ကိုယ်ဝန်ဆောင်ယောင်းတို့အတွက် ယောဂကျင့်စဉ်များ

ကျန်းမာဖွံ့ဖြိုးတဲ့ ဘေဘီလေးတွေကို အန္တရာယ်ကင်းကင်း မွေးဖွားနိုင်ဖို့ မေမေယောင်းပေါ်လည်း အများကြီး မူတည်ပါတယ်နော်… 

ဗိုက်ထဲမှာ ဘေဘီလေးတွေရှိတဲ့ယောင်းလေးတို့ရေ..ကျန်းကျန်းမာမာ ဖွံ့ဖွံ့ဖြိုးဖြိုး ဘေဘီလေးတွေ မွေးဖွားနိုင်ဖို့ ယောင်းယောင်းတို့ ကိုယ်တိုင်က ကျန်းမာနေမှ ဖြစ်မယ်မဟုတ်လား… ဆိုတော့ မိခင်လောင်းယောင်းယောင်းလေးတို့အတွက် ကိုယ်ဝန်ဆောင်ယောဂကျင့်စဉ်လေးတွေ အက်ဒ်မင် ရှာဖွေပေးလိုက်ပါတယ်နော်…

ကိုယ်ဝန်ရှိလာပြီဆိုရင် အပြင်းအထန်လှုပ်ရှားမှုတွေ မလုပ်သင့်ဘူးဆိုပေမဲ့ ကိုယ်လက်လှုပ်ရှားမှုမျှတစေဖို့အပြင်၊ မွေးရဖွားရလွယ်ကူစေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန် အလွန်အမင်းဝမလာစေဖို့ (ဒီတိုင်းဝတာက သိပ်ပြဿနာမရှိပေမဲ့ ကိုယ်ဝန်ဆောင်ချိန်ဝတာကတော့ ကလေးအတွက်ရော၊ ကိုယ့်အတွက်ရော အန္တရာယ်ရှိတယ် မဟုတ်လား) ကိုယ်ဝန်ဆောင်တွေအတွက် အထူးရည်ရွယ်ထားတဲ့ လေ့ကျင့်ခန်းတွေ၊ ယောဂကျင့်စဉ်တွေကိုတော့ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

အထူးသဖြင့် ယောဂကျင့်စဉ်ကျင့်တာဟာ စိတ်တည်ငြိမ်မှုရစေပြီး၊ မွေးဖွားချိန်မှာ ခွန်အားရှိစေဖို့အကူအညီဖြစ်စေတာမို့ မိခင်လောင်း ယောင်းယောင်းလေးတို့အတွက် အရမ်းကို သင့်တော်တဲ့ လေ့ကျင့်ခန်း အမျိုးအစားပါ။

၁။ Standing Mountain

Standing Mountain

သွေးပူလေ့ကျင့်ခန်းအနေနဲ့ ယောဂကျင့်စဉ်တွေဟာ ဒီပုံစံနဲ့စလေ့ရှိကြပါတယ်။ ပြုလုပ်ရမယ့် ပုံစံက မတ်တက်ရပ်ပါ။ ခြေနှစ်ဖက်ကို ကားထားပါ။ ခြေထောက်တွေကို တည့်တည့်ထားပါ။ ဒူးကိုမသိမသာကွေးပါ။ လက်ကို ရင်ဘတ်ရှေ့တည့်တည့်မှာ လက်အုပ်ချီတဲ့သဏ္ဍန်ပြုလုပ်ပါ။

Standing Mountain

အသက်ပြင်းပြင်းရှူရင်း လက်အုပ်ချီတဲ့ ပုံစံအတိုင်း လက်ကို  ခေါင်းပေါ်သို့ ဆန့်ထုတ်ပါ။ ကျောအနည်းငယ်ကော့ပါ။ ပြီးတဲ့အခါ အသက်ရှူထုတ်၍ လက်ကို အရှေ့သို့ပြန်ဆွဲယူကာ ရင်ဘတ်ရှေ့ကို လက်အုပ်ချီသည့် သဏ္ဍန်ပြန်လုပ်ပေးပါ။

ဤပုံစံကို ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။

Related Article >>> တစ်နေ့မှာကြုံတွေ့လာရမဲ့ မိခင်လောင်းဘဝနဲ့ပတ်သက်ပြီး သိထားစရာများ

၂။ Supported Triangle

Supported Triangle

ခြေနှစ်ဘက်ကို ကား၍ မတ်မတ်ရပ်ပါ။ ညာဘက်ခြေထောက်ကို ပုံထဲမှအတိုင်းကွေးပြီး ဘယ်ဘက်ခြေထောက်ကို ဆန့်ထားပါ။ ညာဘက်လက်ကို ညာဘက်ပေါင်ပေါ်တင်၍ ဘယ်ဘက်လက်ကို ခါးထောက်ပါ။ မျက်နှာကို ညာဘက်သို့မူထားပါ။

Supported Triangle

အသက်ရှူသွင်းပါ။ ထို့နောက်အသက်ရှူထုတ်ရင်း ဘယ်ဘယ်လက်ကို အပေါ်သို့ဆန့်ထုတ်ပါ။ မျက်နှာက ဘယ်ဘက်လက်တည့်တည့်ကို ကြည့်ပါ။ ညာဘက်လက်ကို ပေါင်ပေါ်သို့ ပုံထဲကအတိုင်း တင်ထားပါ။

ထိုပုံစံအတိုင်း အသက်ရှူသွင်းတစ်ခါလုပ်ပါ။ ထို့နောက် ဘက်ပြောင်း၍ အစအဆုံးလုပ်ပါ။

တစ်ဘက်ကို ငါးကြိမ်စီပြုလုပ်ပေးပါ။

၃။ Supported Squat

Supported Squat

ထိုင်ဖုံခပ်ထူထူနှစ်ခုသုံးခုကို ထပ်ပြီးထိုင်ပါ။ ခြေထောက်နှစ်ဖက်ကို ကားထုတ်ပါ။ လက်ကို ရင်ဘတ်ရှေ့တည့်တည့်တွင် လက်အုပ်ချီသည့်သဏ္ဍန်ထား၍ အသက်ရှူထုတ်လုပ်ပါ။ ထိုသို့ပြုလုပ်နေချိန်တွင် မိန်းမကိုယ်တစ်ဝိုက်ရှိကြွက်သားများကို ဖြေလျှော့ထားပါ။

ဤပုံစံကို ဆယ်ကြိမ်ခန့်ပြုလုပ်ပါ။ ယခုပုံစံဟာ ကလေးမွေးဖွားချိန်အတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ယခင်က လမစေ့ခင်ကလေး မွေးထားဖူးသူတွေတော့ ဒီပုံစံကိုမလုပ်သင့်ပါဘူး။

Related Article >>> ခေတ်အဆက်ဆက်ကိုယ်ဝန်စမ်းသပ်နည်း(၁၀)နည်း

၎ ။ Cow, Cat and Child

 

Cow

လေးဘက်ထောက်ပါ။ အသက်ရှူသွင်း၍ ခါးကိုအတန်ငယ်ကွေး၍ တင်ပါးကိုကော့ထားပါ။ ဇက်ကိုမော့၍ အပေါ်သို့ကြည့်ပါ။

Cat

အသက်ရှူထုတ်၍ ခါးကိုအတန်ငယ်ကုန်းပြီး မေးစေ့ကို ရင်ဘတ်နှင့် ထိအောင်ငုံ့ပါ။

Child

တင်ပါးကို ခြေဖနောင့်နှင့် ထိအောင် ထိုင်ချပြီး လက်ကိုအရှေ့သို့ဆန့်ထုတ်ကာခေါင်းကိုကြမ်းနှင့် တစ်ပြေးတည်းဖြစ်အောင် ငုံ့ထားပါ။ အသက်ရှူသွင်း တစ်ခါလုပ်ပါ။

ဤပုံစံကို ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။

Related Article >>> နို့တိုက် မေမေတွေ အားရှိအောင် စားသင့်တဲ့ အစားအစာ ၈ မျိုး

၅။ Belly Breathing

Belly Breathing

နောက်ဆုံး ယောဂလေ့ကျင့်ခန်းအနေနဲ့ အလွယ်ဆုံးနဲ့ ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတစ်ခုကို ဖော်ပြလိုက်ပါတယ်။ ထိုင်ဖုံ ခပ်ထူထူတစ်ခုပေါ် တင်ပုလ္လင်ခွေပြီး ထိုင်ပါ။ လက်ကို ဗိုက်ရဲ့အောက်မှာထားပါ။ မျက်စိမှိတ်ထားပြီး မျက်နှာနဲ့ မေးရိုးမှာရှိတဲ့အကြောတွေကို ဖြေလျော့ပါ။ တင်ပါးဆုံရှိ ကြွက်သားတွေကိုလည်း ဖြေလျော့ထားပါ။ အသက်ကိုပြင်းပြင်းရှူပြီး ဝင်လေထွက်လေကိုမှတ်ပါ။

ကိုယ်ဝန်ဆောင်ယောင်းတို့အနေနဲ့ သိထားသင့်တာတစ်ခုက ယောဂမဆော့ခင်ဘဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းတွေမလုပ်ခင်ပဲဖြစ်ဖြစ် ကိုယ်ပြနေကျဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ ကိုယ့်ဆရာဝန်က ကိုယ့်ကျန်းမာရေးအခြေအနေက ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေလုပ်သင့်တယ်၊ လုပ်ဖို့အဆင်ပြေတယ်ဆိုမှသာ လုပ်ဖို့ သတိပြုစေချင်ပါတယ်နော်…

မေမေဖြစ်တော့မယ့်ယောင်းတို့ ချောမောလှပပြီး ကျန်းမာသန်စွမ်းတဲ့ သားသားမီးမီးလေးတွေ မွေးဖွားနိုင်ကြပါစေ…

Sugar Cane (For Her Myanmar)

Reference – Fit Pregnancy,  Very Well Fit

No Comments Yet

Comments are closed