Fitness

အဆီကျချင်တာလား? ဝိတ်ကျချင်တာလား?

ခန္ဓာကိုယ်ကသေးသွားပြီး ဝိတ်ကကျမသွားဘူးဆိုတော့ မင်းလေးက ဘာလေးများလဲကွာ..

နဂိုကတော့ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘူးပေါ့လေ.. နောက်ပိုင်း အထိုင်အထတွေ လေးလာတယ်၊ မောလွယ်လာတယ် စသဖြင့် ပြဿနာပေါင်းစုံဝင်လာတော့မှ ‘ဝိတ်ချတော့မယ်နှင့် ညစာမရှောင်နိုင်ခဲ့သော ညဥ့်နက်နက်များ’၊ ‘ဝိတ်ချတော့မယ်နှင့် ဝက်အကောင်လိုက်သွင်းခဲ့သော ညနေခင်းများ’ စသည်ဖြင့် တစ်ထောင့်တစ်ည ပုံပြင်တွေကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီဆိုပြီး စတင်ဝိတ်ချ၊ Gym ဆော့ဖို့ကြံစည်ပြီလေ….

အဲ့မှာ စစဆော့ချင်းကျတော့ ‘ဟိတ် ညစာကိုလည်း အသီးအရွက်ဖျော်ရည်တွေပဲသောက်မှာ၊ အစားလုံးဝမစားဘူးလို့’ ကြံစည်တွေးတောရင်း ဆော့တာဆော့တာဆိုတာ သုံးလလောက်လည်းကျရော ကိုယ်ရည်စစ်သွားပေမဲ့ ဝိတ်ကိုမေးလိုက်ရင် အရင်အတိုင်းပဲဆိုတော့ ဘာလားညာလားပေါ့။ ကိုယ်တိုင်လည်း ဒီလိုပြဿနာရှိခဲ့တာဆိုတော့ ထရိန်နာကို စပ်စုကြည့်တော့ ဒီလိုအဖြေလေးထွက်လာတယ် ယောင်းတို့ရေ… 

Related Article >>> ဗိုက်အဆီကျချင်တဲ့ ယောင်းတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ထိရောက်မှုလည်းရှိတဲ့ လေ့ကျင့်ခန်းများ

နှင်းတို့ခန္ဓာကိုယ်မှာ အဆီ၊ ကြွက်သား၊ အရိုးဆိုပြီး အပိုင်း (၃) ပိုင်းရှိတယ်။ တကယ် ပိန်ချင်တယ်ဆိုရင် အဆီကိုချပစ်ရတာပါ။ ဘာလို့လဲဆိုတော့ အဆီက ခန္ဓာကိုယ်ထဲမှာ နေရာအယူဆုံး၊ အပွဆုံးမို့လေ။ အဆီတစ်ပေါင် နဲ့ အသားတစ်ပေါင်ကို ယှဉ်ကြည့်လိုက်တဲ့အခါ အလေးချိန်တူနေပေမဲ့ အဆီကပိုပွနေတာကိုမြင်ရမှာပါ။ (အောက်မှာပုံလေးထည့်ပေးထားတယ်။) အဲ့တော့ အရင်ဆုံး ခန္ဓာကိုယ်ကျစ်လျစ်ဖို့ဆိုရင် အဆီတွေအရင်ကျသွားအောင် Cardio (နှလုံး လေ့ကျင့်ခန်း) ကိုအရင်လုပ်ပြီး ကိုယ်ရည်စစ်သွားအောင်ကျင့်ရပါတယ်။ ဝိတ်ကတော့ အရမ်းကြီးကျမသွားပေမဲ့ ကိုယ်ရည်သိသိသာသာ စစ်သွားတာကိုတော့ တွေ့ရမှာပါ။

အဆီနဲ့ အသားယှဉ်ပြထားပုံ

အဆီကျသွားပြီဆိုရင်တော့ ကြွက်သားစပြီး တည်ဆောက်ရပါတော့မယ်။ အဲ့ဒီကြွက်သားတည်ဆောက်တဲ့အချိန်မှာ ဆိုရင်လည်း ဝိတ်တွေပြန်တက်လာပေမဲ့ ခန္ဓာကိုယ်က အရမ်းကြီးသိသိသာသာ ကြီးလာတာမျိုးမရှိပါဘူးနော်။ (သွယ်သွယ်လေးနဲ့ ကိုယ့်ကိုကိုင်ကြည့်ရင် ကျစ်နေရော၊ ချီလိုက်ရင်လည်း နင့်နေတာပဲဆိုတဲ့လူတွေက အဲ့လို Gym ဆော့ပြီး ကြွက်သားတွေနဲ့ ကျစ်နေတာမို့ပါ။ နဂိုအရိုးကြီးတာလည်း ပါတာပေါ့။) အဲ့ဒါကြောင့် ခန္ဓာကိုယ်လေး သွယ်ပြီးကျစ်သွားပေမဲ့ ဝိတ်တွေတက်လာတယ်ဆို မစိုးရိမ်ပါနဲ့။ ကြွက်သားတွေတက်ပြီး ကျစ်နေတာပါလို့။

Related Article >>> ဝိတ်ပါ တကယ်ကျစေမယ့် ကနည်း (၃)သွယ်

အဲ့ဒါကြောင့် ဝိတ်ကျချင်တဲ့ယောင်းတို့ကတော့ Cardio လို့ခေါ်တဲ့ နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေကို ဦးစားပေးဆော့သင့်ပါတယ်။ ချွေးများများထွက်လေ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေ၊ အဆိပ်အတောက်တွေ ဖြေဖျောက်ပြီးသားဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ် ဝ နေတယ်လို့ထင်နေတဲ့ယောင်းတို့ကတော့ အဲ့ဒီ လေ့ကျင့်ခန်းတွေကို အရင်ဦးစားပေး လုပ်သင့်ပါတယ်။

အခုခန္ဓာကိုယ်ပုံစံလေးကို သဘောကျတယ် ဒါပေမဲ့ ဒီထက်ပိုပြီး တင်းတင်းရင်းရင်းဖြစ်ချင်တယ်ဆိုရင်တော့ နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်းကို သွေးပူရုံလောက်လုပ်ပြီး အလေးကိုတစ်ဆင့်ချင်းတိုးတိုး မ,ပေးသင့်ပါတယ်နော်။ အစားအသောက်ကတော့ ဘယ်လေ့ကျင့်ခန်းလုပ်လုပ် အဆီအဆိမ့်တွေလျှော့ အသားဓာတ်တိုးအောင် ပရိုတင်းဓာတ်များများပါတဲ့ အာလူး၊ ကန်စွန်းဥ စတဲ့ အစားလေးတွေ များများစားပေးပြီး ရေများများသောက်ပေးရင် ရပါပြီလို့။ ဒီလိုလေးသိထားတော့ ကိုယ့်ဘယ်နေရာတွေမှာ ဘာလိုနေလဲဆိုတာ သိပြီး လိုသလိုပုံသွင်းလို့ရတာပေါ့လေ။

မာဆယ်တက်ချင်တာမဟုတ်ရင်တော့ တကူးတကကြီး Gym သွားဆော့နေစရာမလိုပါဘူး။ အပြေးလေ့ကျင့်တာ၊ ကြိုးခုန်တာ စသည်ဖြင့် အိမ်မှာလုပ်လို့ရပါတယ်နော်… ယောင်းယောင်းလေးတို့ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း အချိုးကျ လှပတဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်နိုင်ကြပါစေကွယ်….

Hnin Ei Oo ( For Her Myanmar )

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *