ကြွက်တက်ခြင်းကို ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲ?

အိပ်နေရင်းများ ကြွက်တက်ရင် ရူးပါ ရူးချင်မိ :'( 

ယောင်းတို့ရေ ကြွက်တက်တယ်ဆိုတာ ကြားဖူးကြုံဖူးကြမယ် ထင်ပါတယ်နော်။ တစ်ခါတလေဆို ညဘက်အိပ်နေတဲ့အချိန် တက်တာတို့၊ ရေကူးနေ၊ စက်ဘီးစီးနေတဲ့အချိန် ခြေသလုံးကြွက်သားများ ကြွက်တက်ပြီဟေ့ဆိုရင် အတော်ခံရခက်တာပါ။ ယောင်းတို့ရော ဒီလိုကြွက်တက်ရင် ဘာနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လေ့ရှိလဲ?

ဒီတစ်ပတ်မှာတော့ အက်ဒမင်က ကြွက်တက်တာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာလေး ဝေမျှပေးချင်ပါတယ်။

တကယ်တော့ ကြွက်တက်တယ်ဆိုတာ ခြေသလုံးတင် မဟုတ်ပါဘူး။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတိုင်းမှာဖြစ်နိုင်ပါတယ်။ ကြွက်တက်တယ်ဆိုတာ အရမ်းကိုနှိုးဆွခံထားရတဲ့အာရုံကြောကြောင့် ကြွက်သားတွေတောက်လျှောက် ကြုံ့နေ၊ ညှစ်နေလို့ ကြွက်သားတွေ အခဲလိုက်ဖြစ်ပြီး နာလာတာပါ။

သက်သာဖို့ နည်းလမ်းတွေ မပြောခင် အရင်ဆုံး ဘာကြောင့်ဖြစ်လဲဆိုတာ ကြည့်ကြရအောင်နော်… ကြွက်တက်တယ်ဆိုတာ အချက်(၅) ချက်ကြောင့်ဖြစ်နိုင်ပါတယ်။

၁) ကယ်လ်ဆီယမ်ဓာတ်နည်းလို့

၂) မဂ္ဂနီဆီယမ်နည်းလို့

၃) သွေးထဲမှာအယ်လ်ကာလီ များနေလို့

၎) Parathyroide ဟော်မုန်းလို့ခေါ်တဲ့ ကယ်လ်ဆီယမ်အကူဟော်မုန်းနည်းလို့

၅) ကျောက်ကပ်မကောင်းလို့ ကယ်လ်ဆီယမ် မစုပ်ယူနိုင်လို့ဖြစ်နိုင်ပါတယ်။

Related Article >>> ညီမလေးတို့ ရာသီလာစဉ် ကိုက်ခဲတာ သဘာဝပဲလား?

ဒီလိုအကြောင်းအရာတွေက ကြွက်တက်စေတာမို့ ကြွက်တက်ပြီဆိုရင်

၁) အကြောလျှော့ပါ

တစ်ခုခုလုပ်နေရင်းကြွက်တက်ပြီဆိုရင်လုပ်နေတဲ့အရာကိုခဏနားပြီး ခြေထောက်ကြွက်တက်ရင် ခြေထောက်ကို ဆန့်လိုက်တာ၊ နှိပ်နယ်ပေးတာက သက်သာစေမှာပါ။ ညဘက်များ ကြွက်တက်တယ်ဆိုရင် မတ်တပ်ထရပ်လိုက်ပြီး ခြေသလုံးကို နှိပ်ပေးလိုက်ပါ။ ရေနွေးအိတ်ကပ်ပေးတာကလည်း ကြွက်သားကို ပျော့ပျောင်းစေပါတယ်။

၂) မက်ဂ္ဂနီဆီယမ်သောက်ပေးပါ။

ကြွက်တက်ရတဲ့ အခြားအကြောင်းရင်းတစ်ခုက မဂ္ဂနီဆီယမ်နည်းလို့ဆိုတော့ အခြားရောဂါကြောင့် ကြွက်တက်တာမဟုတ်ရင် မဂ္ဂနီဆီယမ်အားဆေးသောက်သင့်ပါတယ်။ အစားအစာစားပြီး အားဖြည့်ချင်တယ်ဆိုရင်တော့ အစေ့အဆံတွေ စားပေးနိုင်ပါတယ်။

၃) ရေသောက်ပေးပါ။

လေ့ကျင့်ခန်းလုပ်နေလို့ ကြွက်တက်တယ်ဆိုရင်တော့ ရေဓာတ်ဖြည့်ပေးရင် သက်သာနိုင်ပါတယ်။ Sport Drink လေးတွေ ရွေးချယ်သောက်နိုင်ပါတယ်။

ကြွက်တက်တာမျိုး ခဏခဏ မဖြစ်ချင်ဘူးဆိုရင်တော့

_ ခြေထောက်အကြောလျှော့တဲ့ လေ့ကျင့်ခန်း ( ခြေဖဝါးအပေါ်ကိုကော့တာ၊ အောက်ကိုကွေးတာမျိုး မနက်တစ်ခါ ညတစ်ခါလုပ်ပေးပါ)

_ရေများများသောက်ပေးပါ။

_ ဒေါက်မြင့်ဖိနပ် အထူစီးခြင်း ရှောင်ကြဉ်ပြီး သက်တောင့်သက်သာ ဖိနပ်တွေကို ရွေးစီးပေးပါ

_ စွဲသောက်နေတဲ့ ဆေးရှိနေတယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပါ။ (အချို့သောသွေးကျဆေး၊ အဆီကျဆေးတွေက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။)

ဒါတွေလုပ်ကြည့်လို့မှ မသက်သာဘူးဆိုရင် နောက်ကွယ်မှာ ရောဂါကြီးကြီးရှိနေနိုင်လို့ မပေါ့ဆဖို့ အကြံပေးလိုက်ပါတယ်နော်…

မယ်တင်( ဆေး ၁)

No Comments Yet

Comments are closed