ဆုတောင်းမှားခဲ့မိပါတယ် (၅)

ဒီသားလေးကလည်း ထက် တစ်ယောက်တည်း download ဆွဲလို့ရလာတာ မဟုတ်ဘူး မောင်။ မောင်နဲ့ ပေါင်းစပ်ပြီးမှ ရလာတဲ့ ရင်သွေးလေးပါ

“ညက ထက် တရေးနိုးတဲ့အချိန်မှာ နာရီကြည့်ချင်လို့ မောင့်ဖုန်းကို ယူလိုက်မိတယ်။ အဲ့ဒီမှာ မထင်မှတ်ဘဲ မောင့်ဆီကို ခေါ်ထားတဲ့ အဝင်call တွေနှင့် message တွေကို တွေ့လိုက်ရတယ် မောင်။ မောင် အရမ်း လုပ်ရက်တာပဲ။”

ထက်ကပြောပြီးတော့ တရှုံ့ရှုံ့နဲ့ ငိုလေပြီ။ ကျွန်တော်မှားသွားပြီ။ ကျွန်တော့်အမှားတွေကို ထက်သိသွားပြီ။ ထက် ကို ဘယ်လိုပြန်တောင်းပန်ရမလဲဆိုတာ ကျွန်တော် မသိတော့။ သို့သော်လည်း တောင်းပန်ပါတယ်ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ပြောနေမိသည်။

ခဏနေတော့ ထက် အငိုရပ်သွားသည်။ ထို့နောက် ကျွန်တော် မမျှော်လင့်ထားသော စကားတစ်ခွန်းကို ကြားလိုက်ရသည်။

“ထက်တို့ ကွာရှင်းရအောင် မောင်။”

“မဟုတ်သေးဘူး ထက်။ မောင် တကယ်ချစ်တာ ထက် တစ်ယောက်တည်းပါ။ ဟိုတစ်ယောက်နဲ့က ဒီတိုင်း ဖြစ်သွားတာ။ သူ့ကို မောင်ချစ်လို့မဟုတ်ဘူး။ သူလည်းဒီလိုပဲ။ မောင့်ကို ချစ်မှာမဟုတ်ဘူး။”

“တော်ပါပြီမောင်။ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ထပ်မပြောပါနဲ့တော့။ မောင်ပြောသမျှ စကားတွေကို ထက် ဘယ်လိုမှ မယုံကြည်နိုင်တော့လို့ ကျေးဇူးပြုပြီး ထက်ကို ကွာရှင်းပေးပါ။”

“ကွာရှင်းတာကလွဲပြီး တခြားပြောစရာမရှိတော့ဘူးလား ထက်ရယ်။ မောင့်ကို မချစ်တော့ဘူးဆိုရင်တောင် သားလေးမျက်နှာကိုတော့ ထောက်ပါဦး။”

“သားလေးမျက်နှာ… ဟုတ်လား မောင်။ မောင်သာ သားလေးမျက်နှာကို ထောက်မယ်ဆိုရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာကိုမဟုတ်ဘူး။ ဒီသားလေးကလည်း ထက် တစ်ယောက်တည်း download ဆွဲလို့ရလာတာ မဟုတ်ဘူး မောင်။ မောင်နဲ့ ပေါင်းစပ်ပြီးမှ ရလာတဲ့ ရင်သွေးလေးပါ။ သားလေးကြောင့် မောင့်ကို အရင်ကလောက် ဂရုစိုက်ဖြစ်ချင်မှ စိုက်ဖြစ်မယ်မောင်။ ဒါပေမဲ့ မောင့်ပေါ်ချစ်တဲ့ အချစ်စိတ်ဟာ မောင့်အပေါ်မှာ လုံးဝမလျော့ခဲ့ဘူး။”

“အဲ့ဒါကြောင့် မောင်လည်း နောင်တတွေရပြီး ထက် ဆီပြန်လာပြီလေ။ ကျေးဇူးပြုပြီး မောင့်ကို ခွင့်လွှတ်ပေးပါနော်။”

“ခွင့်လွှတ်ပေးရမယ် ဟုတ်လား မောင်။ ထက် တစ်ယောက်တည်း အိမ်ကိစ္စ၊ ဆိုင်ကိစ္စ၊ သားလေးကိစ္စနဲ့ ရှုပ်နေချိန်မှာ တခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့ မောင့်ကို ထက်က အသာတကြည် ခွင့်လွှတ်ပေးရမယ်ပေါ့။ ဖြစ်နိုင်တာပဲ ပြောပါမောင်ရယ်။ ဖြစ်နိုင်တာပဲပြောစမ်းပါ။”

Related Article >>> ဆုတောင်းမှားခဲ့မိပါတယ် (၃)

“မောင် မကွာရှင်းပေးနိုင်ဘူးဆိုရင်ရော…။”

“ဟင့်အင်း၊ မရဘူး၊ မောင် မကွာပေးလည်း ထက်ကတော့ ကွာမှာပဲ။”

“ထက် ရယ် ဘာလို့များ မောင့်ကို အဲ့လောက်ထိရက်စက်ရတာလဲ။”

“ဟင့်အင်း။ မောင် အရင်ဆုံးရက်စက်ခဲ့တာပါ။ ထက် မကြိုက်ဆုံးဆိုတဲ့ ဖောက်ပြန်မှုကို မောင် အရင်ဆုံး စလုပ်ခဲ့တာပါ။ ဒါ တူသောအကျိုးပေးပါ။ ဂျင်းစိမ်းနှင့် မိဿလင် သူကြင်မှကိုယ်ကြင်ပါ။ အဲ့ဒါကြောင့် ထက်ဆီက ဘာ ခွင့်လွှတ်မှုမှ လာမတောင်းပါနဲ့။ တောင်းလည်း မတောင်းပန်ပါနဲ့။ ထက် မမုန်းခင်မှာပဲ ကွာရှင်းပေးပါ။ ထက်တောင်းပန်ပါတယ်။”

“တကယ်ကို ခွင့်မလွှတ်နိုင်တော့ဘူးလား ထက်။ သားလေးကို မိမစုံဖမစုံတဲ့ ဘဝရောက်အောင် ဖန်တီးမလို့လား။”

“သူခိုးက လူပြန်မဟစ်ပါနဲ့ ရှင်ရယ်။ သားလေးကို တကယ်သာ မိစုံဖစုံဖြစ်စေချင်ရင် အဲ့ဒီမိန်းမနှင့် ဖောက်ပြန်စရာ အကြောင်းကို မရှိဘူး။”

“အဲ့ဒီကိစ္စကို မောင် အနူးအညွတ်တောင်းပန်ပါတယ်။ နောက်မဖြစ်စေရပါဘူး အချစ်ရယ်။”

“တော်ပြီ မောင် ဘာမှထပ်မပြောပါနဲ့တော့။ ထက် ရင်ထဲက ဒဏ်ရာတွေ ဒီထက်ပိုပြီး မကြီးချင်တော့ဘူး။ အဲ့ဒါကြောင့် ဒီမှာတင် လမ်းခွဲပါရစေ။ ထက်ရင်ထဲက ဒဏ်ရာတွေ အရမ်းကြီးမားလာခဲ့ရင် မောင့်ကို မုန်းတီးလာမိရင် အခြေအနေတွေပိုရှုပ်ထွေးကုန်လိမ့်မယ်။”

မတ်တပ်ရပ်ရင်း ပြောနေသော ထက်ကို ကျွန်တော် မော့ကြည့်လိုက်မိပါသည်။

“မောင် တောင်းပန်ပါတယ်။ မောင့်အမှားတွေအတွက်လည်း နောင်တရပါတယ် ထက်။ အဲ့ဒါကြောင့် မောင် အချိန်မီပြင်ဆင်ဖို့ ထက် ဆီအရောက်ပြန်လာခဲ့တာပါ။ အဲ့ဒီလိုပြန်လာလို့ ဟိုမိန်းမက မကျေနပ်နိုင်ဘဲ မောင့်ဆီစာတွေပို့ ဖုန်းတွေဆက်ပြီး နှောင့်ယှက်ခဲ့တာပါ ထက်ရယ်။ ဒီလောကကြီးထဲမှာ ထက် တစ်ယောက်တည်းကိုသာ မောင် အချစ်ဆုံးပါ။”

“တော်ပါတော့ မောင်။ ထက်ကို ချစ်တယ်ဆို အဲ့မိန်းမနှင့်ဖောက်ပြန်စရာ ဘာအကြောင်းမှ မရှိဘူး။ မောင် ထက်ကို ပစ်ထားလို့သာ ထက်ကို သစ္စာဖောက်တဲ့ လုပ်ရပ်မျိုးကို လုပ်ရက်တာပေါ့။ မဟုတ်ဘူးလား မောင်။”

ထက် မျက်ဝန်းထက်မှ မျက်ရည်များပြန်လည်ကာ လိမ့်ကျလာပါသည်။ ထက်ပါးပြင်ပေါ်မှတစ်ဆင့် စီးဆင်းလာပါသည်။ ကျွန်တော် လက်လှမ်းကာ မျက်ရည်စတွေကို သုတ်ပေးဖို့ ကြိုးစားလိုက်သည်။ သို့သော် ကျွန်တော့်လက်ကို ပုတ်ထုတ်လိုက်သည်။

ထက် သည် အင်မတန်စိတ်ဓာတ် မာကြောပြီး စိတ်ကြီးသော မိန်းကလေးတစ်ဦးဖြစ်သည်ကို ကျွန်တော် အသိဆုံးပင်။ ငယ်ငယ်လေးတည်းက အဖေဖြစ်သူက သူတို့သားအမိကို ထားခဲ့ကာ နောက်မိန်းမယူသွားခဲ့သည်။ ထို့ကြောင့် ဖောက်ပြန်ခြင်းဆိုတာကို သူ အမုန်းကြီးမုန်းနေခြင်းပင်။ သူမုန်းနေသည်ဆိုသော အရာကိုမှ ကျွန်တော်ကလည်း လုပ်မိလျက်သားဖြစ်နေသည်။

“မောင် တောင်းပန်ပါတယ်။ မောင့်ကို အမှားပြင်ဆင်ခွင့်လေး ပေးပါနော်။ ခွင့်လွှတ်ဖို့ မတောင်းဆိုချင်ပေမဲ့ ဒီတစ်ခါ တကယ်နောက်ဆုံးအကြိမ်ပါ။ နောက်ထပ်လုံးဝ သစ္စာမဖောက်တော့ဘူးနော်။ မောင့်ကို ခွင့်လွှတ်ပေးပါ ထက်။”

ကျွန်တော် တောင်းပန်သည့်စကားကိုသာ အဆက်မပြတ်ပြောရင်း ထက်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေမိသည်။ ခဏနေတော့ ထက် အငိုရပ်သွားသည်။ ပြီးနောက် လက်ဆေးကန်(ဘေစင်)မှာ မျက်နှာ သွားသစ်သည်။

“ဒီတစ်ခါ ခွင့်လွှတ်ပေးဖို့စဉ်းစားပေးမယ်။ ဒါပေမဲ့…။”

“ဘယ်လို ဒါပေမဲ့လဲ ထက်။”

ထက် စကားမဆုံးခင်မှာ ကျွန်တော်က ဝင်ပြောမိသည်။

Related Article >>> ဆုတောင်းမှားခဲ့မိပါတယ် (၄)

“မောင်လည်း ထက် မသိအောင် တခြားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တာဆိုတော့ win-win situation အရ သာတူညီမျှနှင့် နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိအောင် ထက် လည်း တခြားတစ်ယောက်နဲ့ ပြန်အိပ်မယ်။ တခြားတစ်ယောက်နဲ့ ဖောက်ပြန်မယ်။ ဘယ်လိုလဲ မောင်။”

ထက် စကားဆုံးတော့ ကျွန်တော်လန့်သွားပါသည်။ ထက် တောင်းဆိုမှုသည် ဘယ်လိုမှ ဖြစ်နိုင်သော တောင်းဆိုမှု မဟုတ်ချေ။

“ဘယ်လိုပြောလိုက်တာလဲ ထက်။ ထက် ပြောတာတွေက ဖြစ်နိုင်လို့လား။ ထက်က အိမ်ထောင်ရှင် ကလေးအမေလေ။ နောက် တစ်ယောက်နဲ့ အိပ်ဖို့ဆိုတာ… ဟာ…ကွာ…။”

“တယ်လည်း ရယ်စရာတွေပြောနေပါလား။ မောင်တောင် အပြင်မှာ အိမ်ထောင်ရှင် ကလေးအဖေဖြစ်လျက်နဲ့ နောက်တစ်ယောက်နဲ့ အိပ်သေးတာပဲ။ ထက်ကျတော့ ဘာလို့ မရရမှာလဲ။ ဒါမှ တူညီသွားမှာလေ။ မျှတသွားမှာလေ။ မဟုတ်ဘူးလား။”

ထက် စကားဆုံးတော့ ကျွန်တော်ငိုင်သွားပါသည်။ ကျွန်တော့်မှာ ဘာမှပြောစရာမရှိတော့။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိတော့ချေ။ ကျွန်တော် သိပ်ချစ်တဲ့ မိန်းကလေးက ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ သွားအိပ်မည်ဆိုခြင်းကို ကျွန်တော်ဘယ်လို ကြည်ဖြူရမှာလဲ။ ပြီးတော့… ကျွန်တော့်ကို ခနဲ့သလို စကားမျိုးလည်း ပြောသေးသည်။ ကျွန်တော်တို့လို ကာလကြာရှည်မဟုတ်ဘဲ တစ်ညတည်းပါတဲ့…။

“ဘယ်လိုလဲ ဆရာကြီး ငြိမ်လှချည်လား။ ဘာတွေစဉ်းစားနေတာလဲ။”

ကျွန်တော့်ဆီမှာ ဘာမှပြောသံမကြားရတော့ တိတ်ဆိတ်မှုကို ထက်က အရင်ဖောက်ခွဲလိုက်သည်။

“ထက် တောင်းဆိုတာကို မောင် လက်မခံနိုင်လို့။ တခြားတစ်ခု တောင်းဆိုလို့မရဘူးလား”

ကျွန်တော့်စကားဆုံးတော့ ထက်က ကျယ်လောင်စွာအော်ရယ်သည်။ ထို့နောက် ကျွန်တော့်ကို ပြောသည်။

“ထက် ကို မောင့်လိုမမှတ်ပါနဲ့။ မောင် ကိုယ်ချင်းစာတတ်အောင်ပဲ ထက်ပြောပြတာပါ။ တကယ် မလုပ်ပါဘူး။ စိတ်မပူပါနဲ့။”

“ကျေးဇူးတင်လိုက်တာ ထက်ရယ်။ မောင် တကယ် ကျေးဇူးတင်ပါတယ် နောက်ပြီး အနူးအညွတ် တောင်းပန်ပါတယ်။ မောင့်ကို ခွင့်လွှတ်တော့နော်။ နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူး ထက်ရယ်။ မောင် အာမခံပါတယ်။”

“စဉ်းစားဦးမယ်။ အပြုအမူတွေ အနေအထိုင်တွေကြည့်ရဦးမှာပေါ့။”

“မောင် ပြန်လည်ပြုပြင်ပြီး လိမ္မာပါတော့မယ် အချစ်ရယ်။ နောက်ထပ် မျက်ရည်တွေ မကျစေရတော့ ပါဘူးနော်။”

ဒီလိုနဲ့ အချိန်ကာလတစ်ခုထိ ကျွန်တော် နှင်းကို အဆက်အသွယ်မလုပ်ခဲ့ချေ။ ကာလအတန်ကြာသည် အထိ ကျွန်တော် လိမ္မာခဲ့သည်။ ရုံးဆင်းလျှင် ဦးဆွေဆီတောင် မရောက်ဖြစ်။ ထက် ဆိုင်ဖွင့်ထားရာဆီသို့ သွားကာ ထက်ကို ဆိုင်ကူသိမ်းပေးပြီး အိမ်သို့ အတူပြန်ခဲ့သည်။ ဒီရက်ပိုင်းကာလတွေမှာ သားလေးကိုလည်း ပိုပြီး အချိန်ပေးမိခဲ့သည်။

ဒါပေမဲ့…

ခြံခုန်တတ်တဲ့နွားက တစ်ခါခုန်ဖူးရင် နောက်တစ်ခါ ခုန်တယ်လို့ပဲပြောရမလား…

Moe (YUFL)

No Comments Yet

Leave a Reply

Your email address will not be published.