တန်အောင် အသက်ရှင်ဖို့

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖူးပါသလား။ ကိုယ်ဟာ အသက်ရှူနေတာလား? ဒါမှမဟုတ် အသက်ရှင်နေတာလား? ဆိုတာ…..

ဆက်မဖတ်ခင် အသက်ကို ပြင်းပြင်းရှူသွင်းပါ။ ပြီးတော့ ပြင်းပြင်းရှူထုတ်ပါ။

ဒီဖြစ်စဉ်ကို အက်မင်မပြောသေးသရွေ့ သတိမထားမိဘူးမလား။ စက္ကန့်တိုင်းမှာတော့ ရှူသွင်းရှူထုတ်နေတာပါပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က သတိမပေးမချင်း ကိုယ်ကိုယ်တိုင်ဒါကို လုပ်နေတယ်ဆိုတာ လုံးလုံးမေ့နေတတ်ပါတယ်။ ဒီနေရာမှာ အသက်ရှူတဲ့ ဖြစ်စဉ်တင်မကဘဲ အသက်ရှင်တဲ့ ဖြစ်စဉ်ပါပါတယ်။ ကဲ … အပြည့်အဝ အသက်ရှင်နေရဲ့လား။

နောက်တစ်ခါ အသက်ရှူသွင်းပါ။ ပြီးတော့ ရှူထုတ်ပါ။

ဒါပေါ့ ဒီလိုပဲဖြစ်ရမယ်လေ။ ဒါပေမဲ့ မဖြစ်နေဘူး။ တစ်ခါတလေမှာ အသက်တော့ ရှူသွင်းလိုက်ပါရဲ့။ ပြန်ရှူထုတ်ဖို့ မေ့နေတတ်ကြတယ်။ အဲ့အစား အသက်အောင့်ထားတယ်။ လောကကြီးကို ပခုံးပေါ်ထမ်း၊ နှလုံးသားမှာ ခဲတွေဆွဲပြီး ကိုယ့်ကိုယ်ကိုယ် အသက်ရှူမဝအောင် နှိပ်စက်ကြတယ်။ ကိုယ်ဆွဲထားတဲ့ ခဲတွေကိုရော ကိုယ်တိုင်သတိထားမိရဲ့လား။ ငွေရေးကြေးရေး၊ အလုပ်ကိစ္စ၊ အချစ်ရေးပြဿနာ၊ ဝမ်းနည်းမှုတွေ၊ ရပ်တန့်လို့မရတဲ့အတွေးတွေက ကိုယ်အသက်ရှူထုတ်ဖို့ခက်အောင်ကို လေးပင်နေတာလေ။ နောက်ထပ်အလေးဆုံး ခဲကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် မကျေနပ်မှုတွေပေါ့။ အသားလေးဖြူရင် ကောင်းမယ်၊ ပိုက်ဆံလေးရှိရင် ကောင်းမယ် စသဖြင့် မူလကိုယ်ဆိုတဲ့ ဖြစ်တည်မှုကို မကျေနပ်နိုင်ခြင်းတွေ။

အသက်ရှူသွင်းပါ။ ပြန်ရှူထုတ်ပါ။

ဒါက မွေးကတည်းက တတ်လာတဲ့အလေ့အကျင့်၊ ဘယ်သူမှ သင်ပေးစရာမလိုတဲ့ အတတ်။ ဒီလိုပါပဲ ကိုယ့်ရဲ့ ဖြစ်တည်မှုဆိုတာဟာလည်း….။ နင်ဟာဘယ်သူဖြစ်သင့်တယ်ဆိုပြီး သတိပေးနေစရာမလိုတဲ့ ဖြစ်စဉ်ပါ။ ကိုယ်ဟာ ကိုယ်ပဲဖြစ်ပါတယ်။ အရှိကိုအရှိအတိုင်းပါပဲ။ လုပ်ယူစရာမလိုတဲ့ ပြီးပြည့်စုံပြီးသား ဖြစ်တည်မှုတစ်ခုပါ။ ကိုယ့်ရဲ့ ခံယူချက်၊ ရပ်တည်ချက်၊ အလေ့အထတွေကို ကွယ်ဝှက်စရာ၊ မရှိတာကို အရှိလုပ်စရာမလိုပါဘူး။ လုပ်မိရင်တော့ တစ်စုံတစ်ခုက ကိုယ့်အပေါ်ပိနေသလိုဖြစ်ပြီး တစ်နည်းပြောရရင် မလုံမလဲဖြစ်ပြီး အသက်ရှူရခက်နေမှာပါပဲ။

Related article >>> စိတ်ဓာတ်ကျလာတဲ့အခါ

ထပ်ပြီး ခပ်ပြင်းပြင်း ရှူသွင်းပါဦး။ ပြီးတော့ ရှူထုတ်ပါ။

နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ ဘာအရင်ဆုံးလုပ်ဖြစ်ကြသလဲ။ ဟုတ်ကဲ့ အက်မင်တို့ မျက်နှာဖုံးအရင်စွပ်ကြပါတယ်။ ခံစားရသမျှ၊ ဝမ်းနည်းခြင်းမှန်သမျှ၊ စိတ်အလိုမကျခြင်းမှန်သမျှကို မျက်နှာဖုံးအောက်ထိုးထည့်၊ ပြောပြလို့မဖြစ်တဲ့ လျှို့ဝှက်ချက်တွေကို မျက်နှာဖုံးနဲ့ကွယ်ဝှက်။ အလုပ်ထွက်ထားတာကို အိမ်ကလူတွေမသိစေချင်လို့ အလုပ်သွားချိန်အတိုင်းထပြီး ပြင်ဆင်နေတဲ့သူလည်း ရှိကောင်းရှိမယ်။ မြန်မာသီချင်းတွေပဲ နားထောင်ဖြစ်ပေမဲ့ ဟန်ကိုယ့်ဖို့ဆိုသလို တေလာဆွစ်ဖ်ကို ကြိုက်တယ်လို့လည်း ပြောဖြစ်ကောင်းပြောဖြစ်မယ်။ လိင်တူချစ်သူဖြစ်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကိုကြောက်လို့ သရုပ်မှန်ကိုမပြရဲတဲ့သူလည်း ရှိနိုင်တာပဲ။ အားနည်းပေမဲ့ မာကျောချင်ဟန်ဆောင်ထားတဲ့သူတွေလည်း ရှိမှာပဲ။ ပြောရမယ်ဆိုရင်တော့ တစ်ထောင့်တစ်ညပုံပြင်လို ဆုံးမှာတောင်မဟုတ်ဘူး။

အသက်ရှူသွင်းပါ။ ထပ်ရှူထုတ်ပါ။

အပြောတော့ လွယ်ပေမယ့် တစ်ခါတလေ လုပ်ဖို့ခက်နေပြန်ရော။ အချို့အခြေအနေတွေမှာ ဒီဝိတ်အလေးကြီးကိုသယ်ပြီး အသက်ရှူကျပ်ခံလိုက်တာက ပိုလွယ်နေတတ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ဒီလျှို့ဝှက်ချက်တွေကို ဘယ်သူမှမသိရင် ဘာမှလည်း မပြောင်းလဲသွားတော့ဘူးလေ။ နှိမ်ခံရတာတွေ၊ အထင်သေးခံရတာတွေလည်း ဖြစ်လာမှာမဟုတ်တော့ဘူး။

ဒါပေမဲ့…. ဒီဝိတ်ကြီးကို သယ်ထားဖို့တကယ်ရော လွယ်သလား။ တကယ်ရောလိုသလား။ ကွယ်ဝှက်ထားရတာ မပင်ပန်းဘူးလား။ ကိုယ့်ရဲ့ဖြစ်တည်မှုအစစ်အမှန်က ပိုပြီးတော့ မသေးငယ်သွားဘူးလား။ တော်ပြီလေ။ ဒီလောက်ခံစားရရင် လုံလောက်ပြီပေါ့။ အကုန်လုံးကို ထွေးအန်လိုက်ပါတော့။ ဒီလိုလုပ်ဖို့အတွက် ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သိပါတယ်။ အကြောက်တရားနဲ့ ကင်းတဲ့သူမှ မရှိဘဲလေ။ ဘဝက ကြမ်းတယ်။ တစ်ခါတလေလည်း ကိုယ်မှောက်ရက်လဲအောင် ခြေထိုးခံတတ်တယ်။ ဒါပေမဲ့ ကိုယ်ကအဲ့ဒီထိုးခံလာတဲ့ခြေထောက်ကို ခလုတ်တိုက်သွားမယ့်အစား တက်နင်းသွားလို့ရတယ်ဆိုတာ မမေ့ပါနဲ့။

Related article >>> အကြင်နာတရားကို ရွေးချယ်ပါ

အသက်ရှူသွင်းပါ။ ပြန်ရှူထုတ်ပါဦး။

စိတ်မပူပါနဲ့။ လွယ်လွယ်လေးပါ။ ရှူသွင်းလိုက်ပါ။ မထိန်းထားဘဲ ပြန်လွှတ်ချလိုက်ပါ။ ဘယ်လောက် ပေါ့ပါးသွားတယ်ဆိုတာကို ခံစားမိသွားရင် ဘယ်တော့မှ အသက်အောင့်ထားဖြစ်မှာ မဟုတ်တော့ဘူးမလား။ ဒါကတော့ ကိုယ့်ရဲ့ ဘဝအပေါ်အမြင်ပါ။ ကြိုက်သလောက်ပင်ပန်းပါစေ၊ ကြိုက်သလောက်အပြောခံရ၊ အဆူခံရပါစေ။ ခံလိုက်ပါ။ ခံရခက်မှာပဲ။ ခက်ခဲမှာပဲ။ သိတာပေါ့။ ဒါပေမဲ့ ပိတ်လှောင်မနေလိုက်ပါနဲ့။ အပြင်ခဏလေးထွက်လိုက်ပါ။ ကောင်းကင်ကြီးကို မော့ကြည့်ပါ။ လွတ်လပ်မှုကို ခံစားပါ။

ကိုယ်အသက်ရှူနေတာကို အာရုံစိုက်ကြည့်ပါ။ ရှူသွင်းတယ်၊ ရှူထုတ်တယ်။ အသက်ရှူနေတယ်။ ပြီးတော့ … အသက်ရှင်နေတယ်။ အသက်အောင့်ထားစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ကိုယ့်ဖြစ်တည်ခြင်း၊ ကိုယ့်အသက်ရှင်ခြင်း၊ ကိုယ့်ဘဝကို ရပ်တန့်ထားလို့ မရလို့ပါပဲ။ အဲ့တော့ အသက်ရှင်ရတာ ဘယ်လောက်ကောင်းလဲ ထပ်ခံစားကြည့်ပါ။ ရှူသွင်းပါ။ အဆုံးထိလွှတ်ချပြီး ရှူထုတ်လိုက်ပါ။

Myat (For Her Myanmar)

No Comments Yet

Comments are closed