အရာရာကို လွှတ်ချပြီး ထွက်ပြေးချင်နေပြီလား ?

ကိုယ့်ဘေးကလူတွေက ကိုယ့်ကိုနားမလည်ကြဘူး …… အလုပ်ကလည်း ကိုယ့်ကိုဖိအားတွေပဲပေးနေတယ် …. လောကကြီးထဲကနေ ပျောက်ကွယ်သွားလိုက်ချင်တယ်…. ဒီလိုတွေတွေးမိနေရင် လိုအပ်တာက …….

ယောင်းတို့ ဒီလိုအခိုက်အတန့်တွေကိုကြုံဖူးလား။

ကိုယ်မြတ်နိုးလို့ ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းမှုကနေ အဝေးဆုံးကိုထွက်ပြေးချင်တဲ့အခိုက်အတန့်…

ကိုယ်တစ်ချိန်လုံးပျော်ရွှင်နှစ်သက်ခဲ့တဲ့ လုပ်ငန်းခွင်ကို စိတ်ပျက်ငြီးငွေ့လွန်းလို့ ထာဝရကျောခိုင်းချင်တဲ့အခိုက်အတန့် …..

ကိုယ်ချစ်ရတဲ့ မိသားစုကိုယ်တောင် စွန့်ခွာသွားချင်တဲ့အခိုက်တန့် ……

ဘာအကြောင်းအရာမှ မယ်မယ်ရရမရှိဘဲ သိပ်ချစ်တဲ့ ချစ်သူကိုမျက်နှာတောင်မကြည့်ချင်တော့အောင် စိတ်ကုန်နေတာမျိုး

တကယ်တော့ ဒီလိုအခိုက်အတန့်မျိုးတွေဆိုတာလူတိုင်းကြုံဆုံရတဲ့အခိုက်အတန့်တွေပါ။

အချိန်တန်အရွယ်ရောက်ပြီဆိုရင် လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ မိသားစုအရေးကိစ္စတွေပဲဖြစ်ဖြစ်၊ ကိုယ်ကြင်ဖော်နဲ့ပဲဖြစ်ဖြစ် ကြုံဆုံရတဲ့ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေဆိုတာရှိစမြဲပါ။ ခက်တာက လူ့လောကမှာ အခက်အခဲဆိုတာမျိုးက ရုပ်ရှင်တွေထဲကလို အခက်အခဲတစ်ခုဖြေရှင်းပြီးပါပြီလို့ ဇာတ်သိမ်းလို့မရတာပါပဲ။

လူ့လောကဆိုတာကလည်း အရှည်ကြီးမို့ အခက်အခဲတွေအဆင်မပြေမှုတွေဆိုတာက မကြာခဏဆိုသလို မဖိတ်ခေါ်ရပဲ အလည်လာတတ်တာမျိုးပါ။ လူတစ်ယောက်ဟာ ဘယ်လောက်ပဲအကောင်းမြင်စိတ်ရှိပြီး စိတ်ဓါတ်ကြံ့ခိုင်သည်ဖြစ်စေ ရေရှည်မှာဆိုရင် ဘဝကိုရင်ဆိုင်ချင်စိတ်မရှိတော့လောက်အောင်၊ အရာရာကိုကျောခိုင်းစွန့်ခွာထွက်ပြေးချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။

ဒါပေမယ့် ဒီလိုထာဝရကျောခိုင်းထွက်ခွာသွားဖို့မလိုပါဘူး။ နောက်ပြီး ကျောခိုင်းထွက်ပြေးလို့လဲ မရပါဘူး ဘယ်ကိုပဲရောက်ရောက် ဘယ်သူတွေနဲ့ပဲနေနေ စိတ်ဓါတ်ကျမှု၊ ငြီးငွေ့စိတ်ကုန်ခမ်းမှုတွေဟာ အချိန်တန်ရင် ရောက်လာတာပါပဲ။

ဒါကြောင့် စိတ်ညစ်ညူးမှုတွေ၊ စိတ်ပင်ပန်းမှုတွေဆက်တိုက် ကြုံတွေ့လာရင် ယောင်းတို့ တကယ်လိုအပ်တာက ကျောခိုင်းထွက်ခွာဖို့ထက် ခဏတာလွတ်မြောက်ခြင်း (Break ) ပါပဲ။ နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေကို အနားပေးသလိုမျိုး၊ လူတွေရဲ့ ကိုယ်စိတ်နှလုံးသုံးပါးစလုံးကို Break မကြာခဏလုပ်ပေးဖို့လိုအပ်ပါတယ်။

ဒီလိုအခြေအနေမျိုးကိုဥပမာပေးရရင် လူတစ်ယောက်ဟာ နေ့စဉ်ထမင်းနဲ့ ဟင်းပဲစားနေရတယ်ဆိုပါစို့။ ကြာလာတော့ ဒါပဲထပ်ခါထပ်ခါစားနေရရင်ညီးငွေ့ပြီး အစာစားချင်စိတ်ကုန်ခမ်းလာတာမျိုးကြုံရတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အပြောင်းအလဲအဖြစ် ခေါက်ဆွဲကြော်စားတာမျိုး၊ ဒံပေါက်စားတာမျိုးလုပ်ပေးဖို့လိုပါတယ်။

အရာရာကိုစိတ်ကုန်နေမိပြီလား ….

လူ့လောကမှာလဲဒီလိုပါပဲ။ နေ့စဉ် ဒီပတ်ဝန်းကျင်မှာနေနေတယ်။ နေ့တိုင်းဒီလူတွေနဲ့ပဲတွေ့နေရတယ်။ ဒီအလုပ်ထဲမှာပဲ ဒီစကားတွေပြောနေရတယ်ဆိုရင် ကြာလာရင်ငြီးငွေ့လာတတ်ပါတယ်။ ငြီးငွေ့တဲ့အဆင့်ကိုကျော်လာရင်တော့ စိတ်ဓါတ်ကျတဲ့အဆင့်ကိုရောက်လာတော့တာပါပဲ။ ဒီလိုအခြေအနေမျိုးကြုံရရင် လုပ်သင့်တာက ခုနကပြောတဲ့ break ပါပဲ။ အရာရာကို ခဏတာ Break လုပ်လိုက်ခြင်းအားဖြင့်လည်း လူတွေရဲ့ ကိုယ်စွမ်း၊ဥာဏ်စွမ်းအားနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဟာ Break လုပ်လိုက်ခြင်းအားဖြင့် ပိုတက်လာတာကို သိသိသာသာတွေ့ရှိရပါတယ်။ တကယ်တော့ ဒါဟာ စွမ်းရည်ပိုတက်လာတယ်ဆိုတာထက် Break မလုပ်ခင် လူတွေမှာ ရှိတဲ့နဂိုစွမ်းအင်တွေဟာ နေ့စဉ်လုပ်ဆောင်မှုတွေကြောင့် ကျဆင်းလာပြီး Break လုပ်ပြီးခဏတာ အနားပေးလိုက်ခြင်းဖြင့် နဂိုရှိရင်းစွဲ စွမ်းရည်ပြန်ရလာတယ်ဆိုရင်ပိုမှန်ပါတယ်။

လုပ်ငန်းခွင်မှာမှ မဟုတ်ပါဘူး။ ကိုယ့်မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ရဲ့ကြင်ဖော်နဲ့ပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာလည်း အတူတူပါပဲ။ နေ့စဉ်နဲ့အမျှတွေ့နေရပြီး ဘာမဟုတ်တဲ့ကိစ္စလေးတွေမှာတောင် တစ်ယောက်ကိုတစ်ယောက် စိတ်မရှည်တော့တာ၊ သည်းမခံနိုင်တော့တာ၊ခွန်းကြီးခွန်းငယ်စကားများတာတွေဖြစ်နေပြီဆိုရင် လိုအပ်တာကလဲ Break ပါပဲ။

ဒါဆိုရင် ထပ်မေးစရာရှိတာက ဘယ်လို Break လုပ်ကြမလဲဆိုတာပါပဲ။ Break လုပ်လို့ရတဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ အဲ့ဒီထဲက လူတိုင်းနဲ့အဆင်ပြေပြီးထိရောက်မှုရှိတာက ခရီးထွက်တာပါပဲ။ အနည်းဆုံးတစ်ပတ်ကနေ တစ်လ နှစ်လလောက် အချိန်ယူပြီး တစ်နေရာကိုခရီးထွက်လိုက်ပါ။ ကမ်းခြေပဲဖြစ်ဖြစ်၊ နိုင်ငံခြားပဲဖြစ်ဖြစ်၊ ကိုယ်မရောက်ဘူးတဲ့မြို့တစ်မြို့ပဲဖြစ်ဖြစ်၊ တောင်ပေါ်ဒေသပဲဖြစ်ဖြစ် ခရီးထွက်လိုက်ပါ။ လူတွေသိပ်မရှူပ်တဲ့ သဘာဝဆန်တဲ့နေရာမျိုးပဲဖြစ်ဖြစ်သွားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ခရီးကို ကိုယ်တစ်ယောက်ထဲထွက်တာပဲဖြစ်ဖြစ်၊ ကိုယ့်မိတ်ဆွေတစ်ဦးဦးနဲ့သွားတာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။ သတိထားရမှာက ကိုယ်ကမိသားစုနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ်မကြာခဏတွေ့နေရပြီး ပွတ်တိုက်မှုတွေ၊ အဆင်မပြေမှုတွေများနေပြီဆိုရင်တော့ ဒီခရီးကို သူတို့နဲ့မထွက်ပါနဲ့။ သူတို့တွေဆီကပါ Break လုပ်လိုက်ပါ။

လူတွေကို အပြုံးတုတွေပေးရတာ စိတ်ကုန်နေပါပြီ ….

ခရီးထွက်နေစဉ်မှာ အလုပ်နဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ ချစ်သူနဲ့ပဲဖြစ်ဖြစ်အတတ်နိုင်ဆုံးအဆက်အသွယ်နည်းနိုင်သမျှနည်းအောင်နေပါ။ မဟုတ်ရင် Break လုပ်ရကျိုးမနပ်ပဲဖြစ်သွားပါလိမ့်မယ်။

ကိုယ်ရောက်နေတဲ့နေရာတွေရဲ့အလှအပကိုခံစားပါ။ လူသစ်တွေနဲ့မိတ်ဆွေဖွဲ့ပါ။ ဒေသခံအစားအစာတွေကိုမြည်းစမ်းပါ။ ဈေးဝယ်ထွက်ပါ။ ခရီးစဉ်အတွင်းမှာ ကျန်ခဲ့တဲ့ အလုပ်နဲ့ဘဝအကြောင်းအတက်နိုင်ဆုံးမတွေးပါနဲ့။

တကယ်လို့ ခရီးထွက်ဖို့အဆင်မပြေဘူးဆိုရင်လဲ ကိုယ်နေတဲ့နေရာမှာပဲ အပြောင်းအလဲလေးတွေလုပ်ကြည့်လို့ရပါတယ်။ အလုပ်ကနေခွင့် တစ်ပတ်ကနေ တစ်လ နှစ်လလောက်ယူပါ။ အဲ့ဒီအတောအတွင်းမှာ အလုပ်ကိစ္စတွေဘာမှမတွေးပါနဲ့။ မိသားစု နဲ့ ချစ်သူတို့နဲ့လဲ ဖြစ်နိုင်ရင်မတွေ့ပါနဲ့။

အပြင်ထွက်ပြီးရုပ်ရှင်ကြည့်တာ၊ အလည်အပတ်နေရာတွေသွားတာ၊ ဈေးဝယ်ထွက်ပြီး စားချင်တာလေးတွေစားတာ အစရှိသဖြင့် စိတ်ကြိုက်လုပ်ပါ။ အပြင်မထွက်ချင်ဘူးဆိုရင်လဲ အိမ်ထဲမှာ စာတွေဖတ် ရုပ်ရှင်တွေကြည့်လုပ်လို့ရပါတယ်။

ဒီလိုအတိုင်းအတာတစ်ခုအထိ Break လုပ်အနားယူလိုက်တဲ့အခါ အရင်ကထက်ပိုပြီးနေလို့ကောင်းလာတာ၊ အလုပ်လုပ်ကိုင်ရတာပိုအဆင်ပြေလာတာ၊ မိသားစု သို့ ချစ်သူနဲ့ ဆက်ဆံရေးပိုကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်နော်။

ယောင်းတို့တွေ ဘဝကို ကြံ့ခိုင်တဲ့စိတ်ဓါတ်နဲ့ အရာရာကိုအရှုံးမပေးပဲဖြတ်သန်းပါ။ ကြိုးစားပြီးအလုပ်လုပ်သလို အနားယူချိန်တိုင်ရင်လဲ စိတ်ရောကိုယ်ပါအနားယူပါ။ ချစ်သူခင်သူတွေနဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါလို့ အက်ဒ်မင်ကအကြံပေးလိုပါတယ်နော်။

ယောင်းတို့ အောင်မြင်ပျော်ရွှင်ကြပါစေ …… ။

No Comments Yet

Leave a Reply

Your email address will not be published.