လူဖြစ်ရကျိုးနပ်ဖို့

လူဖြစ်ရကျိုးနပ်တယ်ဆိုတာ အပူအပင်မရှိတဲ့ ဘဝလို့ပြောရမယ်ဆိုရင် အပူအပင်မရှိဘူးဆိုတာကိုရော ဘယ်လိုသတ်မှတ်ကြသေးတာလဲ???

ယောင်းတို့ရေ… ယောင်းတို့ရဲ့ အခုဖြစ်နေတဲ့ အနေအထား၊ ဖြစ်တည်မှုအပေါ် ကျေနပ်မှု ရှိရဲ့လား။ ကိုယ်နေဖြစ်တဲ့ ဘဝအပေါ်မှာရော တင်းတိမ်ရောင့်ရဲရဲ့လား။ ပျော်ရွှင်နေသလား။ မချင့်မရဲဖြစ်နေလား။ တစ်နည်းဆိုရင် လူဖြစ်ရကျိုးနပ်ပြီလို့ ခံစားရလား။ လူဖြစ်ရကျိုးနပ်တယ်ဆိုတာ ကောင်းကောင်းစား၊ ကောင်းကောင်းနေ၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းအိပ်၊ အပူအပင်မရှိတဲ့ အသက်ရှင်နေထိုင်ခြင်းမျိုးလား? အခြားရော ဘယ်လိုအဓိပ္ပါယ်ဖွင့်လို့ရဦးမလဲ။ ယောင်းတို့ရော ဘယ်လိုယူဆသလဲ။

အက်မင့်အတွက်တော့ လူဖြစ်ရကျိုးနပ်တယ်ဆိုတာ ဒီလိုမျိုးပါ။

ကြင်နာတတ်ပါစေ။ လူတွေဆီမှာရှိတဲ့ ကောင်းမွန်တဲ့ အမူအကျင့်လေးတွေ၊ အမူအကျင့်လေးတွေကို တန်ဖိုးထားပြီး ကြင်နာပေးပါ။ အခြားသူတွေကိုသာမက ကိုယ့်ကိုကိုယ်လည်း တန်ဖိုးထားကြင်နာပါ။ မလုပ်နိုင်တာ၊ မတတ်နိုင်တာတွေလည်းရှိနိုင်သလို မကောင်းတဲ့ အပိုင်းတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ခြောက်ပြစ်ကင်း သဲလဲစင်တဲ့သူ ဘယ်သူမှ မရှိဘူးဆိုတာကို သဘောပေါက်သွားနိုင်ရင် ကိုယ့်ကိုယ်ကိုယ် အခြားသူတွေပေါ်မှာပါ ကျေနပ်ရောင့်ရဲတဲ့စိတ် မွေးနိုင်သွားမှာပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူတွေ လိုတာထက်ကို ပိုများနေပါပြီ။ ကြင်နာတတ်တဲ့သူတွေကို ကမ္ဘာကြီးက လှိုက်လှိုက်လှဲလှဲကြိုဆိုမှာပါ။

Related article >>> မျှော်လင့်ချက်တွေ အမှန်တကယ်ဖြစ်လာဖို့

ကိုယ့်မှာဖြည့်ဖို့ ကွက်လပ်တွေ ရှိနေသေးတယ်ဆိုလည်း အဆင်ပြေပါတယ်လို့တွေးပါ။ ပြီးတော့ အဲ့ကွက်လပ်တွေကို အချစ်တွေနဲ့ ဖြည့်ပါ။ ပျော်ရွှင်မှုတွေနဲ့ ဖြည့်ပါ။ ကိုယ့်အတွေးထဲမှာ အလှဆုံးလို့သတ်မှတ်ထားတဲ့ အရာတွေနဲ့ဖြည့်ပါ။ အဲဒီကွက်လပ်တွေဟာ ရင်ကျက်လာဖို့ သန်မာလာဖို့ ဒီထက်ပိုသဘောထားပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်လာဖို့၊ တစ်နည်းပြောရင် စိတ်ပိုင်းဆိုင်ရာ ကြီးထွားအရွယ်ရောက်လာဖို့ နေရာပေးထားတဲ့ ကွက်လပ်တွေပါ။ ဒီလိုနည်းနဲ့ ကွက်လပ်တွေဖြည့်ပြီး ကိုယ့်မှာ ရှိသလောက်နဲ့ ပျော်တတ်အောင် သင်ယူပါ။ ကိုယ်ဘယ်သူလဲဆိုတာကို လက်ခံပြီး ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်အောင် စောင့်ရှောက်ရင်းနဲ့ ကိုယ်ဖြစ်ချင်တဲ့ လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

သတ္တိရှိပါ။ ကိုယ့်ကို နစ်အောင် ဆွဲချနေတဲ့အရာတွေကို လွှတ်ချသွားနိုင်တဲ့ သတ္တိကိုမွေးပါ။ ဝေဖန်မှုတွေကို ကြားနာနိုင်တဲ့ သတ္တိကိုမွေးပါ။ ကိုယ်ကြောက်ရွံ့ခဲ့တဲ့အရာတွေကို ထုတ်ပြောနိုင်လောက်တဲ့ သတ္တိကိုမွေးပါ။ ဖုံးကွယ်ခဲ့တဲ့ ဒဏ်ရာတွေကို လှစ်ပြနိုင်ရဲတဲ့ သတ္တိကိုမွေးပါ။ ကိုယ့်ကို လေးလံစေတဲ့ အရာတွေကို ကိုယ်တိုင်တွန်းဖယ်နိုင်တဲ့ သတ္တိကိုမွေးပါ။ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်တဲ့၊ မမှားမကင်းတဲ့ကိုယ် ဆိုတာကို အခြားသူတွေကို ထုတ်ပြနိုင်တဲ့ သတ္တိကိုမွေးပါ။ ဒီလိုမှပဲ အရှိကို အရှိအတိုင်းလက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်တော့မှာပေါ့။

စွန့်ခွာခြင်းဆိုတာ ရှောင်လွှဲလို့မရတဲ့ ဓမ္မတာဆိုတာကို လက်ခံပါ။ ကိုယ်ဘက်က စွန့်လွှတ်လိုက်တာလည်းရှိမယ်၊ သူတို့ဘက်က စွန့်ခွာသွားတာလည်းရှိမယ်၊ ဒါပေမဲ့ သူတို့ရဲ့စွန့်ခွာခြင်းကြောင့်နဲ့တော့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို တန်ဖိုးဖြတ်မခံပါနဲ့။ သူတို့စွန့်ခွာတာဟာ ကိုယ်ဟာ သူတို့နဲ့နေဖို့မတန်ဘူးလို့ ဆိုလိုတာ လုံးဝမဟုတ်ဘူးနော်။ ဘယ်သူ့အတွက်မှ မနေပါနဲ့။ ကိုယ့်အတွက် ကိုယ်နေပါ။ ကိုယ့်အတွက် ကိုယ်အသက်ရှင်ပါ။ အရာအားလုံးထက်ပိုပြီး ကိုယ့်အတွက်ကိုယ် အသက်ရှင်ဖို့ ထိုက်တန်ပြီးသားပါ။

Related article >>> ဘဝရထားအတွက် လက်မှတ်တစ်စောင်

ကျေးဇူးတင်ပါ။ သေးသေးလေးတွေက အစကျေးဇူးတင်တတ်ပါစေ။ ကျေးဇူးတင်ဖို့ ခက်ခဲနေရင်တောင်၊ မထိုက်တန်ရင်တောင် တင်လိုက်ပါ။ ကိုယ့်ကို သင်ခန်းစာပေးတဲ့အတွက် ကျေးဇူးတင်ပါ။ ကိုယ့်ဘဝထဲက ထွက်သွားတဲ့အတွက် ကျေးဇူးတင်ပါ။ ကိုယ့်ကို ချစ်တဲ့သူတွေဝင်လာဖို့ နေရာလပ်သွားတဲ့အတွက် ကျေးဇူးတင်ပါ။ တစ်ယောက်တည်း ရပ်တည်တတ်အောင် ကျင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါ။ အယုံမလွယ်အောင် သတိပေးတဲ့အတွက် ကျေးဇူးတင်ပါ။ နာကျည်းမယ့်အစား ကျေးဇူးတင်လိုက်ပါ။ အခြားသူ တစ်ယောက်ကြောင့်တော့ ကိုယ့်ရဲ့နေ့တွေကို အရောင်မဆိုးလိုက်ပါနဲ့။

ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ။ ကိုယ့်နှလုံးသားကိုယ် ယုယုယယ ကိုင်တွယ်ပါ။ ကိုယ့်ကိုယ်ကိုယ် ကြင်ကြင်နာနာဆက်ဆံပါ။ မနေ့က ပေးခဲ့တဲ့ကတိဟာ ဒီနေ့ ‘ကိုယ်’ ပါပဲ။ တစ်နေ့နေ့မှာ အတိတ်ကို ပြန်တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် ကြင်ကြင်နာနာ ဆက်ဆံခဲ့တဲ့အတွက်၊ စိတ်ရှည်ခဲ့တဲ့အတွက်၊ ထိုက်ထိုက်တန်တန် အသက်ရှင်ခွင့်ပေးတဲ့အတွက်၊ မကောင်းမြင်စိတ်တွေ ဝင်ခွင့်မပေးတဲ့အတွက်၊ စိတ်ထားတတ်အောင်လေ့ကျင်ပေးခဲ့တဲ့အတွက် အနာဂတ်က ကိုယ်ဟာ ဒီနေ့ကိုယ်ကို ကျေးဇူးပြန်တင်မှာပါ။

လူဖြစ်ရကျိုးနပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ အသက်ရှင်နေထိုင်ခွင့်ပေးခြင်းပဲ မဟုတ်လား ယောင်းတို့ရေ ။   ။

Myat (For Her Myanmar)

No Comments Yet

Comments are closed