ကလေးယူဖို့ ပြင်ဆင်ကြရာဝယ်

ကလေးလေးယူဖို့ဆွာ လွယ်တာကျလို့… ဒါလေးတွေတော့ လိုမယ်နော်…

ညီမလေးသို့

အိမ်ထောင်တစ်ခု ထူထောင်ပြီးလို့ သာယာတဲ့ အိမ်ထောင်ရေးလေးတွေ ဖြစ်လာပြီဆိုရင် အိမ်ရဲ့ဆည်းလည်း ရင်သွေးငယ်လေးတွေ ယူဖို့ စဉ်းစားကြပြန်ပါသေးတယ်။ တချို့ကလည်း အိမ်ထောင်ကျပြီး သိပ်မကြာဘဲ ကလေးယူကြသလို တချို့ကလည်း အိမ်ထောင်ကျစ တစ်နှစ်၊ နှစ်နှစ်ကြာတဲ့အထိ ကိုယ်ဝန်တားနည်းတွေသုံးပြီး လိုချင်တဲ့အခါမှ တားထားတာကိုရပ်ပြီး ကလေးယူရကြပါတယ်။ ကလေးယူတဲ့အခါမှာလည်း လွယ်လွယ်ကူကူ ချက်ချင်းရတဲ့ စုံတွဲတွေရှိသလို နှစ်အတန်ကြာတဲ့အထိ မရလို့ စိတ်ပျက်အားလျော့တဲ့ လူတွေလည်းရှိပါတယ်။

ဒီလို လွယ်လွယ်ကူကူ မရတဲ့ စုံတွဲတွေအတွက် ဗဟုသုတ လေး ဝေမျှချင်ပါတယ်နော်။

၁) ကလေးမယူခင် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ထားသင့်ပါတယ်။

လိုအပ်တဲ့စစ်ဆေးမှုဆိုတာ အသည်းရောင်အသားဝါ Bပိုး၊ C ပိုး၊ HIV ပိုး စတဲ့ ကူးစက်ရောဂါတွေကို ကြိုတင်စစ်ပြီး ကုသထားရင် ဘေဘီလေးအတွက် စိတ်ချရတာပေါ့နော်။ နောက်အမျိုးသမီးအနေနဲ့တော့ ကွန်ပျူတာဓာတ်မှန်( Ultrasound) ရိုက်ကြည့်တာမျိုးလုပ်ပြီး သားအိမ်ထဲမှာ အသားလုံးရှိမရှိ၊ မမျိုးဥ အိမ်ထဲမှာ ရေအိတ်ရှိမရှိတို့ စစ်ဆေးထားဖို့လိုနိုင်ပါတယ်။

၂) ကိုယ်ရဲ့ ရာသီစက်ဝန်းကို သေချာ သိထားဖို့ လိုပါတယ်။

ကလေးလိုချင်တဲ့ အမျိုးသမီးအနေနဲ့ ရာသီစက်ဝန်းက အရေးကြီးဆုံးဆိုလည်း မမှားပါဘူး။ လစဉ်ရာသီလာနေတဲ့ အမျိုးသမီးဆိုရင် လတိုင်းလတိုင်း ရာသီလာတဲ့ရက်ကို သေချာမှတ်သားထားသင့်ပါတယ်။ ရာသီလာတဲ့ရက်ကနေ မမျိုးဥကြွေတဲ့ရက်ကို တွက်နိုင်တာမို့ မမျိုးဥကြွေတဲ့ရက်မှာ အိမ်ထောင်ဖက်နဲ့ အတူနေမယ်ဆိုရင် ကလေးရနိုင်ချေ ပိုရှိပါတယ်။ အခုခေတ်မှာဆိုရင် မမျိုးဥ ကြွေမကြွေ စစ်လို့ရတဲ့ ( LH Test Kit) လေးတွေ ရှိနေပြီမို့ ပိုပြီး တိတိကျကျ သိနိုင်ပါတယ်။ စစ်ရမယ့်အချိန်ကတော့ ရာသီလာပြီး ၉ ရက်နောက်ပိုင်းကို ဆက်တိုက်စစ်ပြီး နှစ်ကြောင်းပေါ်လို့ မျိုးဥကြွေတဲ့အထိစစ်သင့်ပါတယ်။

Related Article >>> မမျိုးဥအိမ်မှာ ဖြစ်တဲ့ကင်ဆာ

၃) အလွန်အကျွံတိုင်းလည်း မကောင်းပါဘူး။

ကလေးရဖို့အတွက် အိမ်ထောင်ဘက် နှစ်ဦး အတူနေမှ ဆိုတာ မှန်ပေမဲ့ တချို့က ကလေးလိုချင်လို့ နေ့တိုင်းနီးပါး အတူနေတာမျိုးကတော့ အကျိုးမထူးလှပါဘူး။ အပေါ်မှာ ပြောထားတဲ့ မမျိုးဥကြွေတဲ့ နေ့တွေမှာ တစ်ရက်ခြား နှစ်ရက်ခြား အတူနေရင်တော့ ရနိုင်ချေ သိသိသာသာများလာမှာပါ။ နေ့တိုင်းနီးပါးအတူနေတဲ့အခါ အမျိုးသားသုတ်ရည်ထဲမှာ သုတ်ပိုး အလုံအလောက် မပါတော့ဘဲ ကလေးရနိုင်ချေ နည်းသွားတတ်လို့ပါ။

၅) စိတ်ဖိစီးမှု မထားပါနဲ့။

ဘယ်လိုစိတ်ဖိစီးမှုမဆို ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိကြပေမဲ့ ကလေးယူတဲ့ ကိစ္စမှာပိုပြီး အရေးပါပါတယ်။ တချို့ဆို အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ ပိနေတဲ့အချိန်မှာ ဘယ်လိုကြိုးစားကြိုးစား မရနိုင်ဘဲ ဟန်းနီးမွန်းထွက်လိုက်တော့မှ ကလေးရသွားတာမျိုးတွေလည်း ရှိပါတယ်။

၆) ကိုယ်အလေးချိန်ကို အလေးထားပါ။

ကလေးယူဖို့ဆိုရင် ကိုယ်အလေးချိန်က မပိန်လွန်း မဝလွန်းဖြစ်ရင် အကောင်းဆုံးပါပဲ။ တကယ်လို့ ကိုယ်အလေးချိန် ပုံမှန်ထက်များနေမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီးအစားလျှော့ပြီး ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင်လုပ်ပြီးမှ ကလေးယူသင့်ပါတယ်။

ဒါဆို ကလေးယူဖို့ကြိုးစားနေတဲ့ စုံတွဲတွေအတွက် အထောက်အကူလေးတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။

မယ်တင်( ဆေး ၁)

No Comments Yet

Comments are closed