လှောင်အိမ်ထဲက ဘဝများ

တစ်ချို့ကျတော့ မိသားစုက ဆင်းရဲတော့ ကျွေးဖို့ပါးစပ်တစ်ပေါက်လျော့အောင် မိဘတွေကိုယ်တိုင်က သမီးမိန်းကလေးတွေကို လိုလိုလားလား ပို့ကြတာ။ ဒါကလည်း သူတို့အပြစ်လို့မဆိုသာပါဘူး။ ဝမ်းရေးကခက်ခဲတော့ မိသားစုဝင်များရင် အဆင်မပြေဘူးလေ၊ ပြီးတော့ သူတို့သမီးတွေကလည်း နန်းတော်ထဲမှာ စည်းစိမ်နဲ့နေရမှာ မဟုတ်လား။…

 

သမိုင်းကို နောက်ခံထားတဲ့ တရုတ်ဇာတ်လမ်းတွေကိုကြည့်ရင် သူတို့ရဲ့ ခမ်းနားထည်ဝါတဲ့ ယဉ်ကျေးမှုနဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေကို တွေ့မြင်နိုင်ပါတယ်။ အထူးသဖြင့် တော်ဝင်မိသားစုတွေရဲ့ ဓလေ့ထုံးစံနဲ့ နေထိုင်မှုပုံစံတွေက အရမ်းကိုလှပပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့ အဲဒီခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးမှာ တစ်ချို့ကတော့ အမေ့လျော့ခံအဖြစ်နဲ့ သိမ်ငယ်မှေးမှိန်စွာနေထိုင်ခဲ့ရပါတယ်။ သူတို့က တစ်ခြားမဟုတ်ပါဘူး… မိဖုရားလည်းမဟုတ်၊ အပျိုတော်လည်းမဟုတ်တဲ့ ကိုယ်လုပ်တော် တွေပါပဲ။ သူတို့နေထိုင်ရတဲ့ ဘဝကိုဒီခေတ်အနေနဲ့ ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးနဲ့လုံးဝ ဆန့်ကျင်နေတာကို တွေ့ရပါတယ်။ မင် မင်းဆက် နဲ့ ချင်မင်းဆက်က ကိုယ်လုပ်တော်ရာဇဝင်နဲ့ ပတ်သက်ရင် အထင်ရှားဆုံးပါပဲ။

ရန်မီ နန်းတော်ထဲကိုရောက်တာ ဒီနှစ်နဲ့ဆို ၁၀ နှစ်ရှိပါပြီ။ သူမက ဂိုလျော (ယခု ကိုရီးယား) သူပါ။ တရုတ်နိုင်ငံရဲ့ လက်အောက်ခံဖြစ်တဲ့ ဂိုလျောက မကြာခဏဆိုသလို နုနယ်ပျိုမျစ်တဲ့ အပျိုစင်မိန်းကလေးတွေကို အခွန်အခအဖြစ် အင်ပါယာ ဘုရင်ကြီးဆီဆက်သရပါတယ်။ ရန်မီက အဲဒီများပြားလှတဲ့ မိန်းကလေးတွေအထဲက တစ်ယောက်ပေါ့။

“မိန်းကလေးတွေ လာစုဆောင်းတော့မယ်ဆိုရင် ချစ်သူရှိတဲ့သူတွေ အမြန်လက်ထပ်လို့မရအောင် ဂိုလျောဘုရင်က တစ်နယ်လုံးမှာ ထိမ်းမြားလက်ထပ်ခွင့်တွေအရင်တားမြစ်လိုက်တယ်လေ။ ပြီးတော့မှ စိတ်ကြိုက်ရွေးချယ်တာ။ တစ်ခါတစ်ခါ ပို့ရင် ရာချီတယ်။ တစ်ယောက်နဲ့တစ်ယောက် အပို့ခံရတဲ့ အကြောင်းအရင်းချင်းတော့ မတူကြဘူး။  တစ်ချို့ကျတော့ မိသားစုက ဆင်းရဲတော့ ကျွေးဖို့ပါးစပ်တစ်ပေါက်လျော့အောင် မိဘတွေကိုယ်တိုင်က သမီးမိန်းကလေးတွေကို လိုလိုလားလား ပို့ကြတာ။ ဒါကလည်း သူတို့အပြစ်လို့မဆိုသာပါဘူး။ ဝမ်းရေးကခက်ခဲတော့ မိသားစုဝင်များရင် အဆင်မပြေဘူးလေ၊ ပြီးတော့ သူတို့သမီးတွေကလည်း နန်းတော်ထဲက စည်းစိမ်နဲ့နေရမှာ မဟုတ်လား။ တစ်ချို့ကျတော့ မိဘတွေက လုံးဝမလွှတ်ချင်ဘူး၊ ဒါပေမဲ့ လှတော့ အတင်းဖမ်းခေါ်သွားတာ… မြင်ရတာစိတ်မကောင်းစရာပါရှင်။ မိသားစုဝင်တွေက ငိုလို့ယိုလို့၊ တစ်ချို့ဆို ရုန်းရင်းဆန်ခတ်နဲ့။ ကျွန်မကတော့ အဲဒီလိုမဟုတ်ဘူး။ မိသားစုက ချမ်းသာကြီး မဟုတ်ပေမယ့် စားနိုင်သောက်နိုင်တယ်။ တစ်ရက်တော့ အိမ်ကိုလူတွေရောက်လာပြီး ကျွန်မကိုလာကြည့်တယ်။ သေချာအကဲခတ်ပြီး    ကျွန်မအသားအရေက ဖြူဖျော့ပြီးကြည်လင်တယ်၊ ရင်သားလှတယ်၊ ခါးသွယ်တယ်၊ အသံကောင်းတယ်၊ သွက်လက်တယ် အဲဒီလိုမှတ်ချက်တွေပေးပြီး ရွေးချယ်လိုက်တယ်လေ။   အရွေးခံရပြီဆိုကတည်းက ငြင်းပိုင်ခွင့်မရှိတော့ပါဘူး။ ပြီးတော့ ကျွန်မလိုက်သွားရင် အလျော်ပေးတဲ့အနေနဲ့ အစ်ကိုတွေက ရာထူးကောင်းကောင်းရနိုင်တယ်လေ။  အဲဒီလိုနဲ့ ခေါင်းညိတ်လိုက်တာပေါ့။ မိဘတွေကတော့ ကျွန်မကို မပို့ရက်ကြဘူး။ အဲဒီတုန်းက မြို့တော်ဆိုတာကို ဘာမှန်းမသိတော့ ပျော်တယ်လည်းမဟုတ်ဘူး၊ မပျော်ဘူးလည်းမဟုတ်ဘူး… ဒီလိုပဲ လိုက်သွားလိုက်တာပါပဲ။”

မိဖုရားတွေမှာ အကြမ်းဖျင်း အဆင့်သုံးဆင့်ရှိပါတယ်။ ဘုရင်မ၊ ဖိဖုရား နဲ့ ကိုယ်လုပ်တော်ဆိုပြီး ခွဲထားတာပါ။ ကိုယ်လုပ်တော်ကိုမှ အဆင့်တွေအများကြီးခွဲထားပါသေးတယ်။ ရန်မီကတော့ အဆင့်ငါး ကိုယ်လုပ်တော်ပါ။  ဘုရင်က အရေးပေးရင် ဒါမှမဟုတ် သားတော်မွေးနိုင်ရင် အဆင့်တက်ပါတယ်။ ဒါကြောင့်လည်း အချင်းချင်းလည်မြိုကိုခဲနေကြတဲ့ နန်းတွင်းမှာရှင်သန်ဖို့ရာအတွက် မုန်တိုင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေက အမြဲရှိနေတာပါ။ ကိုယ်လုပ်တော်တွေရဲ့ အဓိကတာဝန်က နန်းဆက်မွေးဖို့နဲ့ ဘုရင်ကို စိတ်အပန်းပြေအောင်ပျော်ပါးပေးဖို့ပါပဲ။

တစ်ညတာအတွက် စက်တော်ဆောင်ဝင်မယ့် ကိုယ်လုပ်တော်ကို ဘယ်လိုရွေးလဲဆိုတော့ အပျိုထိန်းတွေက ကိုယ်လုပ်တော်တွေရဲ့ နာမည်ကတ်ပြားတွေကို ဘုရင်ဆီယူဆောင်လာရတယ်။ ပြီးတော့မှ ဘုရင်က မီနူးထဲက အစားအသောက်ရွေးသလို ရွေးလိုက်တယ်။ ရွေးချယ်ခံရတဲ့ ကိုယ်လုပ်တော်အတွက်တော့ အင်မတန်ဂုဏ်ယူစရာပေါ့။ စက်တော်ဆောင်ဝင်တဲ့အခါ အဝတ်ပါးတစ်ထည်ကိုပဲ ဝတ်ဆင်စေပြီးမှ အပျိုထိန်းတွေက ဘုရင်ဆီကို သယ်ဆောင်လာကြတာပါ။ သယ်ဆောင်လာတယ်ဆိုတာကတော့ ကိုယ်လုပ်တော်တွေက လမ်းကောင်းကောင်းမလျှောက်နိုင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ Foot Binding လို့ခေါ်တဲ့ ဓလေ့ကြောင့်ပါပဲ။ ခြေထောက်ကို သေးသေးစုစုဖြစ်အောင် ခြေချောင်းတွေကို ချိုးပြီးကွေးတာပါ။ သုံးလက်မအရွယ်ခြေဖဝါးက အလှဆုံးဖြစ်ပြီးတော့ Golden Lotus လို့ခေါ်ပါတယ်။ ဒီလိုခြေထောက်ပိုင်ရှင်တွေက အလှမှာ ထိပ်တန်းအမျိုးသမီးတွေဖြစ်ပြီးတော့ သူတို့ကို အမျိုးသားတွေက ထိမ်းမြားဖို့ သူ့ထက်ငါ ကမ်းလှမ်းကြပါတယ်တဲ့။ သူတိသုံးလက်မထက်ကြီးရင်တော့ Silver, Bronze ဆိုပြီး အသီးသီးခေါ်ကြတယ်။ Bronze Lotus ခြေထောက်ပိုင်ရှင်မိန်းကလေးတွေကိုတော့ အလှအပမှာ ဘိတ်ဆုံးလို့ယူဆကြပြီး သူတို့အတွက် အိမ်ထောက်ဖက်ကလည်း အင်မတန်ရှားပါတယ်။

“နန်းတော်ထဲက မိဖုရားတွေ၊ ကိုယ်လုပ်တော်တွေ အားလုံးလုပ်ကြတယ်။ ခြေထောက်ကို သေးအောင်လုပ်ပြီးပုံးဖော်တာလေ။ အဲဒါက မျက်နှာအလှ ထက်တောင်ပိုပြီး အရေးပါသေးတယ်။ ခြေထောက်သေးလေ၊ စံချိန်မီ လှလေပေါ့။ ခက်တာက အဲဒီလိုလုပ်ထားရင် တစ်သက်လုံး လမ်းကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ တစ်ယောက်ယောက်က ချီရင်ချီ၊ မချီရင် တွဲပေးရတယ်။ ဒါပေမဲ့ ကျွန်မမှာတော့ မရှိဘူး။ အရမ်းနာလို့မလုပ်ဘူး၊ ပြီးတော့ အမြဲတမ်းသူများအကူအညီယူနေရတာကိုလည်း မကြိုက်ဘူး။”

“ကိုယ်လုပ်တော်ဖြစ်ရတာ ပျော်လားဆိုတော့…  စက်တော်ဆောင်ဝင်ရတဲ့အခါ ဂုဏ်ယူမိပေမယ့် အရမ်းအထီးကျန်တယ်။ အမေတို့ကို သိပ်သတိရတယ်။ ဒီကိုရောက်ကတည်းက အပြင်နဲ့ ဘယ်လိုနည်းနဲ့မှ ဆက်သွယ်ခွင့်မရှိတော့ဘူး။ စာနဲ့လည်းမရဘူး၊ အိမ်ခဏပြန်ချင်လည်းမရဘူး။ မိသားစုနဲ့ သေခန်းပြတ်သလိုနေရတာလေ။ အမြဲတမ်းကိုယ့်အဆောင်ထဲမှာပဲ နေရတယ်။ နေထိုင်မကောင်းရင်တောင် သမားတော်ကို ပေးမဝင်ဘူး။ ခံစားနေရတဲ့ဝေဒနာကို တစ်ဆင့်ပြောပြီး ဆေးညွှန်းတောင်းရတာ။  တစ်နေကုန် အမျိုးသမီးတွေရဲ့ ကျင့်ဝတ်နဲ့ပတ်သက်တဲ့စာအုပ်တွေပဲ ဖတ်ရတယ်၊ ချည်ထိုးပန်းထိုးသင်ရတယ်၊ တစ်ခါတစ်ခါ တစ်ခြားကိုယ်လုပ်တော်တွေနဲ့ ဥယျာဉ်ထဲမှာ စုပြီး လက်ဖက်ရည်သောက်ကြတယ်။ နေ့တိုင်းဒီလိုပဲနေရင်းက ကံကောင်းရင် စက်တော်ဆောင်ဝင်ရတယ်။ ဒါကလည်း ခပ်ရှားရှားပါပဲ။ ကိုယ်လုပ်တော်တွေထောင်ချီရှိတာ ကိုယ့်အလှည့်ရောက်ဖို့ဆိုတာ မသေချာပါဘူး။ တစ်ချို့ဆို တစ်ခါမှ စက်တော်ဆောင်မဝင်ရဘဲ ဒီအတိုင်း အဆုံးသတ်သွားကြတာလေ။ ကံကောင်းလို့ ရင်သွေးရလာရင်တောင် အတူမနေရဘူး၊ မွေးပြီးပြီးချင်းခေါ်သွားပြီး နို့ထိန်းနဲ့ထားတော့တာ။ နောက်ပြီး ဒီမှာဘယ်သူ့ကိုမှ မယုံရဘူး။ အချင်းချင်း အံတကြိတ်ကြိတ်ဖြစ်နေတဲ့သူတွေ၊ ရန်စောင်နေတဲ့သူတွေချည်းပဲ။ နည်းနည်းလေးများ အရေးပေးခံရရင် လုပ်ကြံမယ့်သူကအဆင်သင့်။ ကျွန်မတို့ဘဝက ထောင်ကျနေသလိုပါပဲ… ကိုယ့်ကိုယ်ကိုလည်းမပိုင် အမြဲတမ်းပိတ်လှောင်ခံထားရတာ။  တစ်ချို့က အထီးကျန်လွန်းတော့ ကျွန်မတို့ကို အဖော်လုပ်ပေးနေတဲ့ အပျိုထိန်းတွေနဲ့ ချစ်သူတွေ ဖြစ်ကုန်ကြတယ်လေ။ ဒါကလည်းအပြစ်လို့တော့ ပြောလို့မရဘူး၊ ဆွေမရှိမျိုးမရှိ တစ်ယောက်တည်း အထီးကျန်နေတဲ့ဘဝမှာ အနားမှာ ရှိတဲ့ အပျိုထိန်းတွေကိုပဲ သံယောဇဉ်တွယ်ကြတော့တာပေါ့။”

မိဖုရားတွေ ကိုယ်လုပ်တော်တွေအားလုံးက ဘုရင်ရဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ။ ဆိုလိုတာကတော့ ဘုရင်စိတ်ကြိုက်စီရင်နိုင်ပါတယ်။ အဲဒါကြောင့် ဘုရင်တွေ ကံကုန်တဲ့အခါ သူ့ရဲ့ မိဖုရားတွေ ကိုယ်လုပ်တော်တွေ အားလုံးအတူလိုက်သေရပါတယ်။ တမလွန်ကို လိုက်ပြီး အဖော်ပြုတဲ့သဘောပေါ့။ အဆိပ်သောက်ပြီးသေတာရယ်၊ အပျိုထိန်းတွေကစီရင်တာရယ်၊ အဝတ်ဖြူနဲ့ ကြိုးဆွဲချသတ်သေတာရယ် ဒီလိုနည်းတွေထဲက ရွေးချယ်ရပါတယ်။ မင် မင်းဆက်အစောပိုင်းမှာဆိုရင် ရှင်ဘုရင်သေတာနဲ့ မိဖုရားတွေ ကိုယ်လုပ်တော်တွေအကုန်လုံးကို ဘုရင်ရဲ့ဂူနဲ့ မလှမ်းမကမ်းမှာ ဂူတစ်ခုဆောက်ပြီး မီးရှို့သတ်တဲ့ဓလေ့တောင်ရှိပါတယ်။ တော်တော်ဆိုးရွားတာကတော့ တစ်ချို့ကိုယ်လုပ်တော်တွေကို မတ်တပ်အနေအထားအတိုင်း အရှင်လတ်လတ်မြေမြှုပ်တာပါ။ အယူအဆကတော့ တမလွန်မှာ ရှင်ဘုရင်ကို အဆင်သင့်စောင့်ကြိုနေတဲ့ ပုံစံဖြစ်အောင်လို့တဲ့။ ဒါပေမဲ့ ကံကောင်းတာက နောက်ပိုင်းမင်းဆက်တွေမှာ ဒီလူမဆန်တဲ့ အစီအရင်တွေကို ပယ်ဖျက်ခဲ့တဲ့အတွက် သက်သာရာရခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သိမ်ငယ်မှုကတော့ မသက်သာခဲ့ပါဘူး၊ တားမြစ်မြို့တော်လို့ခေါ်တဲ့ Forbidden City ရဲ့ ထောင့်တစ်နေရာမှာ ညှိုးရော်ခြောက်သွေ့သွားတဲ့ ပန်းပွင့်တွေကတော့ ဘယ်တော့မှ ရေတွက်လို့ရနိုင်မှာ မဟုတ်ပါဘူး…။

 

 

For you!

Bori (For Her Myanmar)

http://www.ancient-origins.net/human-origins-religions/secret-life-ancient-concubine-001301

No Comments Yet

Leave a Reply

Your email address will not be published.