ဆုတောင်းမှားခဲ့မိပါတယ် (၄)

ကျွန်တော့်ကြောင့် အိမ်ထောင်တစ်ခု ပြိုကွဲခဲ့ရပြီ။ ဒါဆို ကျွန်တော့်အိမ်ထောင်ကိုရော အပြိုကွဲခံရမည်တဲ့လား

(၄)

တကယ်တမ်းပြောရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုပြောရမလဲမသိ။ ကျွန်တော့် အသံတွေ တုန်ယင်နေတာကို ကျွန်တော် သတိထားမိသည်။ ထက် က ကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာသည်။ ထက် ကိုယ်လုံးလေးကို ကျွန်တော် အလိုက်သင့် ပြန်လည်ထွေးပွေ့ထားလိုက်သည်။ ကျွန်တော့် ရင်ခုန်သံတွေဟာ မင်္ဂလာဦးညကအတိုင်း… နှင်းနဲ့အတူရှိနေစဉ်တွေမှာတောင် မဖြစ်ခဲ့ဖူးသော ခံစားချက်မျိုး အခု ကျွန်တော် ပြန်ရနေသည်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော် ဘယ်လိုစကားလုံးသုံးပြီး ထက်ကို ပြောပြရမလဲ။ ထက် စိတ်ဆိုးပြီး ဆက်ဆံရေးပျက်ပြားသွားမှာကို ကျွန်တော်ကြောက်သည်။

“မောင် ပြောတာ သေချာနားထောင်နော်။”

“ဟုတ်။”

“မောင်… ဒီနှစ်တွေမှာ ထက်အပေါ် အရင်ကလောက် ဂရုမစိုက်မိခဲ့ဘူး။”

ထက်က ဘာမှထပ်မပြော။ ကျွန်တော်ပြောမည့် စကားလုံးတွေကို စောင့်နေသည်ထင်၏။ ကျွန်တော်လည်း ဘာဆက်ပြောရမှန်းမသိချေ။ ကျွန်တော် ဝန်ခံရမည်။ ဝန်ခံလိုက်လို့ ထက် စိတ်ဆိုးသွားရင်လည်း ကျွန်တော့် ရန်ခုန်သံတွေ ပျောက်သွားမှာ စိုးရိမ်သည်။

“ဘာပြောချင်လို့လဲ မောင်။ ဆက်ပြောလေ။”

“ဘာမှမဟုတ်တော့ပါဘူး။ အခုပိုပြီး ဂရုစိုက်ပေးမယ်လို့ ပြောမလို့ပါ။”

“အွန်းပါ။ မောင် ပြောပြီးရင် ထက် အိပ်တော့မယ်နော်။ တစ်နေကုန်လည်း သားလေးကို ထိန်းရတာနဲ့ အိမ်အလုပ်တွေနဲ့၊ ပြီးတော့ ဆိုင်ကိုလည်း ပစ်ထားလို့မရတော့။”

“အင်း။ အဲ့ဒါဆိုလည်း အိပ်တော့နော်။ မောင် ချော့သိပ်ရဦးမလား။”

ထိုသို့ပြောတော့ ထက်က ရယ်သည်။

“ကလေးအမေဖြစ်နေပါပြီရှင်။ ကလေးမှမဟုတ်တော့တာ။ ရပါတယ်။”

Related Article >>> ဆုတောင်းမှားခဲ့မိပါတယ် အပိုင်း (၂)

ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်ကာ ထိုညက ထက် တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားပါသည်။ ကျွန်တော်သာ အတွေးများစွာနဲ့ အိပ်မပျော်နိုင်။ ဖောက်ပြန်မိခဲ့တဲ့ အကြောင်းတွေကို ကျွန်တော် ဘယ်လိုပြောရမှန်း မသိ။ အပြင်မှာ ပွေရှုပ်ပြီးမှ ခွင့်လွှတ်မှုကို တောင်းခံရင်တရားပါ့မလား။ ထက်ကရော ကျွန်တော့်ကို ခွင့်လွှတ်မယ်တဲ့လား။

ထိုင်နေရင်အကောင်း၊ ထသွားမှ ကျိုးမှန်းသိဆိုသလိုမျိုး ဖွင့်ပြောလိုက်ကာမှ ရှုပ်ထွေးကုန်ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတာမျိုးဖြစ်မှာ စိုးရိမ်သည်။ ထို့ကြောင့် ကျွန်တော် ဖောက်ပြန်မိတာကို ဆိတ်ဆိတ်နေဖို့ စိတ်ကူးပြီး ထက် ဆီမှာ ဝန်ခံမည့်အတွေးတွေကို ခဝါချလိုက်တော့သည်။ ဟုတ်သည်။ တချို့သော အမှန်တရားတွေက လူတွေသိလေ ပိုရှုပ်လေမို့ မသိလေကောင်းလေပါပဲ။ ထိုညက ကျွန်တော် ထက် ဆီမှာ ဝန်မခံဖြစ်ခဲ့တော့။ မနက်မိုးလင်း ကျွန်တော်နိုးတော့ ထက်က မရှိတော့။ မီးဖိုထဲ ရောက်နေလောက်ပြီ ထင်သည်။ ကျွန်တော်လည်း အိပ်ရာထဲမှ ထွက်လိုက်ကာ ကုတင်အနားရှိ စားပွဲလေးပေါ် တင်ထားသော ဖုန်းကို ဖွင့်လိုက်သည်။

နှင်း ဆီမှ ခေါ်ထားသော missed call များ…။ ထို့နောက် ကျွန်တော် မသိသေးသော sms message များ။ message ကို အရင်ဖတ်ကြည့်လိုက်သည်။ စာတွေကတော့အများကြီးပင်။ သို့သော် အနှစ်ချုပ်မှာတော့ ကျွန်တော့်ကို မပြတ်နိုင်သေးကြောင်း စာများဖြစ်သည်။

မျက်နှာ မြန်မြန်သစ်ကာ အခန်းထဲသို့ အမြန်ပြန်ဝင်ပြီး နှင်းဆီဖုန်းခေါ်လိုက်သည်။ ဖုန်းခေါ်သံများ ကြားနေရသော်လည်း မကိုင်သေးချေ။ ထက် မီးဖိုထဲမှာ အလုပ်ရှုပ်နေသောကြောင့် ကျွန်တော့်ဆီ မလာနိုင်မှန်း သိသော်လည်း ပိုစိတ်ချစေရန် အခန်းတံခါးကို လော့ခ်ချလိုက်သည်။

“ဟဲလို”

တတိယအကြိမ်မြောက်မှာမှ နှင်း ရဲ့ အသံကိုကြားရသည်။

“မင်း ဘာတွေလျှောက်လုပ်နေတာလဲ နှင်း။”

“ဘာလုပ်လို့လဲ။ ကို့ကို မပြတ်နိုင်လို့ မပြတ်နိုင်ဘူးပြောတာလေ။”

“မပြတ်နိုင်လည်း မရဘူးလေ။ ငါတို့ဖြစ်တည်မှုကြီးကိုက အစတည်းက အမှားပါလို့ မပြောဘူးလား။”

“မှားနေမှန်းသိတယ်ဆို ဘာလို့ အစတည်းက ဒီလမ်းကို လျှောက်ဖို့ရွေးချယ်ခဲ့သေးလဲ။ အခုမှ သူတော်ကောင်းတရားတွေ လာဟောမနေပါနဲ့ ရှင်ရယ်။”

“ဟုတ်တယ်။ အစပိုင်းမှာ ငါတို့ နှစ်ယောက်လုံး လိုအပ်ချက်ဆန္ဒကိုယ်စီကို ဖြည့်တင်းဖို့ ဖောက်ပြန်ခဲ့ကြတာ။ ဒါပေမဲ့ အခု ငါ့မှာ နောင်တတွေ ရနေပြီ။ အဲ့ဒါကြောင့် ငါလည်း ငါ့မိန်းမဆီ ပြန်ပြီး မင်းလည်း မင်းယောက်ျားဆီပြန်ပါတော့။”

ကျွန်တော့် စကားဆုံးတော့ နှင်းက ထရယ်သည်။ ထို့နောက်တွင်တော့ သူ့ယောက်ျားမှာ ကျွန်တော်နှင့် သူဖောက်ပြန်နေတာကို လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက သိပြီး ကွာရှင်းထားပြီးဖြစ်ကြောင်း ကျွန်တော့်ကို ပြောသည်။ နှင်းစကားဆုံးတော့ ကျွန်တော် ထူပူသွားသည်။ ကျွန်တော့်ကြောင့် အိမ်ထောင်တစ်ခု ပြိုကွဲခဲ့ရပြီ။ ဒါဆို ကျွန်တော့်အိမ်ထောင်ကိုရော အပြိုကွဲခံရမည်တဲ့လား။ နှင်းကတော့ ထိုအတိုင်းပြောသည်။ ကျွန်တော်လည်း ကွာရှင်းဖို့ ပြီးတော့ သူနှင့် အတူနေဖို့။

Related Article >>> ဆုတောင်းမှားခဲ့မိပါတယ် (၃)

ကျွန်တော့်ဘက်ကတော့ ဘယ်လိုပင် စဉ်းစားစဉ်းစား မဖြစ်နိုင်။ ကျွန်တော် တကယ်ချစ်တာ ကျွန်တော့် ဇနီး ထက်။ ထက်ကလွဲပြီး တခြားဘယ်မိန်းကလေးကိုမှ ကျွန်တော်မချစ်နိုင်။ နောက်ပြီး ကျွန်တော့်သားလေး မျက်နှာရှိပါသေးသည်။ ကျွန်တော့် သားလေးကိုလည်း ကျွန်တော် ဘယ်လိုမှ မခွဲနိုင်။ ဘယ်လို အခြေအနေမျိုးကပဲ စဉ်းစား စဉ်းစား ထက်ကို ကွာရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ချေ။ ထို့ကြောင့် မဖြစ်နိုင်ကြောင်းကိုသာ ပြန်ပြောလိုက်ပြီး ကျွန်တော် ထက် ရှိရာ မီးဖိုခန်းဆီသို့ ဆင်းလာခဲ့သည်။

မီးဖိုခန်းကို ရောက်တော့ ထက်မျက်နှာမှာ ငိုထားသလိုဟု ကျွန်တော်ထင်မိသည်။

“ထက် နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲ။”

ကျွန်တော် မေးတာကို ဘာမှမဖြေ။

“ထက်… ဘာဖြစ်နေတာလဲလို့။ မောင် မေးတာဖြေဦးလေ အချစ်ရယ်။”

“မောင် ရက်စက်တယ်။”

ထက် ပြန်ပြောသည်က ကျွန်တော့်အတွက် အဖြေတစ်ခု မဟုတ်ချေ။

“မောင် ဘာလုပ်မိလို့လဲ။ ဘာမှလည်း မလုပ်ပါဘူး။”

“အိပ်ချင်ယောင် ဆောင်နေတဲ့လူက နှိုးရခက်တယ်တဲ့။ မောင် ဘာလုပ်မိလဲဆိုတာ ကိုယ့်ဘာသာ သေချာစဉ်းစား။”

ကျွန်တော်စဉ်းစားသည်။ ညက ကျွန်တော် မူးပြီးပြန်လာသည်။ ထို့နောက် ထက်နှင့် အတူအိပ်သည်။ ဘာစကားမှ သိပ်မပြောဖြစ်။ အထူးသဖြင့် ကျွန်တော် ဖောက်ပြန်တဲ့အကြောင်းကို လုံးဝမပြောဖြစ်။

သို့သော်………

Moe (YUFL)

No Comments Yet

Leave a Reply

Your email address will not be published.