Fitness

အမိုက်စားဘော်ဒီဆိုတဲ့ ပန်းတိုင်လေးရောက်အောင် လိုက်နာရမယ့် နည်းလမ်း (၆)သွယ်

ဘောဒီအမိုက်စားလည်းဖြစ်ချင်တယ်… ဒါပေမဲ့ ဘယ်တော့မှ အားကစားမလုပ်ဘူး… ပျင်းလို့ ဆိုတဲ့ ယောင်းယောင်းလေးတို့အတွက်

ကဲ ယောင်းယောင်းတို့ရေ။ နွေရာသီလည်းရောက်ပြီဆိုတော့ ဆောင်းတွင်းက အဝတ်တွေကို သိမ်းပြီးကြပြီထင်တယ်နော်… ပြီးတော့ ကျောင်းတွေဘာတွေလည်း ပိတ်၊ စာမေးပွဲတွေလည်းဖြေပြီးပြီဆိုတော့ Body Goal (ခန္ဓာကိုယ်လှလှလေးရဖို့ ရည်မှန်းချက်) ထားပြီး အေးအေးဆေးဆေး လေ့ကျင့်ခန်းလုပ်မယ့် ယောင်းယောင်းလေးတွေလည်း လေ့ကျင့်ခန်းလုပ်ဖို့ ပြင်ဆင်နေကြရောပေါ့.. ဆိုတော့ ဒီလို ပန်းတိုင်တွေကို ရောက်အောင် လက်တွေ့ကျကျ ဘယ်လိုသွားကြမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်…

သိပ်လှတဲ့ ခန္ဓာကိုယ်လေးဆိုတဲ့ ပန်းတိုင်လေးဆီရောက်ဖို့ နည်းလမ်း (၆) သွယ် ရှိပါသတဲ့ရှင်။

နည်းလမ်း (၁)။  ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းနဲ့ စတင်ပါ။

ကိုယ်လုပ်နိုင်တာကိုပဲ ဦးစားပေးပါ။

သုံးလအတွင်း ဆစ်ပက် ထွက်လာစေရမယ်၊ နောက်မာရသွန်ပြိုင်ပွဲမှာ ထိပ်တန်း ၁၀ယောက်ထဲ ပါဝင်လာစေရမယ်၊ ၆လအတွင်း ၁၀ပေါင် ကျစေရမယ် အဲ့လိုတွေသတ်မှတ်လို့ ကွက်တိဖြစ်မလာခဲ့ရင်၊ ကိုယ်လည်းတကယ်မလုပ်နိုင်ဘဲ ရည်မှန်းချက်တွေ ထားခဲ့မယ်ဆိုရင်တော့ မှန်းထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ စိတ်ဓာတ်တွေပါ ကျလာနိုင်ပါတယ်။

တကယ်တမ်းတော့ အရမ်း စိတ်ကူးယဉ်မဆန်ဘဲနဲ့ ငါတစ်ပတ်ကို ၅ရက် လေ့ကျင့်ခန်းလုပ်မယ်၊ တစ်ပတ်လုံး ကျန်းမာစေတဲ့ အစားအသောက်တွေပဲ စားမယ် ၊ တစ်ရက်ကို လေ့ကျင့်ခန်းလုပ်ဖို့ အနည်းဆုံးအချိန် ၁နာရီပေးကိုပေးမယ် စတဲ့ ပန်းတိုင်တွေကို ချထားမှ ပိုအဆင်ပြေမှာပါ။ ကိုယ်လုပ်နိုင်တာတွေကို ပိုဦးစားပေး ပန်းတိုင်တည်မယ်ဆိုရင် မဖြစ်လာသေးတာတွေအတွက် စိတ်ဓာတ်ကျတာတွေ စိတ်ပင်ပန်းတာတွေ လျော့နည်းလာနိုင်ပါတယ်။

Related Article >>> လေ့ကျင့်ခန်းလုပ်ချင်စိတ် တဖွားဖွားဖြစ်ပေါ်လာစေမယ့် နည်း (၇)မျိုး

နည်းလမ်း (၂)။ ကိုယ်ကိုယ်တိုင် လိုက်နာဖို့ စည်းကမ်းတွေချမှတ်ထားပါ။ 

ကိုယ်ကိုယ်တိုင်လိုက်နာနိုင်တဲ့ စည်းကမ်းတွေ ချမှတ်ထားပါ။

လေ့ကျင့်ခန်းမစတင်ခင် ကိုယ့်အတွက်ကိုယ် စည်းကမ်းလေးတွေ ချမှတ်ထားပါ။ ဒီလိုသာ ရိုးရှင်းပြီး ကိုယ်တကယ် စည်းစနစ်တကျနဲ့ပုံမှန်လုပ်နိုင်မယ့် ပန်းတိုင်တွေကို ချမှတ်နိုင်မယ်ဆိုရင် ကိုယ်သွားနေတဲ့လမ်း ကိုယ်ဘာဖြစ်လာမလဲဆိုတာကို မှန်းဆနိုင်ပြီး ကိုယ်လုပ်ချင်တာကို ရောက်နိုင်ဖို့ ပိုမြန်လာမှာပါ။ ဒါက အားကစားလေ့ကျင့်ခန်းလုပ်တာတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာလည်း ဒီထက်ပိုပြီး အောင်မြင်တဲ့ ဘဝကို ရချင်ရင် ကိုယ်ဘယ်လမ်းကို လျှောက်နေလဲ ဘယ်ကိုသွားနေလဲဆိုတာ သိရင် ပိုပြီး မြန်မြန်ရောက်ပါတယ်။

နည်းလမ်း (၃)။ သင့်ရဲ့ ပန်းတိုင်အတွက် အချိန်ဇယားဆွဲထားပါ။

ကြိုတင်ပြင်ဆင်ပါ။

ဒီပန်းတိုင်ကို ဘယ်လိုနည်းနဲ့ ရောက်အောင်သွားမလဲဆိုတာနဲ့ ပတ်သက်လို့ ပိုပြီး တိကျတဲ့ အစီအစဉ်အသေးစိတ်ကို အချိန်နဲ့ကိုက်ပြီး ဆွဲထားသင့်ပါတယ်။ သင့်ရဲ့ အနာဂတ်အစီအစဉ်တွေအတွက် သင်ခုလုပ်နေတာတွေက အထောက်အပံ့အများကြီးပေးနိုင်ပါတယ်။ ဥပမာ နောက်လမှာ မာရသွန်ပြိုင်ပွဲရှိတယ်ဆိုရင် သွားပြီး နာမည်သွားထည့်ထားတာတို့၊ ကာယကြံ့ခိုင်ပြိုင်ပွဲအတွက် စာရင်းသွားပေးထားတာမျိုးတို့က ကိုယ့်ကိုသာမန်အချိန်တွေထက်ပိုပြီးတော့ အားကစားလုပ်ဖို့ တွန်းအားပေးနိုင်တဲ့ အရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီနွေရာသီအတွင်း ဘယ်လိုအားကစားလုပ်ရှားမှုမှာ ပါဝင်မလဲဆိုတာတွေ၊ အဲ့ဒီအတွက် ဘယ်နေ့တွေမှာဘယ်လိုပြင်ဆင်မယ်ဆိုတာတွေကို သေချာအချိန်စာရင်းထားထားပြီး လုပ်မယ်ဆိုရင် ရေတိုမက ရေရှည်မှာပါ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်မျိုးကို အမြဲတမ်းရနေမှာပါ။

Related Article >>> Gym ဆော့ပြီး အားဖြည့်အချိုရည်သောက်သင့်လား?

နည်းလမ်း (၄)။ တိကျပါစေ။ လက်တွေ့ကျပါစေ။ 

လက်တွေ့ကျပါစေ။

ဥပမာ ငါဒီထက်ကျန်းမာတဲ့ အစားအသောက်တွေ စားမယ်လို့ စဉ်းစားမယ့်အစား အစားအသောက်တိုင်းကို ဟင်းသီးဟင်းရွက်ပါတာ စားမယ်လို့ စဉ်းစားတာက ပိုပြီးလက်တွေ့ကျပါတယ်။ အဲ့ဒါကြောင့်မို့ တိကျတဲ့ ပန်းတိုင်ကိုထားတာက သင့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ ပိုပြီး အခွင့်အလမ်းများသွားပါလိမ့်မယ်။

နည်းလမ်း (၅)။ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ရှာဖွေပါ။

ကမ်းခြေ (သို့မဟုတ်) နွေရာသီမှာ လန်းနေဖို့က ကိုယ့်ရဲ့အဓိက ပန်းတိုင်ပါပဲ.. ဘာမှမလိုပါဘူး။ အဲ့လိုတွေးရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီထက်ပိုကောင်းတဲ့ ရည်မှန်းချက်ကို ထားရင်တော့ သင့်အခြေအနေလည်း လက်ရှိထက် အများကြီး ပိုကောင်းလာမှာ သေချာပါတယ်။
ဥပမာ – မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးတွေအတွက် ကျန်းမာရေးလိုက်စားတဲ့နေရာမှာ စံပြဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်မျိုးပေါ့။ ကိုယ်သားသမီးတွေ ကျန်းမာလာဖို့အတွက် သားသမီးတွေ ငယ်ရွယ်စဉ်အချိန်ကတည်းက ကျန်းမာတဲ့ နေထိုင်မှုပုံစံမျိုးကို နေထိုင်ပြထားတာမျိုး။ အခုအချိန်ထိ ကိုယ့်အနေနဲ့ နှစ်ပေါင်းများစွာ အသင့်စားမုန့်တွေနဲ့ သကြားပါတဲ့အစားအစာတွေကို စားခဲ့လို အခုလိုလေ့ကျင့်ခန်းတွေ လုပ်နေရပြီး ကိုယ့်ရဲ့ ကလေးတွေကိုလည်း အဲ့ဒီလိုမဖြစ်အောင် လိုက်ပြီးအတုယူနိုင်တဲ့ လူနေမှုစရိုက်မျိုးကို စံပြအနေနဲ့ နေထိုင်ပြမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးကတော့ စောစောက ကမ်းခြေမှာ လန်းနေဖို့ထက် အများကြီး ပိုကောင်းသွားပြီပေါ့။

နည်းလမ်း (၆)။ အောင်မြင်မှုသေးသေးလေးဖြစ်ဖြစ် ကြီးကြီးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုလိုက်ပါဦး။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပါ။

အခါခါ ကျရှုံးနေပါစေ..မှန်အောင် လုပ်နိုင်တဲ့ အရာတစ်ခုခုကတော့ အမြဲရှိနေမှာပါ။ တစ်ခုခုမှားနေပြီလို့ ခံစားရတာနဲ့ သင်မှန်အောင်လုပ်နိုင်တဲ့ အရာတစ်ခုကို အမှတ်ရလိုက်ပါ။ အကြီးကြီးမဟုတ်ပေမဲ့ ပုံမှန် gym ရောက်ဖြစ်တာမျိုး၊ ဝိတ်လေးအနည်းငယ်ကျလိုက်တာမျိုးလို အောင်မြင်မှု သေးသေးလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါ။ အဲ့ဒီအရာတွေက ယောင်းတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ပြေးလမ်းပေါ်မှာ အမြဲတမ်းရှိဖို့ ကူညီနိုင်ပါလိမ့်မယ်။ ပန်းတိုင်ကြီးကြီးကို ရောက်နိုင်ပြီဆိုရင်တော့ ရှယ်ကို အောင်ပွဲခံရမှာပေါ့…

ယောင်းတို့အားလုံးက ကိုယ်နဲ့သင့်တော်မယ့် လေ့ကျင့်ခန်းတွေကို သေချာရွေးပြီး ခုနကပြောထားတဲ့ ပန်းတိုင်တွေကိုသေချာချလို့ ဒီလမ်းကိုလျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဒီခုနွေရာသီတင်မကဘူး ဘယ်အချိန်မဆို ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် အမြဲ ဂုဏ်ယူနေရမှာပါ။

ကျေးကျေး (For Her Myanmar )

Reference : Muscle and Strength , Health Fitness Goal

ကျေးကျေး
ညီမက freelancer ​ကျေး​ကျေးပါ။ ​ကော်​ဖီ​သောက်​တာရယ်​၊ ရုပ်​ရှင်​ကြည့်​တာရယ်​နဲ့ အိပ်​ရတာကို ၀ါသနာပါတယ်​။ အိပ်​စက်​ခြင်းက စာ​ရေးတာကို အများကြီး​ထောက်​အကူပြုတယ်​လို့လည်း ယုံကြည်​သူတစ်ဦးပါ။

Leave a Reply

Your email address will not be published. Required fields are marked *