ချစ်ခြင်းသည်သာ (၁၇)

တချို့တွေက နှင်းကို နှာခေါင်းရှုံ့နေကြတယ်။ တချို့တွေက အကြောင်းပြချက်မဲ့စွာနဲ့ နှင်းကို ဆဲဆိုနေကြတယ်။

ဆေးရုံရောက်တော့ နှင်း အခုထိ သတိပြန်မရသေး။ သူတို့ နှင်းအနားမှာပဲနေကာ နှင်းကို စောင့်ကြည့်နေသည်။ ဖြစ်ကြောင်းကုန်စင်ကို နှင်းအဖေမှ သူတို့ကို ပြောပြနေ၏။ နှင်းအမေကတော့ တောက်လျှောက် ငိုနေသည်။

“သမီးကို လမ်းထိပ်က ရေမြောင်းထဲမှာ တွေ့ရတာ။ သမီးခန္ဓာကိုယ်မှာ အဝတ်အစားရယ်လို့ လုံးဝမရှိတော့ဘူး၊ တွေ့တဲ့လူကလည်း သမီး အမြဲတမ်းစားနေကျ အသုပ်ဆိုင်က အသုပ်သည်ကြီး ဖြစ်နေတော့ သမီးကို မှတ်မိပြီး ဦးတို့ဆီ အကြောင်းကြားလို့ ဦးတို့လည်းသိရတာ။ လောလောဆယ်တော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။”

နှင်း အဖေပြောသမျှက ဒါပင်ဖြစ်သည်။ ထို့နောက် ဘာမှဆက်မပြောတော့။ သူတို့လည်း နှင်းကိုသာ အကြောင်းမဲ့ ငေးကြည့်နေမိသည်။ ဝေဒနာကို ဘယ်လောက်တောင် ခံစားခဲ့ရနေမလဲ။ ခန္ဓာကိုယ်မှာ အသက်ကပ်ပါလာသည်ကိုပင် ကြံဖန်ပြီး ကျေးဇူးတင်ရမည်သာ။

နောက်ရက်တွေမှာတော့ နှင်းသတိရလာ၏။ သို့သော် ဆေးရုံကတော့ဆင်းခွင့်မရသေး။ ထိုအချိန်များတွင် နှင်းနှင့် သူတို့ တွေ့ခွင့်မရခဲ့။ နှင်းမှ ဘယ်သူ့ကိုမှ အလာမခံဟုသိရသည်။ ထို့ကြောင့် နှင်း အဖေနှင့်သာ အဆက်အသွယ်လုပ်ပြီး နေရသည်။ စိတ်ပူပေမဲ့လည်း ဘာမှမတတ်နိုင်ချေ။

Related article >>> ချစ်ခြင်းသည်သာ (၁၆)

တစ်ပတ်အကြာမှာ နှင်း ဆေးရုံဆင်း၏။ အိမ်မှာပဲ နားနေပြီး ကျောင်းတော့မတက်သေး။ သူတို့ နှင်းရှိရာ နှင်း အိမ်သို့လိုက်သွားကြသည်။ ဟိုရောက်တော့ နှင်းကို ဧည့်ခန်းမှာထိုင်ရင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ကို ငေးနေသည်ကို တွေ့ရသည်။

“နှင်း…”

သူ့ခေါ်သံကိုကြားတော့ နှင်း ငေးကြည့်နေရာမှ သူတို့ကို လှည့်ကြည့်သည်။

“နေကောင်းသွားပြီလား။”

ဉာဏ်လင်းက မေးလိုက်သည်။ ထို့နောက် လက်ထဲမှာပါလာတဲ့ ပန်းစည်းလေးကို ပေးလိုက်သည်။ နှင်း ကြိုက်တတ်သော နှင်းဆီပန်းများ…။ ဉာဏ်လင်းပေးတဲ့ ပန်းစည်းကို ယူရင်း ဉာဏ်လင်းအမေးကို ခေါင်းညိတ်ခြင်းဖြင့် ဖြေလိုက်၏။

အတတ်နိုင်ဆုံး အားတင်းပြီး နှင်းကို ပြုံးပြလိုက်သည်။ ထို့နောက် နှင်းလက်ကို အရဲစွန့်ပြီး ဆုပ်ကိုင်လိုက်သည်။

“မင်းတို့ချင်း အေးဆေးစကားပြောကြဦးကွာ။ ဦး အထဲခဏဝင်လိုက်ဦးမယ်။”

နှင်းအဖေက သူ့အမျိုးသမီး နှင်းအမေကိုပါ ခေါ်ပြီး သူတို့ကို ရှောင်ပေးသွားသည်။

“နှင်းကို စိတ်ပျက်သွားပြီလား။”

“ဟင့်အင်း။ ဘာဆိုင်လို့လဲ နှင်းရယ်။ အဲ့ဒီနေ့က ကျွန်တော်လိုက်မပို့ပေးခဲ့လို့ နှင်း အခုလိုဖြစ်ရတာ။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ပျက်မိပါတယ်။”

“အခုချိန်မှာ နှင်းက အပျိုမဟုတ်တော့ဘူးလေ။”

“ကျွန်တော်ချစ်တာ နှင်းရဲ့ဖြစ်တည်မှုတစ်ခုတည်းပဲလေ။ နှင်း အပျိုဖြစ်ခြင်း မဖြစ်ခြင်းကို ချစ်တာမှ မဟုတ်တာ။”

“ဘယ်နေ့ ကျောင်းပြန်တက်မှာလဲ နှင်း။”

ဉာဏ်လင်းက သီးခြားမေးခွန်းတစ်ခုကို မေးခြင်းဖြင့် အခြေအနေကို ပြောင်းလဲစေခဲ့သည်။

“လောလောဆယ်တော့ ဒီစာသင်နှစ်တစ်နှစ်ကို နားလိုက်ဖို့ စဉ်းစားထားတယ်။ ဒီပတ်ဝန်းကျင်မှာ ပြန်ပြီး အရောတဝင်နေနိုင်ဖို့ ကြိုးစားရဦးမယ်။”

“အင်း။ လိုတာရှိရင်လည်း ပြောနော်။ ကျွန်တော်တို့ ကူညီပါ့မယ်။ စိတ်ဓာတ်မကျပါနဲ့။ ကမ္ဘာမှာ လိင်အကြမ်းဖက်ခံရမှုတွေ၊ အဓ္ဓမမှုတွေကြားက ရုန်းထွက်ပြီး အောင်မြင်သွားခဲ့တဲ့ အမျိုးသမီးတွေအများကြီးပါ။

Related article >>> ချစ်ခြင်းသည်သာ (၁၅)

ဉာဏ်လင်းပြောတာကို နှင်းက ဘာမှဆက်မပြော။ ခေါင်းညိမ့်ခြင်း ခေါင်းခါခြင်းလည်း မလုပ်ခဲ့ချေ။

“ဉာဏ်လင်း အရင်တုန်းက နှင်းတို့ကို ပေးဖတ်ဖူးတဲ့ ဝတ္ထုကို သတိရသေးလား။”

“ဘယ်ဟာလဲ။ သီးခြားကမ္ဘာလောကတစ်ခုရှိတယ်ဆိုတဲ့ ဝတ္ထုလား။”

“ဟုတ်တယ်။ အဲ့ဒီလောက တကယ်ရှိရင်ကောင်းမယ်။ နှင်းကိုမသိတဲ့ နှင်းကလည်း မသိတဲ့ ပတ်ဝန်းကျင် အသစ်တစ်ခုမှာ နှင်းရှင်သန်ချင်တယ်။”

“အခု ပတ်ဝန်းကျင်ကရော ဘာဖြစ်နေလို့လဲ နှင်း။”

“တချို့တွေက နှင်းကို နှာခေါင်းရှုံ့နေကြတယ်။ တချို့တွေက အကြောင်းပြချက်မဲ့စွာနဲ့ နှင်းကို ဆဲဆိုနေကြတယ်။ တကယ် အကြမ်းဖက်ခံခဲ့ရတာ နှင်းပါ။ ဒါပေမဲ့ နှင်း ဝတ်ထားတဲ့ အဝတ်အစားကပဲ အကြမ်းဖက်သမားတွေ မျက်စိကျစရာဖြစ်လောက်အောင် ဝတ်စားထားသလိုလို။ နှင်းကပဲ အကြမ်းဖက်သမား တွေကို အရင်ဆုံး လက်ယပ်ခေါ်နေသလိုလို။”

နှင်း ပြောသည်များမှာ အမှန်ပင်။ Facebook ပေါ်၌ မိန်းကလေးချင်းပင် မစာနာသော နှင်းကို အပြစ်တင်ရှုံ့ချသူများ ရှိနေသည်။ နှင်း သတင်းသည် Facebook ပေါ်၌ လတ်တလော ဟိုးလေးတကြော်ကြော် ဖြစ်လာသော သတင်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့ကြီးမှာ အမျိုးသမီးများဘဝ မလုံခြုံတော့သည်ကို မီးမောင်းထိုးပြနေခဲ့သည်။

Related article >>> ချစ်ခြင်းသည်သာ (၁၄)

အတိတ်ကို တွေးနေရာမှ သူ့စိတ်သည် telephone alarm သံကြောင့်ပစ္စုပ္ပန်သို့ ပြန်ရောက်ခဲ့သည်။ မနက်ခင်းတိုင်း ထနေကျ ၆:၃၀ ကို ရောက်ရှိပြီဖြစ်ကြောင်း alarm သံကြောင့် သိရသည်။ ချက်ချင်းပင် ဖုန်းကောက်ကိုင်ကာ ဉာဏ်လင်းဆီ ဖုန်းခေါ်လိုက်သည်။

“ဟဲလို။”

အိပ်ချင်မူးတူးအသံဖြင့် သူ့ဖုန်းကို ဉာဏ်လင်းက လက်ခံဖြေဆို၏။

“အေး ငါပါ။ မအိပ်နဲ့တော့ ထဦး။”

“စောစောစီးစီး ဘာကိစ္စလဲကွာ။”

“ညက နှင်းကို အိပ်မက်မက်လို့။”

“အေး… ဘာအကြောင်းလဲ ဆက်ပြော။”

သူ အိပ်မက်အကြောင်း အကုန်ပြောပြလိုက်သည်။ အဆောက်အအုံအသစ်တွေ လမ်းအသစ်တွေ၊ လူမတွေ့ခဲ့ရတဲ့ မြို့နှင့် တံတားပေါ်မှ ခုန်ချနေတဲ့ နှင်း။ သူ တားပေမဲ့ တားလို့မရတဲ့အကြောင်းတွေ။

“အဲ့ဒါဆို နှင်းက နောက်ကမ္ဘာတစ်ခုကို ရောက်သွားပြီပေါ့။”

ဉာဏ်လင်းက သူ့စကားအဆုံးမှာ မဆိုင်းမတွပြောလိုက်သည်။ ဒီအတိုင်းသာဆို နှင်းတစ်ယောက် ဟိုဘက်လောကမှာ သူလိုချင်တဲ့ အေးချမ်းမှုကို ရှာတွေ့သွားပြီလား။ သူ့ကိုယ်သူ အဆုံးစီရင်ခြင်းဖြင့် ရောက်ရှိသွားတယ်ဆို နှင်းရဲ့ ပေးဆပ်ခြင်းက ထိုက်တန်တယ်လို့ပဲ ပြောရမည်။ ဒါပေမဲ့ နှင်းရယ်….

ဇာတ်သိမ်းပိုင်း…မျှော်

Moe (YUFL)

No Comments Yet

Leave a Reply

Your email address will not be published.