အလုပ်ကို အနှောင့်အယှက် မပေးတဲ့စိတ်ရောဂါ (၁)

 

စိုးရိမ်စိတ်လွန်စိတ်ရောဂါ ဝင်နေပေမဲ့လည်း အလုပ်နဲ့နေ့စဉ်ဘဝကို အနှောင့်အယှက်မဖြစ်တာ ဘာကြောင့်များလဲ။

ယောင်းတို့ရေ စိုးရိမ်စိတ်လွန်စိတ်ရောဂါနဲ့ ပတ်သတ်ပြီး အက်ဒမင် တစ်ခါရေးခဲ့ဖူးပါတယ်။ လူတိုင်းမှာ စိုးရိမ်စိတ်ရှိပေမဲ့ သာမန်ထက်ပိုပြီး စိုးရိမ်နေတတ်တာကို စိတ်ရောဂါအဆင့် သတ်မှတ်ပါတယ်။ အဲ့လို သာမန်ထက်လွန်ကဲတဲ့ စိုးရိမ်လွန်ရောဂါက လွန်ကဲလာရင် panic attack လို့ခေါ်တဲ့ ခြေတွေလက်တွေတုန်လာတာ၊ အသက်ရှူမမှန်တာ၊ ချွေးစေးတွေထွက်လာတာကနေ သတိလစ်သွားတဲ့ထိ ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီကနေ စိတ်ကျရောဂါ ဝင်လာတတ်တာမို့ ကိုယ့်ဘဝကိုတောင် ထိခိုက်လာရလောက်တဲ့ထိ ဆိုးတတ်ပါတယ်။

Related article >>> ယောင်းတို့ရဲ့ပျော်ရွှင်မှုကို သတ်နေတဲ့ စိုးရိမ်စိတ် (၄) မျိုး

ဒီစိုးရိမ်စိတ်လွန်စိတ်ရောဂါကတော့ ကျန်းမာရေးနဲ့၊ ဆေးပညာနဲ့ ပတ်သက်ပါတယ်။ အက်ဒမင်အခုပြောပြမယ့်အခြေအနေကတော့ ဆေးပညာနဲ့ မပတ်သက်ဘဲ တစ်ချို့သူတွေက သူတို့ရဲ့ အခြေအနေကို ခေါ်ကြတာပါ။ High functioning anxiety တဲ့။ အက်ဒမင်ပြောခဲ့သလို ကိုယ့်ဘဝနဲ့ အလုပ်တွေကို မလုပ်နိုင်လောက်အောင် မဟုတ်ဘဲ စိုးရိမ်လွန်စိတ်ရောဂါ ရှိနေပေမဲ့ အလုပ်တွေကို သာမန်လူတစ်ယောက်လို လုပ်နေနိုင်တဲ့ အခြေအနေတစ်ခုကို ခေါ်တာပါ။

University of Nebraska ကျန်းမာရေးစင်တာက ဘဝနေပျော်ရေး ပညာပေး ဒါရိုက်တာနဲ့ စိတ်ပညာဆိုင်ရာ လက်ထောက်ပါမောက္ခ Dr. Jonathon Sikorski ကတော့ high functioning anxiety ရှိတယ်ဆိုတဲ့ လူတွေဟာ စိုးရိမ်စိတ်လွန်စိတ်ရောဂါမှာ ရှိတဲ့အခြေအနေတွေ ရှိကြပေမဲ့ တကယ့်စိတ်ရောဂါ ဝေဒနာရှင်တွေတော့ မဟုတ်ကြသေးပါဘူးလို့ ဆိုပါတယ်။ အမေရိကန် အခြေစိုက် စိုးရိမ်စိတ်နဲ့ စိတ်ကျရောဂါအဖွဲ့က လူထုပညာပေးကော်မတီ တွဲဘက်ဥက္ကဌ Dr. Debra Kissen က ပြောတာတော့ တစ်ချို့သူတွေမှာ သာမန်ထက်ပိုတဲ့ စိုးရိမ်စိတ်ရှိကြတယ်။ စိုးရိမ်စိတ်လွန်ရောဂါနီးနီးလောက် ဖြစ်တတ်တယ်။ ဒါပေမဲ့ သူတို့တွေဟာ ဘဝကြီးကို ရင်ဆိုင်နေတုန်းပဲ။ မနက်ကို အိပ်ရာကထပြီး အပြင်ထွက်နိုင်တဲ့ အင်အားရှိတုန်းပါပဲတဲ့။

ဆိုတော့ high functioning anxiety ဆိုတာ စိုးရိမ်စိတ်လွန်ရောဂါ မဟုတ်တော့ဘူးလား။ သူတို့ရဲ့ စိတ်ကျန်းမာရေးကို ဂရုမစိုက်ရတော့ဘူးလား။ မဟုတ်ပါဘူး။ မနက်ကို အိပ်ရာကမထနိုင်လောက်အောင်၊ အလုပ်မလုပ်နိုင်လောက်အောင် ဖြစ်မနေပေမဲ့ သူတို့တွေဟာလည်း သာမန်ထက်လွန်ကဲတဲ့ စိုးရိမ်စိတ်ရှိနေတဲ့ သူတွေပါပဲ။ စိတ်ရောဂါရှင်တွေပါပဲ။

Light on Anxiety စိုးရိမ်လွန်စိတ်ရောဂါ ကုသရေးစင်တာက ကုသရေး ဒါရိုက်တာ Kissen က ဒီလူတွေရဲ့ စိတ်ရောဂါလက္ခဏာတွေဟာ သူတို့ကို အလုပ်မလုပ်နိုင်လောက်အောင် မတားနိုင်ပေမဲ့ သူတို့ဆီမှာ စိုးရိမ်လွန်စိတ်ရောဂါ လက္ခဏာတွေ မကြာမကြာဆိုသလို ပေါ်လာတတ်ပါတယ်။ သူတို့ဘဝကို အဓိပ္ပာယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့က ကုသမှုခံယူဖို့လိုပါတယ်လို့ ပြောပါတယ်။ ဘဝကို နေလို့ရရုံလေး ရှင်သန်နေရုံထက် ပျော်ရွှင်စွာနဲ့ တက်တက်ကြွကြွ နေနိုင်တာ ပိုမကောင်းဘူးလားလို့ Kissen က ပြောပါတယ်။

Related article >>> အစိုးရိမ်လွန်တတ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားရတယ်ဆိုရင်

အက်ဒမင်ကိုယ်တိုင်လည်း စိုးရိမ်လွန်စိတ်ရောဂါ ရှိနေသူတစ်ယောက်အနေနဲ့ Kissen ပြောတာကို ထောက်ခံချင်ပါတယ်။ ဒီရောဂါကြောင့် တစ်ခါတလေမှာ မနက်အိပ်ရာထဲက မထချင်အောင်ဖြစ်ဖူးတယ်။ ကိုယ်အရမ်းသဘောကျတဲ့ စာရေးတဲ့အလုပ်ကို အကြာကြီး ရပ်လိုက်ရတဲ့ထိ ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ စိတ်ထဲဘာပဲရှိနေနေ မိုးလင်းရင် အလှပြင်ပြီး အလုပ်ထဲကို ပြုံးပြုံးလေးရောက်သွားတာပါပဲ။ ပြုံးနေလို့၊ လူတွေနဲ့ စကားပုံမှန်ပြောနေလို့၊ အလုပ်တွေပြီးနေလို့ ကိုယ်အဆင်ပြေနေတာ မဟုတ်ပါဘူး။

ဒီလိုမျိုး ခံစားချက်တွေကို ထိန်းချုပ်ပြီး အလုပ်တွေလုပ်နေတာမို့ ဆိုးတဲ့အချိန်ဆို တော်တော်လေးဆိုးပါတယ်။ စိတ်ဓာတ်တွေကျပြီး သတ်သေဖို့ထိတောင် စဉ်းစားမိတဲ့ထိ ဆိုးတတ်ပါတယ်။ ဒါကြောင့်မို့ အလုပ်တွေ လုပ်နေနိုင်ပေမဲ့ ရင်ထဲမှာ အက်ဆစ်မိုးတွေ ရွာနေတတ်တဲ့ high functioning anxiety ရှိတဲ့သူတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

ကိုယ့်မှာ ဒီအခြေအနေရှိနေတယ်ဆိုလည်း ကိုယ့်ကိုယ်ကိုယ် သတိထားပြီး စိတ်ငြိမ်အောင် ထိန်းတာ ဒါမှမဟုတ် ဆရာဝန်ပြဖို့ ဝန်မလေးရင် ဆရာဝန်ပြပြီး ကုသသင့်ပါတယ်။ ယောင်းတို့တွေ ကိုယ့်မှာ ဒီအခြေအနေဖြစ်နေလားလို့ သေချာမသိဘူးဆိုရင်တော့ အပိုင်း(၂) ကိုဆက်ဖတ်ပေးပါနော်။ အဲ့ဒီမှာ high functioning anxiety ရဲ့ လက္ခဏာတွေကို အက်ဒမင် သေချာရှင်းပြပေးပါ့မယ်လို့။

Khine (For Her Myanmar)

Reference : Health | Women’s Health

No Comments Yet

Leave a Reply

Your email address will not be published.