အန္တရာယ်မရှိတဲ့ ရင်သားအကြိတ်

ရင်သားကင်ဆာဆိုတာကတော့ မိန်းကလေးတိုင်း ကြောက်ကြတာပဲ ယောင်းရဲ့.. ဒါပေမဲ့ အကြိတ်တစ်ခုစမ်းမိတိုင်း ကင်ဆာပဲ ဆိုပြီး တွေးကြောက်နေဖို့ မလိုပါဘူးနော်..

ရင်သားမှာ အကြိတ်လိုမျိုးဖြစ်ပေါ်တာက ဟော်မုန်းအပြောင်းအလဲအချိန်၊ ဥပမာ ဓမ္မတာဖြစ်တဲ့အချိန်မျိုးမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အသက် ၃၅ နှစ်ကနေ အသက် ၅၀ အတွင်းကတော့ အဖြစ်များတဲ့ အရွယ်တွေပါတဲ့။ အဲ့လိုဆိုပေမဲ့လည်း ဘယ်အရွယ်ဖြစ်ဖြစ် မပေါ့ဆသင့်ဘူးပေါ့ ယောင်းရယ်..

ရင်သားကင်ဆာဆိုရင် ရောဂါအခြေအနေဆိုးနေပြီဖြစ်တဲ့ အချိန်မျိုးမှာ ခန္ဓာကိုယ်မှာရှိတဲ့တခြားအစိတ် အပိုင်းတွေကိုပါ ကင်ဆာဆဲလ်ပျံ့နှံ့တတ်ပေမဲ့ ဒီအကြိတ်ကတော့ အန္တရာယ်မရှိဘူးလို့ ပြောတဲ့အတိုင်း တခြားအပိုင်းတွေကို ပျံ့သွားတာမျိုးတော့မရှိပါဘူး။

ရင်သားနှစ်ဖက်လုံးမှာဖြစ်တဲ့ အရည်အိတ်လိုမျိုးအကြိတ်လည်းရှိသလို၊ စမ်းကြည့်လိုက်တာနဲ့သိသာတဲ့ ခပ်မာမာအကြိတ်လုံးတွေလည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး ကြွက်နို့လိုပုံစံမျိုးလည်း ဖြစ်တတ်တယ်တဲ့..။ ပြင်ပဒဏ်ရာကြောင့်လည်း အဆီကြိတ်လိုပုံစံမျိုး ဖြစ်နိုင်သေးတယ်။ ဒုတိယတစ်မျိုးကတော့ အဖြစ်အများဆုံးလို့ပြောတယ် ယောင်းရေ။

Related Article >>> အမျိုးသမီးများ အရက်သောက်လျှင် ရင်သားကင်ဆာဖြစ်နိုင်ချေပိုများ

နောက်ပြီး ဒီလိုအကြိတ်မျိုးတွေက အမျိုးသမီးအများစုဖြစ်တတ်တာတွေ မို့ စိုးရိမ်စရာတော့ မရှိပါဘူး.. ဒါပေမဲ့ ဆရာဝန်နဲ့သေချာပြကြည့်ပြီး ကင်ဆာဟုတ်မဟုတ် စစ်ဆေးဖို့တော့ လိုတာပေါ့နော်.. မပေါ့ဆတာတော့ အကောင်းဆုံးပေါ့။

အများအားဖြင့်တော့ ဒီလိုအကြိတ်မျိုးတွေက နာကျင်မှုမရှိပါဘူး.. ဒါပေမဲ့ တချို့ဟာတွေကျတော့လည်း ရင်သားထိပ် (nipple) ကနေ သွေးထွက်တာမျိုးရှိတယ်တဲ့။ တစ်ခုနဲ့တစ်ခု မတူတာမို့လို့ ပုံသေတော့ပြောလို့မရဘူးပေါ့ ယောင်းရယ်။

အရည်အိတ်ကတော့ ကြာရင် သူ့ဘာသာလည်းပျောက်သွားတာမျိုးရှိေ တာ့ မခွဲရင်လည်း အဆင်ပြေပေမဲ့ ကြောက်လို့ ရှင်းရှင်းလင်းလင်းဖြစ်သွားအော င် ထုတ်ချင်ရင်လည်း ရပါတယ်တဲ့။ ကိုယ့်မှာဖြစ်တဲ့အကြိတ်အမျိုး အစားပေါ်မှာ မူတည်ပြီး ဆရာဝန်က အကောင်းဆုံးကို လမ်းညွှန်ပေးပါလိမ့်မယ် ယောင်းရေ.. အဲ့ဒါကြောင့် တစ်ခုခုမူမမှန်ဘူးလို့ ထင်နေရင် မရှက်ပါနဲ့.. ဆေးရုံသွားပြပါ။

အသိအစ်မတစ်ယောက်ဆိုရင် ရင်သားမှာအကြိတ်ဖြစ်တာနဲ့ ခဏခဏခွဲရတယ်။ သူ့အကြိတ်က စစ်ဆေးကြည့်မှ အဆီကြိတ်လား၊ ကင်ဆာလား သိရမှာမို့လို့ဆိုပြီး စစ်ကြည့်တော့ ရိုးရိုးအဆီကြိတ်ဖြစ်နေတာနဲ့ ထုတ်ပစ်လိုက်တယ်တဲ့။

Related Article >>> ယောင်းတို့သိထားရမယ့် ရင်သားကင်ဆာအကြောင်း

ကိုယ့်ကလေးကိုယ် မိခင်နို့တိုက်တဲ့ မေမေတွေဆိုရင်လည်း ရင်သားထိပ်ကတစ်ဆင့်ဝင်ရောက်လာတဲ့ ဘတ်တီးရီးယားကြောင့် အဲ့လိုအကြိတ်မျိုးဖြစ်တတ်တယ်တဲ့ ။

အဓိကကတော့ ကိုယ့်ရင်သားမှာ နေရာတစ်နေရာလေးပဲကွက်ပြီး အသားအရေအရောင်ပြောင်းနေသလား၊ နီနေသလား၊ အဖုလိုလို ဖြစ်နေသလား ဆိုတာကိုပဲ သေချာဂရုစိုက်ပြီး ကိုယ့်ဘာသာကိုယ် အရင်စစ်ဆေးသင့်ပါတယ်.. အကြိတ်အများစုကတော့ သာမန်အန္တရာယ်မရှိတဲ့ အကြိတ်တွေမို့ တကယ်လို့ အကြိတ်စမ်းမိခဲ့ရင် အရမ်းလည်း အစိုးရိမ်မလွန်ပါနဲ့နော်..

အရေးကြီးဆုံးကတော့ တစ်ခုခုမသင်္ကာဘူးဆိုတာနဲ့ စိတ်ထဲမှာသိမ်းထားမဲ့အစား မိသားစုကို ဖွင့်ပြောပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ပါပဲ..။

Su Myat ( For Her Myanmar )

Reference :
www.healthline.com
https://www.webmd.com/default.htm

No Comments Yet

Comments are closed