အတွေးထဲမှမိစ္ဆာတစ်ကောင်(၂)

 

ငါ့အခြေအနေက အရမ်းမဆိုးသေးဘူး နည်းနည်းပဲဖြစ်တာ ကိစ္စမရှိဘူးကြာရင်ပျောက်သွားမယ် ဆိုပြီးဒီအတိုင်းထားလိုက်ရင်တော့ အပ်နဲ့ထွင်းရမှာကိုပုဆိန်နဲ့ပေါက်ရတဲ့အဆင့်ဖြစ်သွားမှာနော်။

Yuki ပြီးခဲ့တဲ့တစ်ပုဒ်မှာ Obsessive Compulsive Disorder(OCD)ရဲ့ ဖြစ်ရတဲ့အကြောင်းရင်းတွေ လက္ခဏာတွေ ဖြစ်စဉ်တွေကိုပြောပြပြီးပါပြီ။ ဒီတစ်ပုဒ်မှာတော့ ဒီရောဂါကို ကုသနိုင်မယ့် နည်းလမ်းလေးတွေပြောပြပါမယ်နော်။
OCD ခံစားနေရသူတွေဟာ Yuki ပြောခဲ့တဲ့လက္ခဏာတွေအပြင် OCDရဲ့ လက္ခဏာမဟုတ်တဲ့ အခြားစိတ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုပါခံစားရတတ်လို့ဆိုပါတယ်။ အဲ့တာတွေကတော့ စိတ်ကျရောဂါလက္ခဏာတွေ ၊အစိုးရိမ်လွန်တာတွေ ၊အလွန်အကျွံ စိတ်ဖိစီးတာတွေ ကိုယ့်ဘဝရဲ့အရာရာတိုင်းဟာမှားယွင်းနေပြီလို့ ခံစားရတာတွေပါပဲ။ Yuki ကတော့ ဒီလက္ခဏာတွေဟာ OCD လက္ခဏာတွေနဲ့ဆက်စပ်နေတယ်လို့ ယူဆပါတယ်။ ဘာလို့ဆို ပုံမှန်မဟုတ်တဲ့အပြုအမူတွေ အမြဲလုပ်မိ ပေါက်တက်ကရအတွေးတွေ အမြဲဝင်နေမှတော့ စိုးရိမ်ပူပန်သောကတွေရောက်ပြီး စိတ်ထွက်ပေါက်မရှိသလိုခံစားရမှာပါပဲ။ ပြီးတော့ကိုယ့်ကိုယ်ကို ပုံမှန်မဟုတ်မှန်းလည်းသိနေတဲ့အတွက် စိတ်တွေဖိစီးပြီးနောက်ဆုံး အဆုံးစီရင်ချင်စိတ်တွေပါပေါက်လာတတ်ပါတယ်ကွယ်။ ဒါပေမဲ့ ငါကအဲ့အဆင့်မရောက်သေးဘူး နည်းနည်းပဲဖြစ်တာ ကိစ္စမရှိဘူးကြာရင်ပျောက်သွားမယ် ဆိုပြီးဒီအတိုင်းထားလိုက်ရင်တော့ အပ်နဲ့ထွင်းရမှာကိုပုဆိန်နဲ့ပေါက်ရတဲ့အဆင့်ဖြစ်သွားမှာနော်။

*ကဲ ဒါဆို ဒီ OCD ကြီးကိုဘယ်လိုတိုက်ထုတ်နှိမ်နင်းကြမလဲ။
အကောင်းဆုံးကတော့ ရောဂါလက္ခဏာပြလာပြီဆိုရင် “ငါရူးနေပြီ သူများတွေသိသွားရင်ဒုက္ခ” ဆိုပြီး ကြောက်နေ ရှက်နေတာမျိုးမလုပ်ဘဲ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကိုယ်က အခြေအနေအကြောင်းကြောင်းကြောင့် ဆရာဝန်မပြဖြစ်ရင်လည်းအောက်ပါနည်းလေးတွေအတိုင်းကိုယ့်စိတ်ကိုယ် ပြန်ထိန်းယူနိုင်ပါတယ်။

(၁) ရင်ဆိုင်လိုက်ပါ။

ဒီအတွေးဆိုးတွေ ဝင်လာနိုင်တဲ့ အခြေအနေတွေကို မရှောင်လွှဲပါနဲ့ ရဲရဲကြီးရင်ဆိုင်လိုက်ပါ ယောင်းတို့ရေ။ ဘာလို့ဆို ရှောင်လွှဲနေလေလေပိုဆိုးလေလေဖြစ်တတ်လို့ပါပဲ။ ဥပမာ-ပိုးမွှားတွေကိုကြောက်လို့ ဘတ်စ်ကားမစီးချင်ဖြစ်နေရင် ရဲရဲကြီးတက်စီးပစ်လိုက်ပါ။ ဘတ်စ်ကားစီးရမယ့်ကိစ္စကို ရှောင်နေလေလေ ဘတ်စ်ကားစီးရမှာပိုကြောက်လေလေ ဖြစ်တတ်ပါတယ်။ ဒီတော့ရင်ဆိုင်ပစ်လိုက်ပါ။ ကားပေါ်ကဆင်းလာပြီး လက်ဆေးတဲ့အချိန် ရေချိုးတဲ့အချိန်တွေကိုနည်းနည်းစီလျှော့ကြည့်ပါ။ လွှင့်ပစ်ရမယ့်ပစ္စည်းတစ်ခုကိုသိမ်းထားချင်နေရင်လည်း ကြိတ်မှိတ်လွှင့်ပစ်လိုက်ပါ။ အဲ့လိုရင်ဆိုင်ရတာနည်းနည်းတော့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ရင်ဆိုင်လိုက်တာအကြိမ်ပေါင်းများလာတာနဲ့အမျှ စိုးရိမ်တဲ့ ကြောက်တဲ့အတွေးတွေလျော့သွားမှာပါ။

(၂) အာရုံပြောင်းကြည့်ရအောင်။

ပေါက်တတ်ကရအတွေးတွေ စိုးရိပ်ပူပန်စိတ်တွေ ဖြစ်လာပြီဆိုရင် တခြားအာရုံတစ်ခုခုကို ချက်ချင်းပြောင်းပစ်လိုက်ပါ။ ဥပမာ လက်မှာတစ်ခုခုပေနေတယ်လို့ထင်လာရင် ချက်ချင်းထမဆေးဘဲနဲ့ တခြားကိုယ်ကြိုက်တာတစ်ခုခုပြောင်းလုပ်လိုက်ပါ။ ပစ္စည်းတွေစီစဉ်ချင်နေပြီဆိုလည်း ထမလုပ်ဘဲ တခြားတစ်ခုခုပြောင်းလုပ်ပါ။
သီချင်းနားထောင်တာတို့ ကိုရီးယားကားလေးတွေ ထိုင်းကားလေးတွေကြည့်တာတို့ပေါ့။ Facebook သုံးပစ်လိုက်လို့လည်းရတယ်နော်။ အရေးကြီးတာက ကိုယ်စိတ်ဝင်စားတာကို အနည်းဆုံး ၁၅ မိနစ်လောက်လုပ်လိုက်ဖို့ပါ။ ပြီးမှ လက်ထဆေး ပစ္စည်းတွေထစီလည်း အရင်ကလောက်မပြင်းထန်တော့တာတွေ့ရမှာပါ။ အာရုံပြောင်းတဲ့ကြာချိန်ကို ၁၅ မိနစ်ကနေ မိနစ် ၂၀ စသည်ဖြင့် နည်းနည်းစီတိုးကြည့်ရမယ်နော်။ ဒါမှနောက်ပိုင်းအလေ့အကျင့်ဖြစ်သွားပြီး OCD ကြီးလည်းလျော့သွားမှာပါ။

(၃) လက်ဦးမှုရယူပါ။

ပေါက်တတ်ကရအတွေးတွေ စဝင်လာပြီဆိုတာနဲ့ ငါတွေးတာမဟုတ်ဘူး OCD ကြီးကြောင့်ဖြစ်နေတာ ငါကြောင့်မဟုတ်ဘူး လို့ ကိုယ်ကဦးအောင်တွေးပစ်လိုက်ပါ။ ဥပမာ-သော့ခတ်စရာ ရှိလာပြီဆိုရင် သော့ကိုသေသေချာချာ အာရုံစိုက်ခတ်ပြီး လက်ဖျောက်တစ်ချက်တီးတာပဲဖြစ်ဖြစ် ဖုန်းထဲမှာ ငါသော့ခတ်လိုက်ပြီလို့ ချရေးတာပဲဖြစ်ဖြစ် တစ်ခုခုမှတ်မှတ်ရရဖြစ်အောင် လုပ်လိုက်ပါ။ ဒါဆို သော့ခတ်မခတ်စိုးရိမ်တဲ့စိတ်တွေ ဝင်လာပြီဆိုရင် ငါလက်ဖျောက်တီးလိုက်တယ်လေ ငါဖုန်းနဲ့တောင်စာရေးလိုက်တယ်လေ လို့ ဦးအောင်တွေးပစ်လို့ရပါတယ်။

(၄) စာနဲ့ချရေးထားလိုက်မယ်။

စာရေးရတာ တွေးရတာထက် ပိုအားစိုက်ရတာ ယောင်းတို့လည်းသိတယ်ဟုတ်။ ပေါက်တတ်ကရအတွေးတွေထပ်ခါထပ်ခါဝင်လာလို့ စွဲလမ်းနေတဲ့အပြုအမူတွေလုပ်ချင်နေလို့ အရမ်းစိုးရိမ်ပူပန်နေရပြီဆိုရင် အဲ့ဒီပေါက်ကရအတွေးတွေ ကိုယ်လုပ်ချင်နေတာတွေ အားလုံးကို စာအုပ်တစ်အုပ်မှာ ချရေးထားလိုက်ပါ။ ထပ်တလဲလဲ ပေါ်လာသမျှ အတွေးတွေကို အကုန်ချရေးလိုက်ပါ။ ရေးတာများလာတာနဲ့အမျှ စိုးရိမ်နေတာတွေလျော့သွားတာတွေ့လာရမှာပါ။ ပေါက်တတ်ကရအတွေးတွေ ပေါ်လာမယ့်အားက စာချရေးရင်းကုန်သွားလို့လေ။

Related Article >>> အတွေးထဲမှမိစ္ဆာတစ်ကောင်(၁)

(၅)အချိန်ရွှေ့ကြစို့။

ပေါက်တတ်ကရအတွေးတွေ စိုးရိမ်ကြောက်ရွံ့တဲ့ အတွေးတွေဝင်လာပြီဆိုရင် နေဦး နောက်မှတွေးမယ် နောက်မှထလုပ်မယ် ဆိုပြီးအချိန်ရွှေ့ပစ်လိုက်ပါ။ အလုပ်တွေ ကျောင်းတွေနဲ့ရှုပ်နေသူတွေဆို ဒီနည်းကအရမ်းထိရောက်ပါတယ်။ ကိုယ်လုပ်စရာရှိတာတွေ အသည်းအသန်လုပ်နေပြီးမှ စောစောကအကြောင်းတွေ ပြန်စဉ်းစားမိရင်တောင် အရင်ကလောက်မပြင်းထန်တော့တာတွေ့ရမှာပါ။

(၆) စိတ်ကိုရော လူကိုရော အနားမထားပါနဲ့။

ဒီရောဂါဟာ စိတ်ရောလူပါ အနားရနေချိန်တွေမှာ ပိုဆိုးလာတတ်တာမို့ လူကိုရော စိတ်ကိုရော အဆက်မပြတ်အလုပ်ခိုင်းထားပါ။ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်တွေမှာလည်း နားနားနေနေမနေဘဲ ကလေးတွေကိုစာသင်ပေးတာ အချိန်ပိုင်းအလုပ်လုပ်တာ သင်တန်းတက်တာတွေနဲ့ အချိန်ဖြုန်းသင့်ပါတယ်။ OCD လည်းပျောက် ကိုယ့်အတွက်လည်းအကျိုးရှိ ဘယ်လောက်ကောင်းသလဲကွယ်။

(၇) အထီးမကျန်ပါစေနဲ့။
သင်တန်းတက်တာ သူငယ်ချင်းတွေနဲ့ အပြင်သွားတာစသည်ဖြင့် လူတွေကြားထဲမှာရောနှောနေနိုင်အောင်ကြိုးစားပါ။ ကိုယ်ဟာအရူးမဟုတ်တဲ့အတွက်ကြောင့် လူတွေကြားထဲ အလွန်အကျွံလက်ဆေးတာ ပိုက်ဆံအိတ်ပြန်စစ်တာတွေလုပ်မိရင် အရူးလို့အထင်ခံရမှာကြောက်တာပေါ့။ ဒီတော့ မသိစိတ်ကိုက သူ့ဟာသူထိန်းသွားပြီး လူတွေကြားထဲမှာဆို OCD ကြီး ငြိမ်ကုပ်နေတာတွေ့ရမှာပါ။

(၈)တရားထိုင်ပေးပါ။

တရားရှုမှတ်ခြင်းဟာ စိတ်ကိုငြိမ်အောင်ထားရတဲ့အတွက် စိတ်ရောဂါတွေ အတွက်သင့်လျော်တဲ့ ကုထုံးတစ်မျိုးပါ။ ဝင်လေထွက်လေမှတ်ပြီး သမာဓိတည်ဆောက်ခြင်းနဲ့လည်း ပေါက်တတ်ကရအတွေးတွေကို ပျောက်စေနိုင်သလို ထပ်ခါထပ်ခါဝင်လာတဲ့ စိုးရိမ်ပူပန်စိတ်တွေကို စိုးရိမ်တယ် စိုးရိမ်တယ် ဆိုပြီး ရှုမှတ်လိုက်ရင် စိတ်သက်သာရာရသွားမှာပါ။ ဒီတော့ ညအိပ်ရာဝင် ၁၅ မိနစ်လောက်ပဲဖြစ်ဖြစ် ကိုယ်အားတဲ့အချိန်မှာ သေချာပေါက်တရားထိုင်တဲ့အကျင့်ကိုလုပ်ပေးပါနော်။

(၉) ဖွင့်ဟတိုင်ပင်ပါ။

OCD ကြောင့်ဖြစ်လာတဲ့အတွေးတွေဟာ တစ်ယောက်ယောက်ကို ဖွင့်ပြောလိုက်ရင် သက်သာသွားလေ့ရှိပါတယ်။ ဥပမာ-အိမ်ကနေ ညီအစ်မနှစ်ယောက်ထွက်လာရင်း သော့ခလောက်ကို သူ့ကိုပြ ငါသော့ခတ်လိုက်တယ်နော် လို့ ပြောလိုက်ရင်လည်း စိုးရိမ်စိတ်တွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ ကိုယ် OCD ခံစားနေရတယ်ဆိုတာကိုလည်း ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို သေချာရင်ဖွင့်ရင်း နှစ်သိမ့်မှုခံယူသင့်ပါတယ်။ ဒီရောဂါဟာ စိတ်ကျရောဂါလိုပဲ မိသားစု ချစ်သူခင်သူတွေရဲ့နွေးထွေးမှုလိုအပ်တာမို့ပါကွယ်။

Yuki ကတော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးတာအကောင်းဆုံးလို့ အကြံပေးချင်ပါတယ် ယောင်းတို့ရေ။စိတ်ကျန်းမာရေးအထူးကုဆရာဝန်တွေကတော့ ဒီလိုဝေဒနာသည်တွေကိုရောဂါအခြေအနေအလိုက် တစ်ယောက်ချင်းစီနဲ့ ကိုက်ညီတဲ့ဆေးရော ကိုယ်တိုင်ကုသနည်းတွေရောပေးပြီး စနစ်တကျကုသတတ်ကြတာမို့ ပိုထိရောက်ပါတယ်။
ဒါပေမယ့် Yuki တို့ လူ့အသိုင်းအဝိုင်းကြီးကလည်းခက်သားလားကွယ်။ စိတ်ရောဂါကုဆရာဝန်နဲ့ပြရတယ်ဆိုရင်ပဲ သွက်သွက်ခါအောင်ရူးနေတယ်ထင်ကြတာကိုး။ အဲ့တော့ ဝေဒနာရှင်ခမျာ ကိုယ့်ဟာကိုယ်လည်းသောကရောက်သေး ဆရာဝန်ပြမိလို့ ပတ်ဝန်းကျင်ကသိသွားရင်လည်း ရူးတယ်ထင်မှာကြောက်ရသေးနဲ့ ကြာတော့ ဘယ်သူနဲ့မှမတိုင်ပင်ဘဲ ကြိတ်မှိတ်ခံစားရင်း ပိုဆိုးသထက်ဆိုးလာတတ်ပြီး နောက်ဆုံး ကိုယ့်အသက်ကိုယ် ရန်ရှာတဲ့အထိပါဖြစ်သွားနိုင်ပါတယ်။ အဲ့လိုမဖြစ်ရအောင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြရမှာမရှက်ပါနဲ့။ ပတ်ဝန်းကျင်ဆိုတာ လက်ညှိုးဝိုင်းထိုးတာကလွဲပြီး ကိုယ့်ဝေဒနာတွေကို ဘယ်သူမှအစားလာခံမပေးဘူး ယောင်းတို့ရေ။ ကိုယ်ဖြစ်ရင် ကိုယ်ခံရမယ့် ကိုယ့်အသက်မို့ ဆရာဝန်ပြရမှာမကြောက်ပါနဲ့။ Yuki ပြောခဲ့သလို ဒီလောက်ပူလောင်နေတဲ့ခေတ်ကြီးမှာ စိတ်ဝေဒနာခံစားနေရသူတွေက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။

တကယ်လို့များ ယောင်းတို့ရဲ့ မိသားစုဝင်တစ်ယောက်ယောက် သူငယ်ချင်းတစ်ယောက်ယောက်က`ငါဒီလိုအတွေးတွေတွေးမိနေတယ်´လို့ ရင်ဖွင့်လာခဲ့ရင်`ကိုယ့်ဟာကိုယ် ပုံမှန်မဟုတ်မှန်းသိရင် မတွေးနဲ့လေ ဖျောက်ပစ်လိုက်´ လို့လွယ်လွယ်မပြောလိုက်ပါနဲ့နော်။ ဘာလို့ဆို ကိုယ့်ကို လာတိုင်ပင်ပြီ ဖွင့်ပြောပြပြီဆိုကတည်းက သူ့မှာဒီအတွေးတွေကို ကိုယ်တိုင်ရင်မဆိုင်နိုင်တော့လောက်အောင် ခံစားနေရလို့ပါ။ ကိုယ့်ဟာကိုယ် တမင်တွေးပြီး လွယ်လွယ်ဖျောက်ပစ်လို့ရနေဦးမှတော့ ဘာလို့သူများကိုဖွင့်တိုင်ပင်နေဦးမှာလဲလေ။ ဒီတော့ ကိုယ်က ဒီရောဂါအကြောင်းသေချာသိထားရင် ကိုယ်တိုင်လည်းသတိထားလို့ရ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်းနွေးထွေးမှု နားလည်မှုပေးပြီး ကောင်းကောင်းလမ်းညွှန်ပေးနိုင်တာပေါ့။

ကဲ.. ယောင်းတို့ရေ .. တကယ်လို့များ ဒီရောဂါခံစားနေရရင် ငါတော့သွားပါပြီလို့မတွေးလိုက်ပါနဲ့။ ဘာလို့ဆို ဒီရောဂါဟာ ပြီးခဲ့တဲ့တစ်ပုဒ်မှာ Yuki ပြောတဲ့ ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဒ် လို ထူးချွန်ထက်မြက်သူတွေ စေ့စပ်သေချာသူတွေအများစုမှာဖြစ်တတ်လို့ပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုအထင်မသေးရဘူး စိတ်ဓာတ်မကျရဘူးနော်။ အိုင်းစတိုင်း နဲ့ အခြားသော သိပ္ပံပညာရှင်တွေ အနုပညာရှင်တွေ နယ်ပယ်အသီးသီးကထူးချွန်သူတွေ ၊ ထင်ရှားကျော်ကြားသူတွေဟာ အနည်းနဲ့အများတော့ ဒီရောဂါကိုခံစားခဲ့ရပါတယ်တဲ့။ အဲ့ဒီတော့ ယောင်းမှာလည်း ဒီရောဂါလက္ခဏာလေးတွေ အစပျိုးနေတယ် ရှိနေတယ်ဆိုရင် ယောင်း ဟာ ပင်ကိုယ်ထူးချွန်ထက်မြက်သူဖြစ်ပြီး အောင်မြင်ထင်ရှားသူဖြစ်လာနိုင်လို့ပါပဲကွယ်။ ဒီတော့ ငါမှဖြစ်ရလေခြင်းဆိုပြီး အားမငယ်ဘဲ ကုစရာရှိတာ ကု စိတ်ထိန်းစရာရှိလေးတွေထိန်းပြီး OCD ဆိုတဲ့ အတွေးထဲကမိစ္ဆာကောင်ကြီးကို လှောင်ပြောင်အနိုင်ယူပစ်ရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြရအောင်နော်။

အခုဒီစာလေးနှစ်ပုဒ်ဟာ Yuki ကိုယ်တိုင်ကဆရာဝန်မဟုတ်ပဲ လေ့လာရသလောက်လေးတွေကို ပြန်မျှဝေပေးထားတာမို့ ချို့ယွင်းချက်လေးများရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်ပါတယ်ရှင့်။ တကယ်တတ်ကျွမ်းနားလည်တဲ့ယောင်းလေးတွေကလည်း ပြန်ပြီးထောက်ပြ ရှင်းပြပေးစေချင်ပါတယ်နော်။ Yuki အခုဒီစာလေးရေးနိုင်အောင် အဘက်ဘက်မှကူညီပေးကြသူတွေ ပညာရှင်တွေနဲ့ ကျန်းမာရေး ဝက်ဘ်ဆိုဒ် တွေကိုအထူးကျေးဇူးတင်မိပါတယ်ရှင်။

ချစ်သောယောင်းလေးတို့ ကျန်းမာပျော်ရွှင်ကြပါစေ။

ချစ်ခြင်းများစွာဖြင့်

Miyuki(For Her Myanmar)

Reference : Medline Plus , Help Guide , Psych GuidesAMP HealthOcdukMedical News Today

No Comments Yet

Comments are closed