ်ကို ထိုကဲ့သို့ အရောင်းဝန်ထမ်း ဘယ်နှစ်ယောက်လောက် လာပြီးပြီလဲမသိချေ။”

“ဒီလိုပါ…”ဦး”။ ကျွန်တော်တို့လာရင်းကိစ္စက ပစ္စည်းလာရောင်းတာ မဟုတ်ပါဘူးခင်ဗျ။ စောနက သူ စကား မှားသွားတဲ့အတွက် တောင်းပန်ပါတယ်။”

“ကဲ ဆို။ မင်းတို့က ဘာကိစ္စလာတာလဲ။”

“ကျွန်တော်တို့က နှင်းရတီပွင့်တို့ အတန်းထဲက အတန်းခေါင်းဆောင်ပါ။ အခုလာတာက ကျွန်တော်တို့ရဲ့ အတန်းဖော်သူငယ်ချင်း မျိုးကျော်ဆုံးသွားတဲ့ကိစ္စအတွက် နှင်းရတီပွင့်ဆီ လာခဲ့တာပါ အန်ကယ်။”

“အေးကွာ။ အစောကြီးတည်းက အဲ့ဒီလိုပြောပါလား။ ဘယ့်နှယ် မင်္ဂလာပါဆိုတော့ ငါက ပစ္စည်း လာရောင်းတယ်ပဲ ထင်တာပေါ့။ လာ လာ အိမ်ထဲဝင်ကြဦး။ သမီးကို ခေါ်ပေးမယ်။”

အခုမှပဲ သူ့ရင်ထဲက အလုံးကြီးကျသွားတော့သည်။ စကားစမှားပြီး အကြံအစည်မအောင်တော့ဟု ထင်မိသည်မှာ နည်းနည်းစောသွားသည်။ ဉာဏ်လင်းစကားပြောကောင်းမှုကြောင့် အခုတော့ သူတို့ နှင်းအိမ်ထဲ ရောက်ခဲ့လေပြီ။ ဒီနေရာမှာတော့ ဉာဏ်လင်းကို ကျေးဇူးတင်ရမည်။ မိန်းကလေးတွေနဲ့သာ စကားမပြောရဲလျှင် မပြောရဲမည်။ တခြားလူများနဲ့ဆိုလျှင်တော့ အင်မတန်မှ စကားပြောကောင်းသော လူတစ်ယောက်ပင်ဖြစ်သည်။

သူတို့ အိမ်ထဲရောက်တော့ နှင်း အဖေမှ သူတို့ကို ထိုင်ဖို့ နေရာပြသည်။ သူတို့လည်း အလိုက်သင့်ပင် ဝင်ထိုင်လိုက်သည်။

“ခဏစောင့်ဦးနော်။ သမီးကို ဦးသွားခေါ်ပေးမယ်။ မင်းတို့ သူငယ်ချင်းက အခုချိန်လောက်မှ အိပ်ရာထတာ။”

“ဖြစ်တတ်ပါတယ် ဦး။ ဒီဘက်ခေတ် ကာလသမီးတွေက ဒီလိုပါပဲ။ ညဆို ညဥ့်နက်တဲ့ထိ နေကြတယ်။ မနက်ဆို တော်ရုံနဲ့မထတော့ဘူး။ ကျွန်တော့်အိမ်က ညီမလည်း ဒီတိုင်းပါပဲ။ တော်တော်ပြောနေရတယ်။”

“ဟားဟားဟား မင်းပြောတာ ဟုတ်တယ်။ အိမ်က သမီးလည်း အဲ့ဒီအတိုင်းပဲ။”

သူတို့နှစ်ယောက်ကို ဧည့်ခန်းထဲ၌ခဏထားခဲ့ကာ နှင်း အိပ်ခန်းဟု ယူဆရသော အခန်းထဲသို့ ဝင်သွား၏။ ထိုပုဂ္ဂိုလ်အခန်းထဲဝင်သွားမှ သူ့ခမျာ ဉာဏ်လင်းကို မေးချင်တာ မေးရတော့၏။

“ဟေ့ကောင် မင်းမှာ ဘယ်တုန်းက ညီမရှိသွားတာလဲ။”

“ဟဲဟဲ။ ဒါကတော့ ဒီလိုပဲ။ ရောသောဖောတောလုပ်ရင်း water follow fish follow လုပ်ရတာပေါ့။ အဖိုးကြီး သဘောကျသွားအောင်။”

ဉာဏ်လင်းစကားဆုံးတော့ သူတို့နှစ်ယောက် အသံတိတ်ရယ်မိကြသည်။ တတ်လည်း တတ်နိုင်သော ဉာဏ်လင်းပင်။

“ဟယ်… နင်တို့ နှစ်ယောက်…။”

နှင်းထွက်လာတော့ သူတို့ကိုတွေ့ကာ တအံ့တသြဖြစ်သွားသည်။

“အေး ဟုတ်တယ်။ ငါတို့ ဒီပဲ အရင်လာလိုက်တာ။”

“ဘယ်လိုက ဘယ်လိုဖြစ်လို့။”

“အတန်းထဲက မျိုးကျော်ဆုံးတဲ့ကိစ္စလာပြောရင်း သူ့အတွက် ကူငွေလေးလာကောက်တာ။”

“သြော်… အဲ့ဒါနဲ့ပဲအဖေ့ကို နှင်းတို့အတန်းခေါင်းဆောင်ဆိုပြီး လိမ်ပြောတယ်ပေါ့။”

နှင်း အသံမှာကျယ်သွားသောကြောင့် သူတို့နှစ်ယောက်လန့်သွားရသည်။

“တိုးတိုးပြောပါ။ ဦးလေးကြားသွားဦးမယ်။”

“ဘာ အခုမှ တိုးတိုးပြောပါလဲ။ အဖေက အကုန်သိပြီးသား။”

“ဘယ်လို…။”

Related aritcle >>> ချစ်ခြင်းသည်သာ (၃)

“ဟုတ်တယ်။ အဖေ့ကို အခန်းထဲက လူတွေအကြောင်း ဘယ်သူက ဘယ်လိုပုံရှိတဲ့အကြောင်း ပြောလည်းပြောထားတယ်။ ဓာတ်ပုံတွေလည်း ပြထားတယ်။ အဲ့ဒါကြောင့် အဖေက မိုးအောင်တို့ လိမ်တာအကုန် သိတယ်။”

“ဒီကိစ္စ ကျွန်တော်ရှင်းပြပါရစေ နှင်း။ ဒါကျွန်တော့်အကြံမဟုတ်ပါဘူး။ ဒီကောင် ဉာဏ်လင်းအကြံပါ။”

“ဟေ့ကောင် ပြဿနာဖြစ်တော့မယ်ဆိုကာမှ ငါ့ဘက်မလှည့်လာနဲ့လေ။ မင်း တွေ့ချင်တယ်ဆိုလို့လည်း ငါက အကြံပေးရသေးတယ်။”

“ဘာပဲပြောပြော နှစ်ယောက်လုံးတစ်ကြိတ်တည်း တစ်ကြံတည်းတွေကြီးပဲ။ အိမ်လာတာများ အမှန်တိုင်း ပြောလာလည်း ရတာကို။”

“ကဲ ကဲ သားတို့ ကော်ဖီသောက်လိုက်ကြဦး။”

သူတို့ စကားပြောနေတုန်း ကော်ဖီခွက်များကိုင်ကာ နှင်းအဖေရောက်လာခြင်းဖြစ်သည်။ ရောက်ရောက်ချင်းပင် သူက အရင်ဆုံး တောင်းပန်လိုက်သည်။

“ကျွန်တော်တို့ ဒီလိုလိမ်ဖို့ မရည်ရွယ်ပါဘူးခင်ဗျာ။ ဒါပေမဲ့ အခုလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် ဦး။”

“ဟုတ်ပါတယ်။ ကျွန်တော့်ကိုလည်း ခွင့်လွှတ်ပေးပါ။”

ထိုသို့ တောင်းပန်မှ နှင်းအဖေက အားပါးတရကို ရယ်တော့သည်။

“မင်းတို့က ဟိုးအရင်ခေတ်က နည်းတွေလာသုံးတာကိုးကွ။ ရပါတယ် ကိစ္စမရှိပါဘူး။ သမီးမွေးထားတဲ့ အဖေတစ်ယောက်အနေနဲ့ နားလည်ပါတယ်ကွာ။ ဦးတို့လည်း ၂၀ ရာစုမှာ နေနေတာမှမဟုတ်ဘဲ။ သူငယ်ချင်းတွေ အေးဆေးစကားပြောကြဦး။ သမီး အပြင်သွားမယ်ဆို အဖေ့အိတ်ထဲက ပိုက်ဆံယူသွား။”

“ဟုတ် အဖေ။”

သူတို့ စကားပြောပြီးတော့ မျိုးကျော်ဆိုသော သူငယ်ချင်း၏နာရေးအိမ်သို့သွားကာ ကူငွေထည့်ရင်း သတင်းသွားမေးဖြစ်ခဲ့သည်။

ချစ်ခြင်းသည်သာ အပိုင်းဆက်များကို For Her Myanmar Webiste ရှိ Her Secret Content တွင် ဖတ်ရှုနိုင်သည်။ 

—————————                                         ———————————-

သူတို့ကျောင်းတွေ ပြန်ဖွင့်ပြီဖြစ်သည်။ ကျောင်းဖွင့်ချိန်ရောက်တော့ သုံးယောက်သား အရင်လို ကျောင်းမှာပင် နေ့တိုင်းဆုံဖြစ်သည်။ ထိုနေ့ကတော့ ဉာဏ်လင်းမှ ဝတ္ထုစာအုပ်တစ်အုပ်ကို ယူလာပေးသည်။ သူကိုယ်တိုင် ဖတ်ပြီးပေမဲ့ သူနှင့်နှင်းကို ဖတ်စေချင်သောကြောင့်ဟု ဆိုကာယူလာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ အတန်းမတက်ဖြစ်တော့ဘဲ ရန်ကုန်တက္ကသိုလ်ဘက်သို့ ထွက်ခဲ့ကြသည်။

“မင်းတို့ ဖတ်ပြီးသွားရင် ငါတို့ သုံးယောက် ဆွေးနွေးစရာကိစ္စလေးတွေရှိလာမယ်ထင်တယ်။”

“ဒီဝတ္ထုက ဒီလောက်တောင်ပဲလား။”

“ဟုတ်တယ် နှင်းတို့ထင်ထားတာထက်ကို ပိုကောင်းမယ်လို့ ကျွန်တော် အာမခံတယ်။”

“ဒါဆိုလည်း အတူဖတ်ကြည့်ကြတာပေါ့။”

“နှင်းကို ဖတ်ပြ။ စာဖတ်ချင်စိတ် လောလောဆယ်ပျောက်နေလို့။”

နှင်းက သူ့ကို စာဖတ်ပြခိုင်း၏။ ဒီတော့ သူလည်း နှင်းစကားအတိုင်းပင် စာမျက်နှာ ၁ မှ စဖတ်ပြ၏။ ဉာဏ်လင်းကတော့ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေ၏။ ဂိမ်းဆော့နေတာပင်ဖြစ်မည်။ စာအုပ်ကို ဖတ်ပြလိုက်၊ နှင်းက မရှင်းသည့်နေရာရောက်လျှင် ထမေးလိုက်ဖြင့် စာအုပ်က တော်တော်နဲ့ ခရီးမရောက်။ သို့သော်လည်း သူ့အတွက် ပင်ပန်းသည်ဟု မထင်မိ။ ပျော်တောင်ပျော်သေးသည်။

“ဗိုက်ဆာတယ်။”

စာကို နားထောင်နေရင်းမှ နှင်းက ပြောခြင်းဖြစ်သည်။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ၁ နာရီထိုးပြီ ဖြစ်သည်။

“ဟုတ်တယ် မိုးအောင်၊ နှင်းပြောတာကို ထောက်ခံတယ်။ ငါလည်း ဗိုက်ဆာနေပြီ။”

“အေးလေ အချိန်လည်းနှောင်းနေပြီဆိုတော့ တစ်ခုခုအရင်သွားစားကြတာပေါ့။ နှင်း ဘာစားချင်လဲ။”

“နှင်းက အဲ့လောက်မဟုတ်ပါဘူး။ မိုးအောင်ရော ဘာစားမလဲ။”

“ကျွန်တော်လည်း ကိစ္စမရှိပါဘူး။”

သူနှင့်နှင်း ချစ်သူတွေဖြစ်သွားကြပြီဆိုပေမဲ့ အခေါ်အဝေါ်များတော့ ခုထိ မပြောင်းလဲသေး။ ပြောင်းလဲဖို့ ကြိုးစားကြည့်ပေမဲ့ နှုတ်မရဲသောကြောင့် ဒီတိုင်းသာ ဆက်ခေါ်နေမိသည်။

“ကဲ မင်းတို့ကိစ္စမရှိဘူးဆို ကိစ္စရှိတဲ့ ငါပဲပြောတော့မယ်။”

နှစ်ယောက်ကိုကြည့်ရင်း စိတ်မရှည်တော့ဟန်ဖြစ်နေသော ဉာဏ်လင်းက ဝင်ပြောသည်။

“ဒါဆို မင်းက ဘာစားချင်လို့လဲ။”

Related article >>> ချစ်ခြင်းသည်သာ (၄)

“ကြေးအိုးဆီချက်သွားစားမယ်။”

“ဒီထဲမှာ ကြေးအိုးဆီချက်ကောင်းတဲ့ဆိုင်မှ မရှိတာ။”

“ဒီထဲမှာ မရှိရင်အပြင်ထွက်စားမှာပေါ့ကွ။ ပြီးမှ ပြန်ဝင်လည်းရတာကို။”

“အေးပါ ဟုတ်ပါပြီ မင်းသဘော မင်းသဘော။”

“နှင်းလည်း စားလို့ဖြစ်တယ်မလား။”

“ဖြစ်ပါတယ်။ နှင်းက စားလို့ရတာအကုန်စားတယ်။”

“ယုံပါတယ် ယုံပါတယ်။”

ဉာဏ်လင်းက ထိုသို့ပြောတော့ ဘာရယ်မဟုတ် သူတို့တွေ ပေါ့ပေါ့ပါးပါး ရယ်ဖြစ်ခဲ့ကြသည်။ မကြာတော့မည့်အချိန်အတွင်း သူတို့သုံးယောက်ကြား ကံကြမ္မာဆိုးဝင်တော့မည်ဆိုတာကို ထိုအချိန်က သူတို့ သုံးယောက်လုံး သတိမထားမိခဲ့ကြ။ တကယ်လို့သာ ကြိုသိခဲ့မယ်ဆို ထိုကဲ့သို့မဖြစ်အောင် သူတို့ ကြိုးစား တားမိမည်ဖြစ်သည်။

“အခု ဖတ်ပြီးသလောက် ဒီဝတ္ထုအပေါ် မင်းတို့ဘယ်လိုသဘောရလဲ။”

ဆိုင်ရောက်တော့ မဆိုင်းမတွပင် ဉာဏ်လင်းက မေးခွန်းထုတ်သည်။

“လောလောဆယ်အထိတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်ပြီး မင်းပေးတဲ့ ဝတ္ထုထဲမှာ တွေးစရာတွေ အများကြီးပဲ။”

“ဟုတ်တယ်။ တစ်အုပ်လုံးဖတ်ပြီးသွားတာတောင် ငါ့မှာခုထိ တွေးလို့မဆုံးသေးဘူး။ နှင်းကရော ဘယ်လို သဘောရလဲ။”

ဉာဏ်လင်းက သူ့ကိုပြောရင်း နှင်းကိုပါ မေးခွန်းဆက်သည်။

“နှင်းကတော့ သိပ်သဘောမကျဘူး။ ဒါပေမဲ့…။ သူ ရေးထားသလိုမျိုး နောက်ထပ်ကမ္ဘာတစ်ခု နှင်းတို့ဆီမှာ ရှိရင်ကောင်းမယ်လို့ တွေးမိတယ်။”

“ဘာဖြစ်လို့။”

“ဒီဘက်ကမ္ဘာမှာ နေရတာ အရမ်းမွန်းကြပ်တဲ့အခါ ဟိုဘက်ကမ္ဘာကို ခဏလေးသွားနေချင်လို့။ ပြီးမှ ဒီဘက်ကို ပြန်ာလာမယ်။ အဲ့ဒါဆို ဘယ်လောက်ကောင်းမလဲ။”

“ဟုတ်တယ် ဉာဏ်လင်း။ နှင်းပြောတာကို ငါလည်းထောက်ခံတယ်။ အဲ့ဒီဝတ္ထုထဲကလို နောက်ထပ်ကမ္ဘာ တစ်ခုတကယ်ရှိရင် ကောင်းမယ်လို့ ငါလည်း တွေးမိတယ်။ တစ်ခါတလေ ငါတို့လောကကြီးမှာ အသက်ရှင်ရတဲ့ အရမ်းပင်ပန်းလာတဲ့ အချိန်မျိုးမှာဆိုရင်ပေါ့။”

“ဟုတ်တယ် နှင်းတို့တွေးသလို ကျွန်တော်လည်းတွေးမိတယ်။ ဒါပေမဲ့ အဲ့ဒီလို လောကတကယ်ရှိ/မရှိက မသေချာဘူး။ တကယ်ရှိတယ်ပဲထားဦး အဲ့ဒီကို ဘယ်လိုသွားမလဲ။ ဒီကိစ္စက တံခါးဖွင့်ပြီး အိမ်ပြင်ထွက်လို့ ရသလိုမျိုးမဟုတ်ဘူး။ ဘာမြူဒါလိုနေရာမျိုးကို သင်္ဘောတွေ လေယာဉ်တွေနဲ့သွားရင်ရော ရောက်နိုင်ပါ့မလား။”

“ငါတို့ ကမ္ဘာနဲ့အပြိုင်ဖြစ်တည်နေတဲ့ ကမ္ဘာတစ်ခု လောကတစ်ခု တကယ်ရှိတယ်ဆိုရင် အဲ့ဒီလောကကို ဝင်ဖို့ ဝင်ပေါက် ငါတို့လိုက်ရှာကြမလား။ ငါတို့လို ဒီလောကကြီးမှာ မနေချင်တော့တဲ့ လူတွေအတွက်ပေါ့။”

“မိုးအောင် ပြောတာ လိုက်လုပ်ရင်တော့ ရနိုင်တယ်။ ဒါပေမဲ့ လူတွေကြားထဲမှာတော့ နှင်းတို့ဟာ အရူးအပေါတွေဖြစ်နေလိမ့်မယ်။ အဓိပ္ပါယ်မရှိတဲ့အလုပ်ကို လိုက်လုပ်နေတယ်လို့ သတ်မှတ်ခံရနိုတယ်။”

“လူ့အသိုင်းအဝိုင်းမှာတော့ ဒါတွေက မထူးဆန်းတော့ပါဘူ။ လူတွေဆိုတာ တစ်ဖက်သားကို တိုက်ခိုက်ဖို့အရာမှာ အင်မတန်ကျွမ်းကျင်ကြတာလေ။”

“ကဲပါ လောလောဆယ် စားစရာတွေ အရင်စားလိုက်ဦး။ ပြီးရင် စာအုပ်ကို အဆုံးထိဖတ်။ ပြီးတော့မှ ငါတို့ဆက်ပြောကြတာပေါ့။”

သူတို့ သုံးယောက်ကြားဝင်ရောက်လာသော ဝတ္ထုစာအုပ်လေးသည် သူတို့ရဲ့ ကံကြမ္မာကို ဘယ်လောက်တောင် ပြောင်းလဲနိုင်မှာတဲ့လဲ။

Moe (YUFL)

No Comments Yet

Leave a Reply

Your email address will not be published.