ကျွန်မ တစ်ခုလပ် သို့သော် …….

ဟုတ်တယ် ကျွန်မဘဝက နေ့စဉ် မျက်ရည်နဲ့ မျက်ခွက်…

ကျွန်မကို ပတ်ဝန်းကျင်က လူတချို့က ကဲ့ရဲ့ကြတယ် “တစ်ခုလပ်” တဲ့။ သူငယ်ချင်းတချို့ကလည်း ကျွန်မကို သနားကြတယ်။ တချို့က မေတ္တာပိုပြီး “လင်မရှိမယား မတင့်တယ်” ဆိုတဲ့ စကားပုံနဲ့ နှိုင်းပြပြီး ကျွန်မကို နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ်။ တချို့ သကောင့်သားတွေကလည်း ကျွန်မကို သွေးတိုးစမ်းချင်ကြတယ်။ ဘာလို့လဲ? ကျွန်မ လုံးဝ နားမလည်ဘူး။

ကျွန်မ အမျိုးသားနဲ့ ကွဲလိုက်ပေမဲ့ ကျွန်မဟာ သနားစရာလည်း မဟုတ်သလို၊ ကဲ့ရဲ့ခံရဖို့လည်း မလိုအပ်ဘူးလို့ပဲ ထင်တယ်။ ပြီးတော့ မိန်းမတစ်ယောက်ဟာ ယောက်ျားဆိုတဲ့သူပေါ်မှာ မှီခိုနေရမယ်ဆိုတဲ့ သဘောကြီးကိုလည်း လုံးဝနားမလည်ဘူး။

ဟုတ်တယ်။ ကျွန်မ အမျိုးသားနဲ့ အိမ်ထောင်ကွဲတယ်။ ကျွန်မမှာ အားကိုးရမယ့် သားနဲ့ သမီးလည်း ရှိတယ်။ အမှန်ပြောရရင် လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဲဒီလို ထိုးနှက်မှုတွေ မခံစားနိုင်လို့၊ ရှက်လို့ အမျိုးသားကို သည်းခံ ကြိတ်မှိတ်ပြီးတော့ သူဆိုးလည်း ခံ၊ အနိုင်ကျင့်လည်း ခံခဲ့တယ်။ ပတ်ဝန်းကျင်ဆိုတဲ့ အရာတစ်ခုကြောင့်။

ဒါပေမဲ့ ကျွန်မ သားနဲ့ သမီး အရွယ်ရောက်လာတော့ သူတို့ကိုယ်တိုင်က ကိုယ့်ကို သူတို့ အဖေနဲ့ ကွာရှင်းဖို့ လိုလိုလားလား တိုက်တွန်းကြတယ်။ သူတို့က ပြောတယ် “မေမေရယ် နေ့တိုင်း စိတ်ဆင်းရဲနေတာနဲ့ စာရင် သားတို့ သားအမိ (၃) ယောက်ပဲ တူတူနေကြရအောင်လား၊ မေမေ စိတ်ဆင်းရဲနေတာ မကြည့်ရက်ဘူး” တဲ့လေ။

ဟုတ်တယ် ကျွန်မဘဝက နေ့စဉ် မျက်ရည်နဲ့ မျက်ခွက်… အမျိုးသားက အပြင်မှာ အဆင်မပြေလာတိုင်း ကျွန်မကို နှိပ်စက်တယ်။ ကျွန်မမှာ သူနဲ့ ယူပြီးကတည်းက သူငယ်ချင်းတွေနဲ့ ဆုံဖို့ မပြောနဲ့ အပြင် ခဏသွားမိရင်တောင် တခြားသူနဲ့ သမုတ်ခံရတယ်။ အဲဒီလို အသံတွေမကြားချင်တဲ့ ကျွန်မ အိမ်မှာပဲ တကုပ်ကုပ်နဲ့ မိန်းမ ဝတ္တရားကျေပြွန်နိုင်အောင် ကြိုးစားခဲ့တယ် အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်ရင်းပေါ့လေ။ ကြာလာတော့ ဘာဖြစ်လာလဲဆိုတော့ ကျွန်မမှာ အပေါင်းအသင်းနည်းလာတယ်၊ ပြင်ပဗဟုသုတဆိုတာလည်း မရှိတော့ဘူး။ အမျိုးသားပေးတာယူ ကျွေးတာစားရတဲ့ ဘဝရောက်လာတယ်။ မပြင်မဆင်နဲ့ ကျွန်မ ကလေးတွေအခေါ် ပုံတုံးကြီး ဖြစ်လာတယ်ပေါ့လေ။

အဲဒီမှာ ကျွန်မ အမျိုးသား ဗွေစဖောက်တော့တာပါပဲ။ ကေတီဗီဘာညာ သွားရာကနေ အငယ်အနှောင်းထားတဲ့ အဆင့်ထိပါ ဖြစ်လာတယ်။ တစ်နေ့ အငယ်မလေးက သူ့အဖေနဲ့ ပက်ပင်းတိုးတော့တာပါပဲ။ ကျွန်မ သမီးလေးဆိုတာ ရှက်လို့ဆိုပြီး အိပ်ဆေးသောက်ပြီး သေကြောင်း ကြံလိုက်သေးတယ်။ ဒါကို အကြီးကောင်က သူ့ညီမလေး ခံစားရတော့ အမျိုးသားကို ပြန်ပြောတော့တာပါပဲ။ အမျိုးသားက မငြင်းတဲ့အပြင် အကြီးကောင်လေးကို ကိုယ်ထိလက်ရောက် သူ့အားကြီးနဲ့ ထိုးလိုက်တာ သားကြီးရယ်ဆိုတာ ဘိုင်းခနဲ ပဲရယ်။

အို… အဲ့တုန်းကဆို ကျွန်မ အသည်းတွေ ကွဲမတတ်ပဲ။ သားသမီး (၂) ယောက်လုံး အဲ့လိုဖြစ်တော့ ကျွန်မရင်တွေဆိုတာ ဓားနဲ့ မွှန်းခံရသလိုပဲ။ အမျိုးသားက ကျွန်မကိုတောင် ပြောဆိုသွားသေးတယ်။ ကလေးတွေကို ဘယ်လို ဆုံးမထားလို့ အဖေကိုတောင် အာခံရတာလဲ ဆိုပြီးတော့လေ။ အဲဒီနေ့ကနေစပြီး ကျွန်မတို့ သားအမိ (၃) ယောက် ဘဝ အရှင်လတ်လတ် ငရဲကျရတော့တာပါပဲ။

Related Article >>> မုဆိုးမ၊ တစ်ခုလပ်တွေအပေါ် မြန်မာ့လူမှုလောကထဲမှ ခွဲခြားမှုများ

ကျွန်မလေ ဟိုးအရင်ကတည်းက အမျိုးသားနဲ့ ဝေးရာကို ထွက်ပြေးသွားချင်ခဲ့တာ။ ဒါပေမယ့် သားသမီးတွေ မိတကွဲ ဖတကွဲဖြစ်မှာစိုးတာက တစ်ကြောင်း၊ တစ်ခုလပ်ဆိုတဲ့ နာမည်ကြီးကို ကြောက်ခဲ့တာက တစ်ကြောင်း အမျိုးသားနဲ့ မကွာရှင်းရဲခဲ့ဘူး။ ဒါပေမဲ့ အဲဒီကိစ္စဖြစ်ပြီးတော့ ကျွန်မ သားကော သမီးကောက ကွာရှင်းဖို့ ပြောလာတယ်။ အဲဒီအချိန်ထိလည်း ကျွန်မ သတ္တိမရှိခဲ့ဘူး။ ကြောက်နေတုန်းပဲ။ နောက်ဆုံး ဘယ်မှာ ဆုံးဖြတ်ချက် ခိုင်မာသွားလဲဆိုတော့ ကျွန်မသားနဲ့ သမီးက “မေမေ မကွာရှင်းရင် သားတို့ အိမ်ပေါ်က ဆင်းပြီး တခြားသွားနေမယ်၊ နေ့တိုင်း စိတ်ဆင်းမရဲချင်တော့ဘူး” လို့ဆိုလာတော့ ကျွန်မ မဖြစ်မနေ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်တယ်။ ကျွန်မ သားသမီးတွေနဲ့ အမျိုးသားကိုတော့ မလဲနိုင်ဘူးလေ။

ဒါနဲ့ တရားဝင် အမျိုးသားနဲ့ ကွာရှင်းပြီး ကျွန်မတို့ သားအမိ (၃)ယောက်တည်း အေးအတူပူအမျှနေခဲ့တယ်။ ကျွန်မက အမျိုးသားကိုပဲ တောက်လျှောက်မှီခိုနေခဲ့တော့ ပိုက်ဆံဘယ်လိုရှာရမှန်း မသိဘူး။ ဒါပေမဲ့ အရွယ်ရောက်နေတဲ့ သားနဲ့ သမီးက ကျွန်မ အပေါ် အရမ်းတာဝန်ကျေ သိတတ်ကြတယ်။ အမြင်ကျယ်လာအောင်ဆိုပြီး ကျွန်မကို သင်တန်းတွေ ပြန်တက်ခိုင်းတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်လည်ခိုင်းတယ်။ သမီးက သူ မန်ဘာဝင်ထားတဲ့ For Her Myanmar Club က လုပ်တဲ့ ပွဲတွေ သွားတိုင်း ခေါ်ခေါ်သွားတယ်။ ပွဲလာတက်တဲ့သူလေးတွေက လူငယ်တွေများတော့ သူတို့ဆီက လေ့လာသင်ယူရတယ်လေ။

ဒီလိုနဲ့ ကျွန်မ လူတွေအကြောင်း၊ စီးပွားရေးအကြောင်းတွေ ပြန်တီးခေါက်မိလာတယ်ဆိုပါတော့။ အခုဆို ကျွန်မ အရမ်းလုပ်ချင်ခဲ့တဲ့ မြန်မာထမင်းဆိုင်က ဆိုင်ခွဲတွေနဲ့တောင် ဖြစ်နေပြီ။ အရင်လို စိတ်ထောင်းကိုယ်ကျေနေတဲ့ ကျွန်မ မဟုတ်တော့ဘဲနဲ့ အင်မတန်မှ စိတ်ချမ်းသာနေတဲ့ လုပ်ငန်းရှင်ကျွန်မ ဖြစ်နေပြီ။

ဒါကြောင့် ကျွန်မ ပြောချင်တာက ကျွန်မ တစ်ခုလပ်ဖြစ်လို့ လူတွေ သနားစရာ မလိုပါဘူး။ တင့်တယ်အောင်ဆိုပြီး တွဲဖက်လည်း မလိုပါဘူး။ အခုဆို ကျွန်မ ခြေထောက်ပေါ် ကျွန်မ ရပ်တည်နေရတဲ့အတွက် အသက်ရှူတောင် ပိုချောင်လာတယ်။ ကျွန်မရဲ့ တန်ဖိုးကို ဖိနှိပ်ပြီး ကျွန်လို အခိုင်းအစေလို သဘောထားတဲ့သူနဲ့ တူတူနေရတာထက် ကျွန်မတန်ဖိုးကို ကျွန်မကိုယ်တိုင် မြှင့်ရင်းနေရတာကို ပိုသဘောကျလာတယ်။

တစ်ခုလပ်ဆိုပြီး အားငယ်နေစရာမလိုသလို တစ်ခုလပ်ဖြစ်မှာစိုးလို့ဆိုပြီး ကိုယ့်အပေါ်မကောင်းတဲ့သူကိုလည်း ကြိတ်မှိတ်ပေါင်းနေစရာ မလိုပါဘူးနော်.. ကိုယ့်တန်ဖိုးဟာ ကိုယ်အရောင်တင်မှ အရောင်လက်လာမှာပါ။ မသွေးတာကြာရင် တုံးသွားတဲ့ ဓားလိုပေါ့…ကျွန်မကတော့လေ ဖြစ်နိုင်ရင် အမျိုးသမီးတွေအားလုံး အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တစ်ခုလပ်ဖြစ်စေ၊ မုဆိုးမဖြစ်စေ.. ကိုယ့်ကိုယ်ကိုယ် အမြဲသွေးနေတဲ့ ဓားထက်ထက်လေးတစ်လက် ဖြစ်စေချင်တော့တာပါပဲ..

Myat (For Her Myanmar)

No Comments Yet

Comments are closed