Health

ဆယ်ကျော်သက်တိုင်း သိထားသင့်တဲ့ ရာသီပန်းအကြောင်း

ချစ်သော ညီမလေးသို့…

ရာသီလာတဲ့ရက် အတိုအရှည်နဲ့ ပတ်သက်လို့ ညီမလေး ကြားဖူးထားတဲ့ ကောလဟာလတွေကို မေ့ပစ်လိုက်ပါ။

ညီမလေးရေ

မမတို့မိန်းကလေးတိုင်းဟာ ရာသီပန်းပွင့်ခြင်း( အပျိုဖော်ဝင်ခြင်း) ဆိုတဲ့ ပြောင်းလဲခြင်းတရားကို မလွဲမသွေ ကြုံတွေ့ရပါတယ်။ မမတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုအနေအထားအရရော ပွင့်လင်းမှုအနေအထားအရရော ရာသီပန်းပွင့်ခြင်းအကြောင်းကို မိဘက သားသမီးကို အများကြီးပြောပြလေ့မရှိကြပါဘူး။ မမကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သိသင့်မယ်ထင်တာတွေကို ထဲထဲဝင်ဝင်ပြောပြချင်ပါတယ်။

ရာသီပန်းပွင့်တယ်ဆိုတာ တစ်လတစ်ခါ မိန်းမကိုယ်က ရာသီသွေးဆင်းတယ်ဆိုတာထက် ပိုပါတယ်။ ရာသီပန်းပွင့်တယ်ဆိုတာ ခန္ဓာကိုယ်က ” အရွယ်ရောက်ပြီ” လို့ ညီမလေးတို့ကို အချက်ပြလိုက်တာပါ။ မိန်းကလေးတွေရဲ့ မျိုးပွားအင်္ဂါ အစိတ်အပိုင်း ဖွဲ့စည်းတည်ဆောက်ထားတာက အလွန်ဆန်းကြယ်ပါတယ်။

ရာသီပန်းပွင့်ပြီဆိုတာနဲ့ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစတိုဂျင်( Oestrogen)၊ ပရိုဂျက်စတိုဂျင်( Progestrogen) ဟော်မုန်းတွေက စည်းချက်ညီညီ လှုပ်ရှားကြတဲ့အခါ တစ်လတစ်ခါ မမျိုးဥ အိမ်က မမျိုးဥဟာကြွေပြီး သားအိမ်လက်တံလေးကတစ်ဆင့် သယ်ယူပို့ဆောင်ပေးပါတယ်။ ဒီမျိုးဥ ကြွေတဲ့အချိန်မှာ ဆန့်ကျင်ဘက်လိင်နဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်ဝန်ရနိုင်တယ်ဆိုတာလည်း သိထားဖို့ လိုပါတယ်ညီမလေးရေ။

ရာသီပန်းပွင့်သင့်တဲ့အရွယ်ကို ညီမလေးသိထားပါဦး။

ရာသီပန်းပွင့်သင့်တဲ့အရွယ်ကတော့ အသက် ၁၄နှစ်မှ ၁၆နှစ်တွင်းပါ။ တကယ်လို့ ညီမငယ်ဟာ ကိုယ်ခန္ဓာဖွံ့ဖြိုးလို့ဖြစ်စေ ၊ မျိုးရိုးအရဖြစ်ဖြစ် အသက် ၁၀နှစ်မှာ စပြီးရာသီပန်းစောပြီး ပွင့်တာလည်းဖြစ်နိုင်ပါတယ်။ အသက် ၁၆နှစ်ကျော်လို့မှ ရာသီပန်းမပွင့်သေးရင်တော့ မိသားစုဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်နော်။

Related Article >>> ရာသီလာခြင်းနဲ့ ရှေးရိုးစွဲများ

ရာသီပန်းက လစဉ်ပွင့်ဖို့လိုပါတယ် ညီမလေးရေ။

လစဉ်ဆိုတဲ့နေရာမှာမိန်းကလေးအများစုကတော့ ပထမရာသီလာတဲ့ရက်ပြီး ၂၈ရက်နေရင် နောက်ရာသီလာတတ်ပါတယ်။ ဒါပေမယ့်တချို့ကျတော့လည်း ပထမရာသီပြီး ၄၅ရက်လောက်မှလာတတ်လို့ တစ်လခွဲမှ တစ်ခါ ရာသီလာတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ ရာသီလာကာစ ညီမလေးတွေကတော့ပထမဆုံး ရာသီလာပြီး နောက်လတွေမှာ ရာသီမမှန်တာ တစ်လ ၊ နှစ်လခြားပြီးမှ ရာသီပေါ်တာမျိုးတော့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်က အဆင်သင့်မဖြစ်သေးလို့ ဖြစ်တာမို့ သိပ်စိတ်မပူပါနဲ့ ညီမလေးရေ။

ရာသီလာတဲ့ရက် အတိုအရှည်နဲ့ ပတ်သက်လို့ ညီမလေး ကြားဖူးထားတဲ့ ကောလဟာလတွေကို မေ့ပစ်လိုက်ပါ။ အပျိုစဖြစ်တည်းက ရာသီလာရက်ဟာ ၃ရက်လာတဲ့လူရှိသလို တစ်ပတ်ကြာအောင် လာတဲ့သူလည်းရှိပါတယ်။ ပမာဏ အနည်းအများကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ ရာသီလာတဲ့အချိန်မှာ သားအိမ်က ရာသီသွေးဆင်းအောင်ညှစ်တာမို့ ဆီးစပ်နဲ့ ခါးတစ်ဝိုက်ကိုက်တာမျိုးကိုလည်း ညီမလေး ကြုံတွေ့ရနိုင်ပါသေးတယ်။ ရာသီဆင်းစ ပထမ နဲ့ ဒုတိယရက်တွေမှာ အများဆုံးဖြစ်နိုင်ပါတယ်။ 

ဒီလိုဖြစ်လို့လည်း စိတ်မညစ်ပါနဲ့ ညီမလေးရေ။ ရာသီလာစရက်လေးတွေမှာ ပြင်းထန်လှုပ်ရှားအများကြီး မလုပ်ဘဲ နားမယ်။ ဗိုက်ပေါ်ကို ရေးနွေးအိတ်လေးကပ်ပေးမယ်။ တော်တော်နာလာရင် Paracetamol (ပါရာစီတမောလ်) လေး သောက်ပေးမယ်ဆိုရင် ညီမလေးရဲ့ နေ့ရက်တွေက စိတ်ညစ်စရာ သိပ်ကောင်းတော့မှာမဟုတ်ပါဘူး။

ဒါပေမဲ့ ရာသီသွေးတအားများတာနဲ့ မခံမရပ်နိုင်အောင် ဆက်တိုက် ကိုက်ခဲမယ်ဆိုရင်တော့ သားအိမ်ပြဿနာ ရှိနေနိုင်လို့မပေါ့ဆပါနဲ့ ညီမလေးရေ။

ဒီဆောင်းပါးလေးဖတ်ပြီး ညီမလေးရဲ့ တစ်လတစ်ခါ ရာသီပန်းအကြောင်းကို အရင်ထက်ပိုပြီး သိလာမယ်လို့
မျှော်လင့်ပါတယ်။ နောက်အပတ်များမှာလည်း မိန်းကလေးသဘာဝနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာလေးတွေ
ဆက်ပြီး ရေးပေးသွားဦးမှာမို့ စောင့်ဖတ်ကြည့်ကြပါဦးလို့။

ညီမလေးတို့ကို လှပကျန်းမာစေလိုသော စေတနာဖြင့်

မယ်တင်( ဆေး ၁)

ယောင်းတို့ရေ ဟောဒီက ကျွန်မကတော့ Dr.တင်စုလွင်ပါရှင့်။ မိသားစုကျန်းမာရေးဆရာဝန်အဖြစ်ဆေးခန်းထိုင်နေပြီး အားလပ်ချိန်မှာ စာရေးရတာကို သဘောကျလွန်းလို့ မယ်တင်( ဆေး ၁) ကလောင်နာမည်နဲ့ ကျန်းမာရေးဗဟုသုတနဲ့ပတ်သက်ပြီးဆောင်းပါးလေးတွေရေးဖြစ်ပါတယ်။ အခုလည်း For Her Myanmar မှာ မိန်းကလေးဆရာဝန်အနေနဲ့ အမျိုးသမီးကျန်းမာရေးပိုင်းကို အဓိကထား ရေးသားသွားမို့လို့ စောင့်ဖတ်ပေးကြပါဦးနော်..

Leave a Reply

Your email address will not be published. Required fields are marked *