သွေးဆုံးခါနီးဖြစ်နေတဲ့ မေမေ့ကို ဘယ်လိုကူညီကြမလဲ?

ညီမလေးသို့..
 သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတွေ အတော်များများ ခက်ခက်ခဲခဲ ဖြတ်သန်းရမယ့် အချိန်တစ်ခုပါ။ ဒီတော့ မေမေတွေ ဒီအချိန်ကာလကို ရောက်လာပြီဆိုရင် ဒီလိုလေးတွေ ကူညီပေးလို့ ရတယ် ယောင်းတို့ရေ… 

အိမ်မှာရှိနေတဲ့ ညီမလေးတို့ မေမေဟာ အရင်ကထက်ပိုပြီး စိတ်တိုတာ၊ ကိုယ့်ကို ပိုပြီးဆူတာ ၊ ကိုယ့်ကိုပိုပြီး အမြင်မကြည်တာမျိုးတွေ ဖြစ်နေမယ်ဆိုရင် ညီမလေးမေမေဟာ သွေးဆုံးခါနီး လက္ခဏာတွေထဲက တစ်ခုကိုခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဒီတော့ မေမေ့ကို ဂရုစိုက်မယ်ဆိုရင် သွေးဆုံးတဲ့အကြောင်းကို ညီမလေးတို့ အရင်သိထားဖို့ လိုတယ်မဟုတ်လား? အဲဒီတော့ ညီမလေးတို့ကို သွေးဆုံးတယ်ဆိုတာ ဘာလဲ အရင်ပြောပြချင်ပါတယ်။

ညီမလေးတို့ မေမေဟာ အသက်လည်း ၄၅နှစ်ကျော်နေမယ်။ ရာသီလာတာလည်း တစ်လတစ်ခါ မဟုတ်ဘဲ တစ်လမှာ နှစ်ခါ၊ နှစ်လမှာ တစ်ခါလာတာ တွေဖြစ်နေပြီဆိုရင် ဒါသွေးဆုံးခါနီးလို့ သွေးကစားတယ်လို့ ပြောလို့ရပါတယ်။ အဲဒီလို သွေးကစားတာကစပြီး ရာသီသွေး ( ၂) နှစ်ဆက်တိုက်ရာသီ လုံးဝမလာတော့ဘူးဆိုရင်တော့ သွေးဆုံးတယ်လို့ သတ်မှတ်ရမှာပါ။

သွေးဆုံးတယ်ဆိုတာ တစ်နည်းထပ်ပြောရရင်တော့ မိန်းမဟော်မုန်း( အီစတိုဂျင်တွေ) ကုန်ခန်းသွားတဲ့အချိန်ပေါ့နော်။ ဒီလိုအချိန်မှာ ညီမလေးတို့မေမေဟာ ရာသီမလာတာအပြင် သွေးဆုံးကိုင်တဲ့ လက္ခဏာတွေပါ ခံစားရနိုင်တာမို့ ညီမလေးတို့အကူအညီ လိုနိုင်ပါတယ်။

ညီမလေးတို့မေမေဟာ ရုပ်ပိုင်းဆိုင်ရာအရ

  • အရေပြားတွေ လျော့ရဲလာမယ်။
  •  ပူလိုက်အေးလိုက် ဖြစ်လာမယ်။ ( မီးယပ်ချမ်းလို့အလွယ်ပြောလို့ရပါတယ်)
  • အရိုးတွေပွလာမယ်။
  • အိပ်မပျော်တာမျိုးတွေဖြစ်လာမယ်။
  • ဆံပင်တွေကျွတ်လာမယ်။
  • ခေါင်းကိုက်တာ၊ ကိုယ်လက်တွေကိုက်ခဲတာမျိုးတွေဖြစ်လာမယ်။
  • စိတ်ပိုင်းဆိုင်ရာအရ ဟော်မုန်း အကြီးအကျယ်ပြောင်းလဲသွားတာမို့ အရာရာကို စိတ်အလိုမကျဖြစ်လာမယ် ( ဒါကြောင့် ခဏခဏ ဆူတာပေါ့နော် )
  • အလိုလိုနေရင်း စိတ်အားငယ်လာမယ် ( ပြင်းထန်ရင် စိတ်ကျရောဂါအထိ ဖြစ်နိုင်ပါတယ် )
  • အရင်ထက်ပိုပြီး စိတ်တိုတာတွေ အော်တာတွေရှိလာနိုင်တယ်။

ညီမလေးတို့ရဲ့မေမေမှာ ဒါမျိုးတွေ ခံစားနေရနိုင်တာမို့ ပိုအဆူခံရရင်တောင် မေမေ့ကို နားလည်ပေးပြီး ပိုချစ်၊ ပိုဂရုစိုက်ပေးလိုက်ပါနော်။

Related Article >>> ဆယ်ကျော်သက်တိုင်း သိထားသင့်တဲ့ ရာသီပန်းအကြောင်း

ညီမလေးတို့မေမေရဲ့ သွေးဆုံးခါနီးလက္ခဏာတွေကိုကူညီပေးဖို့အတွက်

  • နွားနို့သောက်ဖို့ အကြံပေးပါ။
  • မေမေနဲ့အတူလေ့ကျင့်ခန်းသို့ ယောဂ လုပ်ကြည့်ပါ။
  • ပေါ့ပါးတဲ့ အသက်ရှူလေ့ကျင့်ခန်းပဲဖြစ်ဖြစ်၊ လမ်းအတူလျှောက်တာပဲဖြစ်ဖြစ်၊ စိတ်တည်ငြိမ်စေတဲ့ယောဂလေ့ကျင့်ခန်းပဲဖြစ်ဖြစ် မေမေနဲ့ တူတူလုပ်မယ်ဆိုရင်မေမေလည်းကျန်းမာ ညီမလေးတို့လည်းပေါ့ပါးနေစေမှာပါ။
  • မေမေ့အတွက် ချစ်ခင်ကြင်နာမှု ပိုပေးပေးပါ။
  • ညီမလေးတို့မေမေရဲ့ အထီးကျန်စိတ်အားငယ်နေမှုအတွက် အကောင်းဆုံးဆေးက ယောင်းတို့ရဲ့ ဂရုစိုက်ကြင်နာမှုပဲ ဖြစ်ပါလိမ့်မယ်နော်။ ညီမလေးတို့အနေနဲ့ အပြင်က ပြန်လာတိုင်း မေမေကြိုက်တတ်တာလေးတွေ ဝယ်လာပေးမယ်။ မေမေ ထမင်းဟင်းချက်တဲ့အချိန် ဝိုင်းကူပေးမယ်ဆိုရင် ညီမလေးတို့မေမေလည်း ကျေနပ်မှာ အသေချာပေါ့နော်။
  •  ကော်ဖီ၊ လျှော့သောက်ခိုင်းပါ။
    ကော်ဖီသောက်တာဟာ သွေးဆုံးကိုင် ဝေဒနာတွေ ပိုဆိုးစေတာမို့ ညီမလေးတို့မေမေကို ကော်ဖီအစား နွားနို့ပြောင်းသောက်ဖို့ အကြံပေးကြည့်ပါ။
  • မေမေအတွက် ဖြည့်စွက်ဗီတာမင်လေးတွေ ဝယ်တိုက်လို့ ရနိုင်ပါတယ်။သွေးဆုံးကိုင်တဲ့ လက္ခဏာတွေကို အတန်အသင့်သက်သာစေတဲ့ ဗီတာမင်လေးတွေရှိပါတယ်။ အဓိကကတော့ ဗီတာမင် C, D နဲ့ B ပါ။ ဒီဗီတာမင်ပါတဲ့အားဆေးလေးတွေဝယ်တိုက်လို့ရနိုင်သလို ဗီတာမင်ကြွယ်ဝတဲ့ ဓာတ်စာတွေဖြစ်တဲ့ပန်းဂေါ်ဖီစိမ်း၊ နွားနို့၊ ဒိန်ချဉ်၊ သဘောင်္သီး၊ ကီဝီသီး၊ ကြက်ဥ၊ ပဲနို့ တို့ကိုလည်း ညီမလေးတို့မေမေကို ကျွေးပေးနိုင်ပါတယ်။

ဒါဆို ညီမလေးတို့လည်း မေမေဆီက အမှတ်ပိုရပြီး မေမေလည်း ပိုကျန်းမာလာမှာပေါ့..

မယ်တင်( ဆေး ၁)

No Comments Yet

Comments are closed