မေမေယောင်းလေးတွေ အားလုံး သတိထားသင့်တဲ့ အဆိပ်သင့် မီးခိုးငွေ့ရဲ့ အန္တရာယ်

အမှန်တော့ မေမေယောင်းလေးတွေမှမဟုတ်ပါဘူးကွယ်.. ယောင်းတို့ အားလုံး သတိထားနိုင်ရင်တော့ အကောင်းဆုံးပေါ့… 

ယောင်းတို့ရေ… ဒီရက်ပိုင်းတွေမှာ ကောင်းကင်တွေ မိုးအုံ့သလို ဖြစ်နေပြီး ညှော်နံ့တွေ ရနေစေတဲ့ တရားခံကို အားလုံးသိကြမယ်ထင်ပါတယ်။ ဒီ ဧကတစ်ရာကျော် အမှိုက်ပုံထုကြီးဟာ လွန်ခဲ့တဲ့ လေးရက်တည်းက အရှိန်ပြင်းပြင်း လောင်ကျွမ်းနေတာဖြစ်ပြီး ခုဆို တာမွေတို့၊ အလုံတို့ အထိ ဝေးလံတဲ့မြို့နယ်တွေကိုတောင် အငွေ့တွေက ပြန့်လာပါပြီ။ မီးငြိမ်းသတ်နိုင်ဖို့ တစ်ပတ်လောက်ထိ ကြာနိုင်သေးတဲ့အပြင် ခုလောလောဆယ်မှာ မီးခိုးငွေ့တွေ ရှူရှိုက်မိပြီး ဖျားနာကြလို့ ဆေးရုံတွေကို အရေးပေါ် ရောက်လာတဲ့သူတောင်ရှိနေပါပြီ လို့ ဆိုပါတယ်။ ဒါကြောင့် ယောင်းတို့ကို ဒီ အဆိပ်သင့် မီးခိုးငွေ့တွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တွေ ပြောပြပေးချင်ပါတယ်။

ကျစ်လျစ်သိပ်သည်းလွန်းတဲ့ အမှိုက်ပုံကြီးထဲက ပလတ်စတစ်ပေါင်းစုံကို မီးလောင်ကျွမ်းတဲ့အခါ အန္တရာယ်များတဲ့ ဓာတ်ငွေ့မျိုးစုံ ထွက်လာပါတော့တယ် ။ Dioxinsတို့၊ furansတို့၊ ကာဘွန်မိုနောက်ဆိုဒ်တို့ စတဲ့ ဓာတ်ငွေ့တွေဟာ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ မျိုးဆက်ပွားပြသာနာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ကို ရှူရှိုက်တာများလာရင်တော့ သေသွားနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် နှလုံးရောဂါနဲ့ အဆုတ်ရောဂါအခံ ရှိပြီးသားသူတွေ၊ ဘိုးဘွားတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ၊ နို့တိုက်မေမေတွေ နဲ့ ကလေးငယ်တွေဟာ ဒီအဆိပ်ငွေ့တွေကို ရှူရှိုက်မိတဲ့အခါ အတော်လေး အန္တရာယ်ရှိတဲ့ အနုနယ်ဆုံးသူတွေပါ။

ကလေးတွေရဲ့ ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါတွေက ခုမှ ဖွံ့ဖြိုးတုန်းရှိသေးတာမို့ ကလေးငယ်တွေအနေနဲ့ ဒီလို မီးခိုးငွေ့တွေရှူမိတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး အကျိုးဆက်တွေက ပြင်းထန်ပါတယ်။ ဟော်မုန်းမညီမျှတော့တာ၊ အမြင်အာရုံ ထိခိုက်ပျက်စီးတာ နဲ့ အသက်ရှူလမ်းကြောင်း ပြဿနာစတာတွေ ဖြစ်လာနိုင်တဲ့အပြင် ကိုယ်ခံအားစနစ် အားနည်းပြီး အရေပြားပြဿနာတွေ၊ ဖျားနာတာတွေလည်း ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဟာ နုနယ်သေးတာမို့ အရွယ်ရောက်နေတဲ့ လူကြီးတွေလို အဆိပ်တွေကို ဖယ်ရှားစစ်ထုတ်နိုင်တာလည်း မရှိပါဘူး။

ကိုယ်ဝန်ဆောင်သည်တွေ ရှူရှိုက်တဲ့လေဟာ ဝမ်းထဲက သန္ဓေသား ရှူရှိုက်တဲ့လေနဲ့ အတူတူပဲ ဖြစ်တဲ့အပြင် သန္ဓေသားတွေဟာ Dioxin ဓာတ်ငွေ့ရဲ့ ဒဏ်ကို ပိုခံစားရတာမို့ ဒီမီးခိုးငွေ့တွေရှူရှိုက်မိရင် မမွေးရသေးတဲ့ ကလေးကိုလည်း ဆိုးရွားစွာ အဆိပ်သင့်စေပါတယ်။ ပလတ်စတစ်က ထွက်လာတဲ့ ဟက်ဇာကလိုရိုဘန်ဇင်းလို အဆိပ်မျိုးဟာလည်း သန္ဓေသားရဲ့ ကျောက်ကပ်နဲ့ အသည်းကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဒီမီးခိုးတွေကို ရှူရှိုက်နေရပြီဆိုရင် သမားတော်နဲ့ ချက်ချင်းပြသပြီး ဆွေးနွေးသင့်ပါတယ်နော်။

ဒီလို အဆိပ်ရှိ မီးခိုးငွေ့တွေကို N95လို maskကတောင် ၁၀၀ရာခိုင်နှုန်း အပြည့်အဝမကာကွယ်နိုင်တာမို့ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နဂို နှလုံးနဲ့ အဆုတ်ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေကို အတတ်နိုင်ဆုံး အပြင်သွားတာ လျှော့စေချင်ပါတယ်။ မသွားမဖြစ်သွားရမယ်ဆိုရင် Maskလေးအုပ်ပြီးမှ သွားပါ။ အထိုက်အလျောက်တော့ သက်သာရာရမှာပါနော်..

တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအားစနစ် မတူတာမို့ လူတိုင်းဖျားနာကြမှာ မဟုတ်ပေမဲ့ မီးခိုးထူထပ်တဲ့နေရာမှာ နေရသူဆိုရင်တော့ ဒီရက်ပိုင်းလေးမှာ ပြောင်းရွှေ့နေနိုင်ရင် အကောင်းဆုံးပါပဲ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကလေးငယ်တွေပေါ့။ လှိုင်သာယာက သူတစ်ချို့ ဆို မျက်နှာတွေအမ်းပြီး မျက်လုံးတွေလည်း နီနေပါပြီတဲ့။ ရေကို တတ်နိုင်သမျှ များများသောက်ပေးပါ။ အိမ်ထဲမှာ ခြင်ဆေးခွေထွန်းတာ ဖျန်းတာ မီးမွှေးတာ စတာတွေကို ခုချိန်မှာ ခဏရပ်ထားစေချင်ပါတယ်။ အိမ်ထဲက လေထုအခြေအနေ ပိုဆိုးသွားနိုင်လို့ပါ။

တကယ်လို့များ မီးခိုးငွေ့တွေရှူရှိုက်နေမိရင်းက အသက်ရှူမြန်လာတဲ့ အခါ၊ ရင်ဘတ်ပါ အောင့်လာတဲ့အခါ၊ အသက်ရှူတွေကြပ်လာပြီး ချောင်းတွေမတရား ဆိုးလာတဲ့အခါ၊ ပန်းနာရင်ကြပ်ရှိတဲ့ သူတွေ ရင်ကြပ်ထတဲ့အချိန် တရွှီရွှီ အသံမြည်လာတဲ့အခါ အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်တာမို့ ဆရာဝန်နဲ့ ချက်ချင်းကို ပြသသင့်ပါတယ်နော်။ အားလုံးပဲ အဆင်ပြေကြပါစေ ယောင်းတို့ရေ. .
By

Mia (For Her Myanmar)

Reference links: How to Adult ,  Who , ကြေးမုံသတင်းစာ

No Comments Yet

Comments are closed