ဆုတောင်းမှားခဲ့မိပါတယ် (၆)

နေနေကျအခန်းတဲ့… နှင်း သုံးသွားတဲ့ စကားလုံးက ကျွန်တော့်အား အတိတ်ကို ပြန်သတိရစေခဲ့သည်

“ကို… နှင်းတို့နှစ်ယောက် အစကပြန်စကြရအောင်လား။ နှင်း တောင်းပန်ပါတယ်။”

နေ့လယ်ခင်း ထမင်းစားပြီးချိန် ကျွန်တော့်ဖုန်းဆီသို့ ဝင်လာသော နှင်းဆီမှ sms စာတိုတစ်စောင် ဖြစ်သည်။ ထက်နဲ့ အစစ အရာရာ အဆင်ပြေပြီးနောက် ကျွန်တော် နှင်းဆီသို့ ထပ်မသွားလို။ ထို့အတွက် နှင်းဆီမှ SMS များကို ကျွန်တော် မသိကျိုးကျွံပြုထားလိုက်သည်။ ကျွန်တော့်ဆီမှ ပြန်စာမလာသောကြောင့် ထင်၏။ နှင်း တစ်ယောက် ဘာမှထပ်မပို့တော့ချေ။

ညနေ ရုံးဆင်းချိန်ရောက်သွားခဲ့သည်။ တစ်ရုံးလုံးလည်း ဘယ်သူမှမရှိတော့။ ကျွန်တော့် အတွင်းရေးမှူး တစ်ယောက်သာ ကျွန်တော်နှင့်ကျန်ခဲ့သည်။ ကျွန်တော်လည်း ဘာမှ ထွေထွေထူးထူး မရှိတော့သောကြောင့် သူ့ကို ပြန်လွှတ်ပြီး ရုံးဆင်းရန် စိတ်ကူးလိုက်သည်။ ထိုစဉ်မှာ မမျှော်လင့်သော နှင်းဆီမှ ဖုန်း ဝင်လာခဲ့သည်။ ထိုဖုန်းကို ကိုင်လိုက်လျှင် ကျွန်တော့် အိမ်ထောင်ရေးပြိုကွဲခဲ့မည်ဆိုတာကို ကြိုမသိခဲ့။ ကြိုသာသိခဲ့လျှင် ထိုဖုန်းကို ကျွန်တော်ကိုင်မည်မဟုတ်ချေ။ သို့သော်လည်း ကိုင်လိုက်မိသည်။

“ဟဲလို…”

“ကိုမိုးထက်မောင်မောင်လားခင်ဗျာ။”

ရုတ်တရက် အမျိုးသားတစ်ယောက်အသံကြားတော့ ကျွန်တော် ဖုန်းကို ပြန်ကြည့်မိသည်။ ဖုန်းနံပါတ်တော့ မမှားချေ။ နှင်းဖုန်းမှ နှင်းဖုန်းသာ။ နှင်း အမျိုးသား ဖြစ်လေမလားလို့လည်း စဉ်းစားမိသည်။

“ဟုတ်ကဲ့ ကျွန်တော် မိုးထက်မောင်မောင်ပါခင်ဗျာ။ ဘာကိစ္စလဲမသိဘူး။”

“ကျွန်တော် ——— ဟိုတယ် bar ကပါခင်ဗျာ။ အစ်ကို့ မိတ်ဆွေ မနှင်းဟေမာန် အခု တော်တော်လေးကို မူးနေပြီး အစ်ကို့ဆီ ဆက်သွယ်ခိုင်းလို့ ဆက်သွယ်လိုက်ခြင်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး လာခဲ့ပေးစေချင်ပါတယ်။”

“ကောင်းပါပြီ။ ကျွန်တော် အခုပဲ ထွက်လာခဲ့ပါမယ်ခင်ဗျာ။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စောင့်နေပါ့မယ်။”

“ဟုတ်ကဲ့။ သေချာဂရုစိုက်ပေးထားပါ။”

ဖုန်းပြန်ချလိုက်သည်။ နှင်း မူးနေသည်တဲ့။ ကျွန်တော် သွားမှဖြစ်မည်။ နှင်းဆီမှာ ကျွန်တော်ကလွဲပြီး တခြား မိတ်ဆွေများများစားစားမရှိ။ ထို့ကြောင့် နှင်း အခက်အခဲ ဖြစ်နေသည်ကို ကျွန်တော် လျစ်လျူရှုမနေနိုင်ချေ။ နောက်ပြီး နှင်းနှင့် ကျွန်တော် ပတ်သက်မှုကို ထောက်ရှုရလျှင် ကျွန်တော့်အနေနဲ့ ပစ်ပစ်ခါခါ မလုပ်နိုင်ချေ။

ထို့ကြောင့် ကျွန်တော် ပစ္စည်းမြန်မြန်သိမ်းကာ အတွင်းရေးမှူးမလေးကို ရုံးဆင်းခိုင်းလိုက်သည်။ ထို့နောက် ကျွန်တော်လည်း ကားပေါ်တက်ကာ နှင်းရှိရာဆီ အမြန်မောင်းလိုက်သည်။ ကားမောင်းနေရင်း ထက် ဆီက ဖုန်းဝင်လာသည်။

“ထက် ပြောပါ။”

“မောင် ရုံးဆင်းပြီလားဟင်။”

“ရုံးတော့ဆင်းပြီ ထက်။ ဒါပေမဲ့ မောင် အရေးပေါ်ကိစ္စပေါ်လာလို့။”

“ဦးဆွေဆီ သွားမလို့လား။”

“မဟုတ်ပါဘူး ထက်။ နိုင်ငံခြားက မောင့် partner တွေရောက်လာလို့ အဲ့ဒါ သူတို့ကို သွားဧည့်ခံမလို့ပါ။”

“အဲ့ဒါဆိုလည်း ဒါပဲနော်။ ဖြစ်နိုင်ရင် ညဥ့်မနက်ပါစေနဲ့ မောင်။”

“ဟုတ်ကဲ့ပါ။ ဒါပဲနော် ထက်။ ချစ်တယ်…။”

ကျွန်တော် ရည်ရွယ်ချက်မရှိဘဲ ထက်ကို လိမ်ပြောလိုက်မိသည်။ ထိုသို့ လိမ်ပြောရခြင်းကပင် ကျွန်တော့် အမှားတစ်ခုဖြစ်သွားမှန်း ထိုစဉ်က ကျွန်တော် မသိခဲ့။ နောက်ပြီး နှင်းကို bar မှ ဝင်ခေါ်ကာ သူ့အိမ်ပြန်ပို့ပြီး ကျွန်တော်လည်း ကျွန်တော့်အိမ်ပြန်မည်ဟု တွေးကာ ထက် ဆီသို့ နောက်မကျပါဟု အာမဘန္တေခံလိုက်ခြင်း ဖြစ်ပေသည်။

Related Article >>> ဆုတောင်းမှားခဲ့မိပါတယ် (၅)

ကျွန်တော် bar ရောက်သွားတော့ နှင်း တစ်ယောက် တော်တော်မူးနေပြီဖြစ်သည်။ ခေါင်းပင် မထောင်နိုင်တော့။

“နှင်း…”

ကျွန်တော် ခေါ်လိုက်တော့ ရီဝေဝေမျက်လုံးများနှင့် ကျွန်တော့်ကို မော့ကြည့်သည်။

“သြော်… နောက်ဆုံးတော့ ရောက်လာပြီလား။ အခုလို ခေါ်မှပဲ ရောက်လာတော့တယ်နော်။”

“ကိုယ် တောင်းပန်ပါတယ်။ ပြန်ကြရအောင်နော်။ နှင်းလည်း တော်တော်မူးနေပြီမလား။ ပြန်ရအောင်နော်။”

“ပြန်ရမယ်ဟုတ်လား။ ဘယ်ကိုပြန်ရမှာလဲ။ ဘယ်မှမပြန်ဘူး။ အိမ်မပြန်ချင်လို့ ဒီမှာ တစ်ယောက်တည်း လာသောက်နေတာ။ အိမ်ပြန်ရင်လည်း ကြိုမဲ့ သားလည်းမရှိ။ ခင်ပွန်းလည်းမရှိ။ မိသားစုဆိုလို့လည်း မရှိ။ နှင်း ဘဝဟာ အင်မတန်မှ သနားဖို့ကောင်းပါတယ် ကို။ ကို့လိုမျိုး သားနဲ့ မယားနဲ့ ပျော်ပျော်ရွှင်ရွှင် မိသားစု ဘဝမျိုး နှင်းမှာ မရှိပါဘူး။ ကိုယ်မနေချင်ရင်ပြန်ပါ။ နှင်း ဘာသာ တစ်ယောက်တည်းပဲ အေးဆေး ဆက်သောက်ပါရစေ။”

“ဒီလောက် မူးနေတာကို ဘယ်လိုပြန်ရမှာလဲ နှင်းရယ်။ လိမ္မာတယ်နော်။ ကိုယ်ပြန်ပို့ပေးမယ်။”

“အဲဒါဆို နှင်း အိမ်မပြန်ဘူး။”

“ဟင်… အိမ်မပြန်ချင်လို့ ဘယ်ပြန်ချင်လို့လဲ နှင်းရယ်။”

“အပေါ်ထပ်မှာ နှင်းအခန်းငှားပြီးသွားပြီ၊ အဲဒီကိုပဲ လိုက်ပို့ပေးပါ ကို”

“အဲ့ဒါဆိုလည်း ထတော့နော်။ နှင်းတော်တော်များနေပြီ။ အခန်းနံပါတ် ဘယ်လောက်လဲ။”

“နှင်းတို့ နေနေကျအခန်းပဲ ကို”

နေနေကျ အခန်းတဲ့လား နှင်းရယ်။ နေနေကျအခန်းတဲ့ နှင်း သုံးသွားတဲ့ စကားလုံးက ကျွန်တော့်အား အတိတ်ကို ပြန်သတိရစေခဲ့သည်။ ထိုအခန်းကို ကျွန်တော် ကောင်းကောင်း မှတ်မိတာပေါ့။ ကျွန်တော်နှင့်နှင်း အကြိမ်ကြိမ် ချစ်ပွဲဝင်ခဲ့ရာ အချစ်တလင်းပြင်အခန်းပဲ။ ထိုသို့တွေးမိတော့ ကျွန်တော့် စိတ်တွေ ပြန်လည်နိုးကြား လာခဲ့သည်။ ကျွန်တော့် ခန္ဓာကိုယ်က နှင်းကို တောင့်တလာခဲ့သည်။

အခန်းထဲရောက်တော့ နှင်းက ကျွန်တော် ကြိုပြီး မမျှော်လင့်ထားသောစကားကို ပြောခဲ့သည်။ ဒီညတစ်ညကို သူနှင့်အတူ ကုန်ဆုံးပေးဖို့။ ခန္ဓာကိုယ်နှစ်ခု တစ်ခုနှင့်တစ်ခု လိုအပ်ချိန်မှာ ကျွန်တော်ဟာ ရေငတ်တုန်း ရေတွင်းထဲကျခဲ့သလိုဖြစ်လာခဲ့ပြီ။

နှင်း၏တောင်းဆိုချက်ကို ကျွန်တော် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ လွယ်လင့်တကူ ခေါင်းညိတ်ခဲ့သည်။ ဒါဟာ ထက်နှင့်ကျွန်တော့်အိမ်ထောင်ကို ပြိုကွဲစေနိုင်သော အမှားကြီးတစ်ခုပင် ဖြစ်ခဲ့တော့သည်။

Moe (YUFL)

No Comments Yet

Leave a Reply

Your email address will not be published.