ဆုတောင်းမှားခဲ့မိပါတယ် (၃)

ခါတိုင်း မိုးချုပ်မှ ပြန်လာတဲ့ညတွေဆို နှင်း နဲ့ နှစ်ပါးသွားကခဲ့ရသောကြောင့် ထက် အသံကို ကျွန်တော် သတိမထားမိ

(၃)

အိမ်ပြန်ရောက်တော့ ထက်က အိပ်ပျော်နေပြီဖြစ်သည်။ ကျွန်တော် အော်ခေါ်ဖို့ စဉ်းစားလိုက်သည်။ ရပ်ကွက်ထဲမှာ သီးသန့်ဆန်စွာ နေထိုင်သူတွေဖြစ်သောကြောင့်တစ်ကြောင်း၊ ညဥ့်နက်နေပြီဖြစ်သောကြောင့် တစ်ကြောင်း ကျွန်တော် မအော်ဖြစ်ခဲ့။  အိတ်ထဲက ဖုန်းကို ထုတ်ကာ ထက် လက်ကိုင်ဖုန်းကို ခေါ်လိုက်သည်။ ပထမ တစ်ကြိမ်တော့ လူကြီးမင်းနဲ့တိုးသည်။

“သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိသောကြောင့်…”

နောက်တစ်ခါ ထပ်ခေါ်လိုက်သည်။ စက္ကန့် ၃၀ လောက်အကြာမှာ ထက်ရဲ့ အိပ်ချင်မူးတူး အသံကို ကြားလိုက်ရသည်။

“အင်း… အွန်း…”

ထိုသို့သော အသံမျိုးကိုကြားမိတော့ သမီးရည်းစားဘဝကို ပြန်သတိရမိသည်။ ရုံးတက်ချိန်မှီစေဖို့ မနက်တိုင်း ထက်ကို အိပ်ရာနှိုးတဲ့အခါ ထက် ဆီမှ ထိုသို့သော အိပ်ချင်မူးတူး အသံမျိုးကို ကြားရတတ်သည်။ ခါတိုင်း မိုးချုပ်မှ ပြန်လာတဲ့ညတွေဆို နှင်း နဲ့ နှစ်ပါးသွားကခဲ့ရသောကြောင့် ထက် အသံကို ကျွန်တော် သတိမထားမိ။ ဒီနေ့ညမှသာ ပထမဦးဆုံး ပြန်လည် သတိထားမိခဲ့ခြင်းဖြစ်သည်။ ဒီလိုကျတော့လည်း ချစ်ဖို့ကောင်းနေသည်ဟု ကျွန်တော် တွေးလိုက်မိသည်။

“ဟဲလို…”

ကျွန်တော့် အသံကို မကြားရသေးသောကြောင့် ထက်က ဟဲလို လိုက်ခြင်းဖြစ်သည်။

“မောင် ရောက်ပြီ။”

“ဟုတ်။ ခဏလေးနော်။ ထက်အခု ထွက်လာခဲ့မယ်။”

“ဖြေးဖြေးလာနော်။ ချစ်တယ်…။”

ထက် က ဘာမှပြန်မပြော။ ဖုန်းချသွားသည်။ ခဏနေတော့ ကျွန်တော့်အရှေ့ကို ထက်ရောက်လာသည်။

“ဒီညလည်း မူးလာပြန်ပြီလား။”

“နည်းနည်းပါ။ ဦးဆွေ တိုက်လိုက်လို့။”

“ပါးစပ်ကသာ နည်းနည်းပြောနေ… အနံ့ကလှိုင်နေတာပဲ။”

“ဒါကတော့ မိန်းမရယ်၊ အနံ့ပဲထွက်မှာပေါ့လို့။ မောင် လုံးဝမမူးပါဘူးကွာ။”

“မပြောတတ်ဘူးလေ။ ချစ်တယ်တွေဘာတွေ ပြောနေတော့ တော်တော်မူးနေပြီထင်လို့။”

ထက် အခုလိုပြောမှ သတိရမိသည်။ အရင်က ဖုန်းချခါနီးတိုင်း ချစ်တယ်လို့ ပြောပြီးမှ ချတတ်တဲ့ ကျွန်တော် အခု ချစ်တယ်လို့ မပြောမိခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။

“မမူးပါဘူး။ ဒီလိုပဲ ဒီနေ့မှ ပြောချင်လာလို့။”

ကျွန်တော့်အဖြေကို ထက် မကျေနပ်ပါ။ နှာခေါင်းရှုံ့၊ ပုခုံးတွန့်ပြီး ကျွန်တော့်ကို ကျောခိုင်းသွားပြီဖြစ်ကြောင်း ကြည့်ခြင်းဖြင့် ထက် မကျေနပ်ကြောင်း သိသာလှပါသည်။ ကျွန်တော် ခြံထဲ မြန်မြန်ဝင်လိုက်သည်။ ထို့နောက် ခြံတံခါးကို သော့ပြန်ခတ်ကာ ကားကို ဂိုဒေါင်ထဲ ထည့်လိုက်သည်။ အိမ်ရှေ့ကို ရောက်တော့ ချက်ချင်း မဝင်သေးဘဲ အိမ်ထဲကို အကဲခပ်လိုက်သည်။

Related Article >>> ဆုတောင်းမှားခဲ့မိပါတယ် အပိုင်း (၂)

ထက်က အိပ်ခန်းထဲမဝင်သေး။ ဧည့်ခန်းထဲမှာ ကျွန်တော့်ကို စောင့်နေသည်ဟုထင်မိသည်။

“ထက်…”

ကျွန်တော် တိုးတိုးတိတ်တိတ်ခေါ်ပြီး ထက်အနားကပ်ကာ ပုခုံးလေးကိုင်ရင်း ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထက်က ရုန်းပါသည်။

“သွား… အနားမလာနဲ့။”

“ဘာလို့လဲ အချစ်ရယ်။”

“နံလို့။ ရေမြန်မြန်ချိုးတော့။”

“မချိုးလို့မရဘူးလား။”

“ချိုးချင်ချိုး မချိုးချင်နေ၊ ရှင့်သဘောပဲ။ ကျွန်မသွားအိပ်ပြီ။”

ထက်က ပြောပြောဆိုဆိုနှင့် ကျွန်တော့်ရှေ့က ထွက်သွားသည်။ လှုပ်ရမ်းသွားသော ထက် လက်တစ်ဖက်ကို ဖြတ်ခနဲဆွဲလိုက်ကာ ကျွန်တော့်ရင်ခွင်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် ထက် ဘာမှမပြောခင် ထက် နှုတ်ခမ်းဖူးဖူးလေးကို အမြန်ဆွဲယူ နမ်းလိုက်သည်။

ဒီအနမ်း…။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ပျောက်ကွယ်နေခဲ့တာ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့ အနမ်း။ သို့သော် ကျွန်တော့်နှုတ်ခမ်းများသည် ထက်နှုတ်ခမ်းများကို မှတ်မိနေသေးသလို ကျွန်တော့် လျှာဖျားသည်လည်း ထက် နှုတ်ခမ်းဖူးလေး၏ အရသာကို မှတ်မိနေဆဲပင်။

ကျွန်တော်တို့နှစ်ယောက်ကြားမှာ ပျောက်ဆုံးနေတဲ့ အရာတစ်ခု ရုတ်တရက် ပြန်လည်ပေါက်ဖွားလာသလိုပင်။

“ဒီည မောင်နဲ့လာအိပ်နော်။”

“သားလေးကို တစ်ယောက်တည်းထားခဲ့ရမှာလား။”

“သားလေးကို စိတ်ချထားပါ။ အခုအိပ်မောကျသွားပြီမလား။ ဘာမှမဖြစ်တော့ပါဘူး ထက်ရဲ့။ သူလည်း ငယ်တော့တာမှမဟုတ်တာ။”

“အွန်း။ အဲ့ဒါဆို မောင် ရေချိုးလိုက်နော်။ သားလေးကို ခဏကြည့်ပြီးရင် ထက်လာခဲ့လိုက်မယ်။”

ပြောပြောဆိုဆိုနှင့် ထက်က အရင်ထွက်သွားသည်။ ဟုတ်သည်။ ကျွန်တော်နှင့်ထက် ကုတင်ခွဲအိပ်နေတာလည်း တော်တော်ကြာပြီဖြစ်သည်။ သားလေး မွေးကင်းစတုန်းက ပုခက်နဲ့ အခန်းထဲ ထားခဲ့သော်လည်း သုံးနှစ်သားလောက်မှာ အခန်းခွဲခဲ့သည်။ တစ်ညမှာတော့ အိပ်မက်ဆိုးတွေမက်ပြီး သားလေး အကြီးအကျယ် ငိုတော့သည်။

ထိုညမှစ၍ ထက် တစ်ယောက် ကျွန်တော့်ကို ထားခဲ့ကာ သားလေးအခန်းထဲ၌ပင် သားလေးနှင့်အတူ အိပ်နေသည်မှာ ယနေ့ထိပင်။ ဒီညတော့ ကျွန်တော် ပျောက်ဆုံးခဲ့သော ခန္ဓာတစ်ခြမ်းသည် ကျွန်တော့်ဆီ ပြန်ရောက်လာတော့မည်ဖြစ်သည်။ ကျွန်တော် ရေမြန်မြန်ချိုးလိုက်သည်။ ထို့နောက် ထက် ရှိနေမဲ့ ကျွန်တော့်အိပ်ခန်းဆီသို့ အပြေးအလွှားသွားလိုက်သည်။

အခန်းတံခါးကို ဖွင့်လိုက်တော့ ဝင်ပေါက်ကို ကျောပေးကာ အိပ်နေသော ထက်ကို တွေ့ရသည်။ ကလေး တစ်ယောက် အမေဖြစ်ပေမဲ့ အခုထက်တိုင် လှပနေသော အချိုးအစားတို့က ကျွန်တော့်ကို ရင်ဖိုစေသည်။ ကျွန်တော် ကုတင်ပေါ်တက်ကာ ထက် ပုခုံးလေးကို ကိုင်ပြီး အသာအယာလှုပ်နှိုးလိုက်သည်။

“ထက်… အိပ်သွားပြီလား။”

“ဟင့်အင်း။”

ကျွန်တော့် မေးခွန်းကိုဖြေရင်း ကျွန်တော့်ဘက်သို့ လှည့်လာသည်။

“မောင် ပြောစရာရှိလို့။”

“ပြောလေ မောင်။”

ကျွန်တော် ထက် အပေါ် သစ္စာဖောက်မိသည့်လုပ်ရပ်ကို ဝန်ခံဖို့ ထက်ဆီက ခွင့်လွှတ်မှုကို တောင်းခံဖို့ ကျွန်တော်ဆုံးဖြတ်ထားသည်။ ဟုတ်သည်။ ဒီည ကျွန်တော် ထက်ကို တောင်းပန်ရပါလိမ့်မည်။ သို့မှသာ ကျွန်တော်လည်း လိပ်ပြာလုံလုံနဲ့ ထက်အတွက် ယောက်ျားကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင် ပြန်လည်ကြိုးစားနိုင်မည်ဖြစ်သည်။

Moe (YUFL)

No Comments Yet

Leave a Reply

Your email address will not be published.