ဆုတောင်းမှားခဲ့မိပါတယ်

တော်တော်များများကတော့ ပြောကြတယ် ကောင်လေး။ ယောက်ျားတွေက ချမ်းသာလာရင် ပျက်စီးချင်ပြီး မိန်းမတွေကတော့ ဆင်းရဲတဲ့အခါ ပျက်စီးလာကြတယ်တဲ့

(၁)

“ဖောက်ပြန်တယ်ဆိုတာကို မင်းဘယ်လိုမြင်လဲ ကောင်လေး။”

ဦးဆွေက ဆိုင်းမဆင့်ဗုံမဆင့် ကျွန်တော့်ကို မေးသည်။ သူ့အမေးအတွက် လတ်တလော ကျွန်တော့်မှာ အဖြေမရှိ။ ကျွန်တော် ထက် အပေါ်သစ္စာဖောက်ပြီး နောက်တစ်ယောက်နဲ့ တွဲနေတာကို သိနေလို့ မေးတာလားလို့ သံသယဝင်မိပြီး ဦးဆွေမျက်နှာကို ပြန်ကြည့်လိုက်သည်။ သို့သော် ဦးဆွေမျက်နှာက အရင်မူလအတိုင်း။ ဘာမှသိပ်မထူး။သူ့ဘာသာ အရက်သောက်နေရင်း မူးလာလို့သာ မေးချင်လို့မေးခြင်းဖြစ်မည်။ ဒါကို ကျွန်တော့်ဘာသာ မလုံမလဲဖြစ်ခြင်းသာ။

“ကျွန်တော် မသိဘူး ဦးဆွေ။ ဒီလောကမှာ ဓာတ်ကြီးလေးပါး အမြဲလိုလို ဖောက်ပြန် ပြောင်းလဲနေတတ်တာ မဟုတ်ဘူးလား။”

“မင်းပြောတာလည်း ဟုတ်ပါတယ်။ ဓာတ်ကြီးလေးပါးက ဖောက်ပြန်လိုက် ရာသီဥတုက ဖောက်ပြန်လိုက် လူအချင်းချင်းက ဖောက်ပြန်လိုက်။ အထူးသဖြင့် ယောက်ျား/မိန်းမ ဖောက်ပြန်တာပေါ့ကွာ။ ငါမေးတာ အဲ့ဒီ ယောက်ျား/မိန်းမ ဖောက်ပြန်တာကို ပြောတာ ကောင်လေး။”

ဦးဆွေက စကားဆုံးတော့ အရှေ့မှာရှိတဲ့ သူ့ခွက်ထဲက နှစ်ပက်စာလောက် အရက်ကို တရှိန်ထိုး မော့လိုက်သည်။ ထို့နောက် ဘေးမှာထိုင်နေသော ကောင်မလေးတစ်ယောက်၏ ပေါင်ပေါ်မှ စုန်ချည်ဆန်ချည် လှုပ်ရှားနေသော သူ့လက်ကို ခဏရပ်ကာ စားပွဲပေါ်ရှိ အမြည်းပန်းကန်များထဲမှ ဝက်နံရိုးကြော်တစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲပစ်ထည့်လိုက်သည်။

“ရပြီ သမီး… အဲ့လောက်ဆို အတော်ပဲ။”

ကုန်သွားသော သူ့အရက်ခွက်ထဲသို့ ဘေးရှိ ကောင်မလေးမှာ နောက်ထပ်ငှဲ့ထည့်ပေးခြင်းဖြစ်သည်။ ထိုကောင်မလေးကိုပြောပြီးမှ ကျွန်တော့်ဘက် ထပ်လှည့်လာသည်။

“လူတွေဘာလို့ ဖောက်ပြန်ကြလဲဆိုတာ မင်းသိလား။”

ဒီမေးခွန်းကိုတော့ ကျွန်တော် သေချာစဉ်းစားမိသည်။ “ဟုတ်တယ်။ ကျွန်တော်ဘာလို့ ဖောက်ပြန်ခဲ့တာလဲ။ အိမ်ကိစ္စ၊ သားသမီးကိစ္စ၊ စီးပွားရေး စသဖြင့် အမြဲလိုလို အလုပ်ရှုပ်နေတတ်သော ထက်ကို ပစ်ထားပြီး ဘာလို့ နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တာလဲ။” ဒီမေးခွန်းအတွက်လည်း သူ့မှာ အဖြေမရှိ။ ဘုဂလန့် ဖြေမယ်ဆိုရင်တော့ ဖောက်ပြန်ချင်လို့ ဖောက်ပြန်တာကွာ ဆိုရင်ပြီး၏။ သို့သော် ဦးဆွေသည် ထိုကဲ့သို့သော အဖြေမျိုးကို လက်ခံမည့်သူမဟုတ်ချေ။ နောက်ပြီး ဦးဆွေက အဖေ့သူငယ်ချင်းအရင်းကြီး၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး၊ ကျွန်တော်နှင့်ထက်တို့ နှစ်ယောက်တစ်ဘဝ စတင်ထူထောင်ခဲ့တဲ့အချိန်မှာ အများကြီး ကူညီပေးခဲ့သူဆိုလည်း မမှားချေ။ ထို့ကြောင့် ဦးဆွေ မေးခွန်းကို သူ ဘုတောမတောဘဲ မသိဘူးလို့သာ ဖြေဖြစ်သည်။

“တော်တော်များများကတော့ ပြောကြတယ် ကောင်လေး။ ယောက်ျားတွေက ချမ်းသာလာရင် ပျက်စီးချင်ပြီး မိန်းမတွေကတော့ ဆင်းရဲတဲ့အခါ ပျက်စီးလာကြတယ်တဲ့။ သူတို့ ပြောတာလည်း ဟုတ်တာတော့ဟုတ်တာပေါ့။ ဒါပေမဲ့ မဟုတ်တဲ့အပိုင်းတွေလည်း ရှိတာပဲ။ အဓိကကတော့ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ခန္ဓာကိုယ်တစ်ခုက နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို လိုအပ်တဲ့အချိန်မှာ ဖောက်ပြန်ဖို့ အစပျိုးကြတော့တာပဲ ကောင်လေး။”

“ခင်ဗျာ… ဦးဆွေပြောတာ ကျွန်တော်သိပ်မရှင်းဘူး။ ခန္ဓာကိုယ်တစ်ခုက နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို လိုတယ်ဆိုတာ ဘာကိုပြောတာလဲ။ လိင်ကိစ္စလား။”

Related Article >>> မိုးသည်းထဲကချစ်တဲ့သူ

“ဟား ဟား ဟား။ ဟုတ်တယ်ကောင်လေး။ မင်းပြောတဲ့ အဲ့ဒီ လိင်ကိစ္စဆိုတာလည်း ပါတာပေါ့။ ဒါပေမဲ့ အိမ်ထောင်တစ်ခုမှာ အချစ်တွေ လိင်ကိစ္စတွေထက် တခြားအရေးကြီးတာတွေ အများကြီးရှိတယ်ကွ။ ဥပမာပြောရရင် ဂရုစိုက်တာတို့ အချိန်ပေးတာတို့ပေါ့ကွာ။”

ဦးဆွေက စကားပြောရင်း နောက်တစ်ခွက် ထပ်သောက်ကာ အရှိန်တင်လိုက်သည်။ ဒီည ဦးဆွေ တော်တော်များနေပြီဆိုတာ ကျွန်တော်သိပေမဲ့ တားတာမျိုး မလုပ်ခဲ့။ ဘယ်လောက်သောက်သောက် ဦးဆွေဘဝမှာ အလွန်အကျွံမူးတယ်ဆိုတာမျိုးက ရှိမှမရှိခဲ့တာပဲ။

“အိမ်ထောင်တစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက် လိင်ကိစ္စထက်ပိုပြီး အခြေခံကျတဲ့ ဂရုစိုက်တာတို့ အချိန်ပေးတာတို့ မရှိတဲ့အခါ လူတွေဟာ သူတို့အပေါ် ဂရုတစိုက်နှင့် အချိန်ပေးနိုင်တဲ့ တခြားလူတစ်ယောက် အပေါ်ကို သာယာလာတတ်ကြတယ်ကွ။ မင်းကို မင်းမိန်းမက ဂရုမစိုက်တော့တဲ့အခါ အချိန်မပေးနိုင်တော့တဲ့ အခါ မင်းအပေါ် ဂရုစိုက်ပေးနိုင်တဲ့ နောက်တစ်ယောက်ပေါ်လာကြည့်။ မင်း အဲ့ဒီတစ်ယောက်ကို သာယာမိမှာ အမှန်ပဲ။ အဲ့ဒါဆို မင်းပြောလို့ရတယ်။ ဒီလိုဆို လူတိုင်း ဖောက်ပြန်နေတော့မှာပေါ့ဆိုပြီး။ ဟုတ်တယ် ကောင်လေး။ လူတိုင်း လူတိုင်းဟာ ကာယံကံနှင့် မဟုတ်ရင်တောင် မနောကံနဲ့တော့ ဖောက်ပြန်တတ်ကြတယ်။ ယောက်ျား နဲ့ မိန်းမဆိုတဲ့ ကြားထဲမှာ ခြားထားတဲ့စည်းလေးက ပါးပါးလေးပါကွာ။ အဲ့ဒီစည်းကို ဖောက်ဖျက်ပြီး ကျော်လိုက်လည်း ရတယ် မကျော်ချင်လည်းရတယ်။ အေး ကျော်လိုက်ပြီဆိုတဲ့အခါ တစ်ယောက်ယောက်မှာ ပိုင်ရှင်တွေရှိနေရင်တော့ မင်းတို့ဟာ ဖောက်ပြန်ခြင်း လမ်းကြောင်းပေါ်ကို လျှောက်နေကြပြီပဲ ကောင်လေး။”

စကားအရှည်ကြီးကို ပြောလိုက်ရတော့ ဦးဆွေ မောသွားပုံရသည်။ နောက်ထပ် အရက်ခွက် တစ်ခွက်ကို မော့လိုက်သည်။

“စောနက ငါပြောတဲ့ ယောက်ျားနှင့်မိန်းမကြားထဲမှာ ရှိနေတဲ့စည်းဆိုတာ ဘာမှမဟုတ်ဘူး ကောင်လေး။ ကျင့်ဝတ်နဲ့ သိက္ခာ၊ အသိဉာဏ်နဲ့ ပညာပဲကောင်လေး။ မင်းလည်း အိမ်ထောင်တစ်ခု ထူထောင်ထားတာပဲ။ သေချာ စဉ်းစားပေါ့ကွာ။ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်တာမျိုးတွေ မဖြစ်စေနဲ့ပေါ့ကွာ။ ယောက်ျားတွေဆိုတာ ကြောင်တွေလိုပဲကွ။ ကြင်နာနွေးထွေးမှုနဲ့ ဂရုစိုက်မှုအောက်မှာ သာယာတတ်ကြတာပဲ။ အဲဒီတော့ မင်းကို မဖောက်ပြန်ပါနဲ့လို့လည်း ငါမတားသလို နောက်မိန်းမ ထပ်ယူဖို့လည်း မမြှောက်ပေးဘူး။ မင်းဘာသာ စဉ်းစား။ မင်းအတွက် မင်းသားသမီးတွေအတွက် မင်းအိမ်အတွက် ပင်ပန်းဆင်းရဲခံပြီး အလုပ်တွေလုပ်နေရတဲ့ မင်းမိန်းမက မင်းအပေါ် ခဏလေး ဂရုမစိုက်တာကို မငြိုငြင်နဲ့။ နောက်တစ်ယောက်ရဲ့ ခဏတာအပေါ်မှာ မသာယာမိစေနဲ့။ မင်း ဒီလိုဘဝမျိုး မဖြစ်ခင်က မင်းနှင့်အတူ ပင်ပန်းဆင်းရဲခံခဲ့တဲ့ မင်းမိန်းမပုံကို အမြဲခေါင်းထဲထည့်ထား။ ငါပြောတာ မမေ့နဲ့နော် ကောင်လေး။”

“ဟုတ်ကဲ့ပါ ဦးဆွေ။ စိတ်ချပါ။”

“ငါတော့ များသွားပြီထင်တယ်ကွာ။ လစ်တော့မယ်။ မင်းဆက်နေချင်နေခဲ့လေ။”

“မနေတော့ပါဘူး။ ကျွန်တော်လည်း မိုးချုပ်နေပြီမို့လို့ ပြန်တော့မယ်။”

“အေး အေး။ မင်းအိမ်အတွက် ဘာဝယ်သွားဦးမလဲ။”

“မဝယ်တော့ဘူး ဦးဆွေ။ ကျွန်တော့်ကို ခွင့်ပြုပါဦးခင်ဗျာ။”

ဦးဆွေသည် ဒီ KTV ရဲ့ ပိုင်ရှင်တစ်ယောက်ဆိုတော့ သူ မူးရင် ဒီမှာပင်နေဖို့ အခန်းတစ်ခန်းရှိသည်။ ထို့အတွက် ဦးဆွေကို ပြန်ပို့စရာမလို။

ကားပေါ်တက်ကာ စက်နှိုးလိုက်သည်။ ထို့နောက်တွင်တော့ ခေါင်းထဲမှာ အတွေးမျိုးစုံဝင်လာသည်။ ဘာလို့ ထက်အပေါ်သစ္စာဖောက်ပြီး ဖောက်ပြန်နေမိခဲ့သလဲ။ ကျွန်တော့် ခန္ဓာကိုယ်က နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို လိုအပ်နေတဲ့အချိန်မှာ ထက် အဆင်သင့်မဖြစ်နေခဲ့ခြင်းဟာ ကျွန်တော့်အတွက် ဖောက်ပြန်မှု လမ်းစဆီကို ရောက်သွားလေခြင်းလား။ အဲ့ဒီအချိန်တုန်းက ထက် အဆင်သင့်မဖြစ်နေခြင်းဆိုတာလည်း တခြားမဟုတ်။ ထက် မှာ ကျွန်တော်နဲ့ရတဲ့ ကျွန်တော်တို့ရဲ့ သားဦးလေးကို ကိုယ်ဝန်လွယ်ထားရသောကြောင့် ဖြစ်သည်။ အဲ့ဒီအချိန်တွေတုန်းက…

Moe (YUFL)

No Comments Yet

Leave a Reply

Your email address will not be published.