ဆုတောင်းမှားခဲ့မိပါတယ် (၇ – ဇာတ်သိမ်းပိုင်း)

“ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ညကတော့ နှင်း အရမ်းပျော်ခဲ့ရတယ် သိလား။ ကိုနဲ့အတူ ပြန်နေခွင့် ရခဲ့လို့။”

“မောင်… ဘယ်နားမှာလဲ။”

မနက်စောစောစီးစီး ဖုန်းလာလို့ ကိုင်လိုက်တော့မှ ထက် ဆီက ဖုန်းဖြစ်နေသည်။ ထက် အမေးကိုကြားမှ ကျွန်တော် သတိရမိသည်။ ညက ကျွန်တော် အိမ်မပြန်ဖြစ်။ နှင်းကို bar မှာ ဝင်ခေါ်ခဲ့သည်။ ပြီးတော့ ဟိုတယ် အခန်းကိုပို့ပေးရင်း နှင်းရဲ့ တောင်းဆိုချက်ကို လိုက်လျောမိကာ နှင်းနှင့်အတူ တစ်ညတာကို ကုန်ဆုံးခဲ့သည်။ အခု ထက်က မေးချေပြီ။ ကျွန်တော် လိမ်လက်စနဲ့ ထပ်ပြီး လိမ်ရပေဦးမည်။

“Sorry ပါ ထက်ရယ်။ ညက ဧည့်သည်နှင့် စကားပြောရင်း မောင် အမူးလွန်သွားလို့ သူတို့တည်းတဲ့ ဟိုတယ်မှာပဲ အိပ်လိုက်တော့တယ်။”

“အဲ့ဒါဆို ရုံးတန်းတက်မှာလား။ အိမ်ပြန်လာဦးမှာလား မောင်။”

“အိမ်ခဏပြန်လာဦးမယ် ထက်။ မောင် အဝတ်လဲဦးမယ်။”

“အွန်း။ ထက် အဝတ်အစားတွေပြင်ပေးခဲ့မယ်နော်။ သားလေးလည်း နေမကောင်းတော့ ဆေးခန်းပြပြီး သားလေးကို ထက် ဆိုင်ပဲခေါ်သွားတော့မယ်မောင်။”

“ဟင်… သားလေးက ဘာဖြစ်တာလဲ ထက်။”

ထက် နှင့် ဖုန်းပြောနေရင်း နံဘေးရှိ နှင်း နိုးလာသည်။ နှင်းအား အသံမထွက်စေရန် ကျွန်တော် လက်ကာပြပြီး ဖုန်းဘက်ကိုပဲ အာရုံစိုက်ထားရသည်။ ဒီအချိန်မှာ နှင်းသာ အသံထွက်လျှင် ကျွန်တော် ကိစ္စပြတ်ပြီသာ။

“ဘာမှကြီးကြီးမားမားတော့ မဟုတ်ပါဘူး မောင်။ အအေးမိပြီး ရိုးရိုးဖျားတာပါပဲ။ အဖျားနည်းနည်းကျပြီ ဆိုပေမဲ့ စိတ်ချရအောင် ဆေးခန်းထပ်ပြချင်လို့။”

“ဟုတ်ပြီ ထက်။ အဲ့ဒါဆို ညနေမှပဲ တွေ့မယ်နော်။ ချစ်တယ်…။”

ကျွန်တော် ဖုန်းကို ချလိုက်သည်။

“အိမ်ကဆက်တာလား။”

နှင်း အမေးကို ကျွန်တော်ခေါင်းညိတ်ပြီး ဖြေလိုက်သည်။ ထို့နောက် နှင်းအား မေးခွန်းဆက်လိုက်သည်။

“အိပ်ရာနိုးပြီလား။”

“ဟုတ်။”

“ခေါင်းရောကြည်ရဲ့လား နှင်း။ ညက တော်တော်များသွားတယ်ထင်တယ်။”

ကျွန်တော့် စကားဆုံးတော့ နှင်းက ရယ်သည်။

“ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ညကတော့ နှင်း အရမ်းပျော်ခဲ့ရတယ် သိလား။ ကိုနဲ့အတူ ပြန်နေခွင့် ရခဲ့လို့။”

“အိပ်ရာနိုးပြီဆို ကိုယ်တို့ ပြန်ရအောင်နော်။ ကြာကြာရှိနေလို့ မသင့်တော်ဘူးထင်တာပဲ။”

ကျွန်တော့်စကားဆုံးတော့ နှင်းက နောက်ထပ် ရယ်သည်။ ဘာမှတော့ မပြောချေ။

“ရေသွားချိုးဦးမယ်။”

ကျွန်တော် ပြောပြီး နှင်းကို ထားခဲ့ကာ ရေချိုးခန်းဆီထလိုက်သည်။ နှင်းကတော့ ကုတင်ပေါ်မှာ အိပ်ရင်း ကျန်ခဲ့သည်။

“ကို…”

ကျွန်တော် ပြန်ထွက်လာတော့ နှင်းက ကျွန်တော့် အင်္ကျီကြယ်သီးများကို တပ်ပေးရင်း ကျွန်တော့်ကို ခေါ်လိုက်သည်။ သို့သော် နှင်းရဲ့ အခေါ်ကို ကျွန်တော် မထူးမိ။

“နှင်းက အခုချိန်မှာ လွတ်လပ်တဲ့ မိန်းကလေးတစ်ဦးဖြစ်သွားပါပြီကို…။ နောက်ပြီး နှင်းအနေနဲ့ ကို့ကို ကွာရှင်းလိုက်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမဲ့ ကို့ရဲ့ အငယ်အနှောင်းဘဝပဲ နေရနေရ နှင်း ကျေနပ်ပါတယ် ကိုရယ်။”

နှင်းက ဆက်ပြောနေပေမဲ့ ကျွန်တော် ဘာမှပြန်မပြောမိ။ အဝတ်အစားဝတ်ပြီးတော့ ကျွန်တော် နှင်းကို နှုတ်ဆက်လိုက်သည်။

“ကိုယ်ပြန်တော့မယ်။”

“နှင်း ပြောတဲ့ကိစ္စရော…”

“စဉ်းစားလိုက်ဦးမယ်။ ထက် သိရင်တော့ ကိုယ်တို့ သုံးယောက်လုံးအတွက် မကောင်းတဲ့ ကိစ္စဖြစ်သွားမယ် ထင်တယ်။ အဲဒါကြောင့် ကိုယ်တို့ အနေအထိုင်တော့ ဆင်ခြင်ရမယ် နှင်း။”

“စိတ်ချပါ ကိုယ်…။”

“ကိုယ် ပြန်ပြီနော်။”

နှင်းကို ထားခဲ့ကာ ကျွန်တော် အိမ်သို့ပြန်ပြီး အဝတ်အစားလဲ ရုံးတက်ခဲ့ရသည်။ ကျွန်တော် နှင်းနှင့် ထပ်မံတွေ့ဆုံခဲ့ရသည်ကို ထက်တစ်ယောက်တော့ သိမည့်ပုံမပေါ်ချေ။

Related Article >>> ဆုတောင်းမှားခဲ့မိပါတယ် (၆)

လူဆိုသည်မှာလည်း ပြောရတာတော့ခက်သည်။ မကောင်းမှန်းသိလျက်နဲ့ မကောင်းမှုမှာပင် မွေ့လျော်တတ်သည့် အမျိုးပင်။ ပင်လယ်ဆားရေကို သောက်မိသလို သောက်လေသောက်လေ ငတ်မပြေဖြစ်သကဲ့သို့ ကျွန်တော်သည်လည်း နှင်းနှင့်ထပ်ခါတလဲလဲ ဖောက်ပြန်မိခဲ့သည်။ ကနဦးကာလမှာတော့ ထက် ဘာမှမသိခဲ့ပေမဲ့ အချိန်ကာလတစ်ခုရောက်တော့ ကျွန်တော်တို့အကြောင်းကို ထက် သိသွားခဲ့သည်။

ပန်းသတင်း ပန်းချင်းဆောင် လူသတင်းလူချင်းဆောင်သည်ဟု ဆိုသော်ငြား ကျွန်တော်တို့ ကိစ္စကိုတော့ ထက် တစ်ယောက် သူ့ဘာသာ သိသွားခြင်းပင်ဖြစ်သည်။ ထက် ဆိုင်သိမ်းပြီး ပြန်အလာမှာ ကျွန်တော်နှင့် နှင်း ဟိုတယ်ထဲဝင်သွားသည့် မြင်ကွင်းကို ထက် တွေ့သွားခြင်းပင်ဖြစ်သည်။

ထိုသို့ မြင်သွားသည်ကို ကျွန်တော်လုံးဝမသိခဲ့။ အိမ်ရောက်မှ ဧည့်ခန်း၌ ဒေါသထွက်နေသော အသွင်ဖြင့် ကျွန်တော့်ကိုစောင့်နေသော ထက် အားတွေ့လိုက်ရသည်။ ကျွန်တော် မသိချင်ယောင်ဆောင်ကာ နေလိုက်သည်။ တကယ်လည်း ထက်ဘာဖြစ်နေသည်ဆိုတာကို ထိုအချိန်က မသိသေး။

“အခု ဘယ်ကပြန်လာတာလဲ။ ဦးဆွေဆီကလို့တော့ မဖြေနဲ့နော်။ ထက် ဖုန်းဆက်မေးပြီးပြီ။”

ထက် အသံကြားတော့ ကျွန်တော် နည်းနည်းလန့်သွားပါသည်။ သို့သော်လည်း လွယ်လင့်တကူ လိမ်လိုက်သည်။

“ရုံးကလေ အချစ်ရဲ့။ ဟိုဘက်နိုင်ငံနဲ့ အလုပ်လုပ်ရတာဆိုတော့ သူတို့အားတဲ့အချိန်ထိစောင့်ပြီး အလုပ်လုပ်ရတာပေါ့။ ထက်လည်းသိတာပဲ။ မောင်တို့နှင့် သူတို့မှာ နေ့ညပြောင်းပြန်ဆိုတာ။”

“သြော်… ဒါဆို ရှင့်အလုပ်ကို ———— ဟိုတယ်ထဲ ရွှေ့သွားတာလား။ နောက်ပြီး ရုံးတက်တဲ့ပုံကလည်း မိန်းကလေးတစ်ယောက်ကို ခါးဖက်ပြီးတော့လား။”

ကျွန်တော် တကယ်လန့်သွားပါသည်။

“ထက် ဘယ်လိုသိတာလဲ။”

ကျွန်တော့်အမေးကို ချက်ချင်းမဖြေသေးဘဲ လှောင်ရယ်လိုက်သည်။

“ဒီနေ့ ငှားလာတဲ့ Taxi က ခါတိုင်းလမ်းက ကားပိတ်တယ်ဆိုပြီး လမ်းကြောင်းပြောင်း မောင်းလာတာ ချက်ချင်းကို တန်းတိုးတော့တာပဲ။ ဘယ်အချိန်ကစပြီး ရှင်တို့ ဒီလိုပြန်ဖြစ်နေတာလဲ။”

“မောင် တောင်းပန်ပါတယ် ထက်။ မောင်အကုန်လုံးကို ဝန်ခံပါ့မယ်။ လွန်ခဲ့တဲ့ ၂ လလောက်ကမှ မောင်တို့ ပြန်တွဲဖြစ်ခဲ့တာပါ။”

“သြော်… ဒါဆို ၂ လပဲကြာသေးတာပေါ့ ဟုတ်လား၊ ဒီတစ်ခါတော့ ခွင့်လွှတ်ဖို့ မတောင်းပန်နဲ့တော့နော်။ ထက်ဖြိုးဝေဆိုတဲ့ မိန်းမက အင်မတန် စိတ်ကြီးတယ်ဆိုတာ မောင် အသိဆုံးနော်။ အဲဒီလောက် စိတ်ကြီးတာကို ပထမတစ်ကြိမ် လျှော့ပေးခဲ့တယ်။ ခွင့်လွှတ်ပေးခဲ့တယ်။ အခု ဒုတိယတစ်ကြိမ်ကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ထက်ကို စော်ကားလွန်းအားကြီးသွားပြီ။ သည်းမခံနိုင်တော့ဘူး။ ကွာရှင်းကြရအောင်။”

“သေချာပြန်စဉ်းစားကြည့်ပါဦးလားဟင်။ သားလေးမျက်နှာ…”

“လာပြန်ပြီလား ဒီသားလေးမျက်နှာ…။ သားလေးမျက်နှာကို ကြည့်ရမှာ ထက် မဟုတ်ဘူး ရှင်…။ ရှင်သာ သားလေးမျက်နှာကိုကြည့်ရမှာ။ ကလေးကို အကြောင်းပြုပြီး အပြင်မှာ ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ နောက်တစ်ကြိမ် ခွင့်မလွှတ်ပေးနိုင်တော့ဘူး။ ဒီဘက်ခေတ်မှာ ထက်တို့ မိန်းမတွေဟာ မညံ့ဖျင်းတော့ပါဘူး။ ထက်တို့ဘာသာ အိမ်ထောင်တစ်ခုကို ရပ်တည်နိုင်တယ်ဆိုတာ ရှင်မမေ့ပါနဲ့။ ထက်တို့ဘာသာ ရင်သွေးငယ်ကို ပြုစုပျိုးထောင်ပြီး စောင့်ရှောက်နိုင်ပါတယ်။ တံခွန်မရှိတဲ့ ဘုရား၊ အလံမရှိတဲ့ရထားတို့သာ တင့်တယ်ချင်မှ တင့်တယ်ပါလိမ့်မယ်။ လင်မရှိတဲ့ ထက်တို့ မိန်းကလေးတွေကတော့ တင့်တယ်နိုင်တယ်။ အဲဒါကို ရှင် ဘယ်တော့မှ မမေ့ပါနဲ့။ နောက်ပြီး ဒီမိန်းမက အိမ်ထဲမှာပဲ နေနေတာ။ ငါလုပ်ချင်တာအကုန်လုပ်ပြီး တောင်းပန်လိုက်ရင် ခွင့်လွှတ်မယ်လို့လည်း မထင်လိုက်ပါနဲ့။ ထက် တို့မိန်းမတွေဟာ မအတော့ဘူး၊ မညံ့တော့ဘူး။ ထက်တို့ တတ်ထားတဲ့ ပညာတွေနဲ့ သားလေးကို ကောင်းကောင်း စောင့်ရှောက်ပေးလို့ရတယ်။ အဲ့ဒါကြောင့် ထက် တို့ ကွာရှင်းကြရအောင်ပါ။”

“ဒါပေမဲ့…”

“ဖခင် မေတ္တာဆိုတဲ့ ခပ်ပေါပေါ ဗီဒီယိုကားထဲကလို ဒိုင်ယာလော့ဂ်မျိုး လာမပြောနဲ့နော်။ ထက် ကိုယ်တိုင်လည်း ဖခင်မရှိဘဲ ကြီးပြင်းလာရတယ်ဆိုတာကို မမေ့ပါနဲ့။ အခု ထက်မှာ တာဝန်တစ်ခု ပိုလာတာပေါ့လေ။ သားလေးအရွယ်ရောက်လာရင် သူ့အဘိုး ထက်အဖေလို မဖြစ်အောင်၊ သူ့အဖေ မောင့်လို မဖြစ်အောင် ထိန်းကျောင်းသွားရမှာပေါ့။ ဒါပါပဲ။ မနက်ကျရင် ထက် တို့ ဒီအိမ်ပေါ်က ဆင်းပေးမယ်။ အခုတော့ သားလေး အိပ်ပျော်နေလို့ တစ်ည သည်းခံပြီးနေလိုက်မယ်။ မနက်ဖြန်ညနေကျရင် ကွာရှင်းစာချုပ်မှာ လက်မှတထိုးပြီးပို့ပေးလိုက်ပါမယ်။ ရှင့်ဘက်က လက်မှတ်ထိုးပြီး ထက်ဆီပြန်ပို့ပေးပါ။ ပြောစရာ စကားကုန်သွားပြီ။ ထက် အိပ်တော့မယ်။ Good Luck ပါ။”

ပြောချင်တာပြောပြီး ထက်တစ်ယောက် ကျွန်တော့်ရှေ့မှ ပျောက်ကွယ်သွားပါတော့သည်။ ဘယ်လိုမှ တောင်းပန်လို့ မရတော့မှန်းလည်း ကျွန်တော်နားလည်မိပါသည်။ ထို့ကြောင့် နောက်နေ့မှာ ထက်ပို့ပေးလာသော စာချုပ်မှာ လက်မှတ်ထိုးကာ ကွာရှင်းပေးလိုက်ပါသည်။ ထက် တစ်ယောက် လွတ်မြောက်ပါစေလေ။

ကျွန်တော်ကတော့ နှင်းနှင့် လက်မထပ်ဖြစ်ခဲ့ပါ။ သို့သော်လည်း ဒီတိုင်း စာချုပ်တွေရဲ့ အနှောင်အဖွဲ့၊ ချစ်ခင်မှု မပါဘဲ ခန္ဓာကိုယ်နှစ်ခုရဲ့ လိုအပ်ချက်အရ အတူနေဖြစ်ခဲ့သည်။ ကျွန်တော့်ရဲ့ ဘဝဆက်တိုင်း အတူဆုံပါရစေဆိုတဲ့ ဆုတောင်းကို ကျွန်တော် ထပ်ပြီး မတောင်းဖြစ်တော့ချေ။

ဘဝဆက်တိုင်း ကျွန်တော့်ဆုတောင်းတွေ မမှားစေချင်တော့ပါ…။

မိုး{UFL}

စိတ်ကူးယဉ်ခံစားရေးဖွဲ့ခြင်းသာ ဖြစ်ပါကြောင်း…

No Comments Yet

Leave a Reply

Your email address will not be published.