အမျိုးသမီးတိုင်း ကြောက်ကြတဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်း
Health

အမျိုးသမီးတိုင်း ကြောက်ကြတဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်း

သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သတ်ပြီး ယောင်းတို့သိထားသင့်တာတွေ ပြောပြပေးမယ်နော်။

ပထမဆုံးအနေနဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်ပြီး ကြားဖူးနားဝရှိတဲ့ ပတ်ဝန်းကျင်ကစကားတွေနဲ့ တကယ့်အချက်အလက်တွေကို ယှဉ်ပြောပြမယ်..

“သားအိမ်ခေါင်းကင်ဆာက ကုသလို့မရဘူး”

⁃ တကယ်တော့ ရောဂါဖြစ်နေကြောင်း စောစောသိခဲ့ရင် ထိရောက်တဲ့ကုသနည်းတွေရှိပါတယ်.. ကုလို့မရဘူးဆိုတာ လုံးဝမဟုတ်..။

“HPV ပိုးက လွယ်လွယ်နဲ့မကူးနိုင်ဘူး”

⁃ HPV ပိုးဆိုတာက တကယ်တော့ အရေပြားကူးစက်ရောဂါလိုမျိုးပါပဲ.. အမျိုးအစားတွေအများကြီးရှိပေမဲ့ 15 မျိုးလောက်ကတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတတ်တယ်.. အဲ့ပိုးက ကူးစက်လွယ်တယ်.. အရေပြားချင်းထိတာနဲ့ ကူးတာမျိုး.. ဒါပေမဲ့ ခန္ဓာကိုယ်ခုခံအားကောင်းနေရင် သာမန် HPV ပိုးလောက်ကို တိုက်ဖျက်နိုင်တယ်..။

“အသက်ကြီးပိုင်းအမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု မလုပ်လည်းဖြစ်တယ်”

⁃ တကယ်တော့ အသက် ၂၁ နှစ်ကစပြီး အသက် ၇၀ အထိ အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို သုံးနှစ်တစ်ခါ ပုံမှန်လုပ်သင့်တယ်.. ဒါမှ တစ်ခုခုဖြစ်ရင်လည်း မြန်မြန်ဆေးတိုးမှာလေ..။

“ဆေးလိပ်သောက်တာနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းနဲ့ မဆိုင်ဘူး”

⁃ တကယ်တော့ ဆိုင်တယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေအတွက် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေက ပုံမှန်ထက် နှစ်ဆများတယ်..

ဒါတွေက လူတွေကြားမှာပြောနေကြတဲ့ အကြောင်းအရာတွေနဲ့ တကယ့်ဆေးပညာနဲ့ ကွာခြားတာတွေပါ..။ အဲ့တော့ အခု သားအိမ်ခေါင်းကင်ဆာ ဖြစ်နေသလားဆိုတာ ဘယ်လိုသိနိုင်သလဲလို့ ဆက်ပြောပြပေးမယ်..

⁃ ဓမ္မတာဖြစ်နေချိန်အတွင်းမှာ၊ လိင်ဆက်ဆံပြီးချိန်မှာ၊ သွေးဆုံးပြီးချိန်တွေမှာ ပုံမှန်မဟုတ်တဲ့ သွေးယိုစိမ့်မှုဖြစ်နေရင်။
⁃ ရေလိုလို ပန်းရောင်၊ အနံ့ဆိုးဆိုးရှိတဲ့ အရည်တစ်မျိုး ဆင်းရင်။
⁃ ဘာမှလည်းထိခိုက်မှုမရှိပဲ တင်ပါးဆုံရိုးခဏခဏနာနေရင်။

 

ဒီလိုတွေဖြစ်နေရင်တော့ ဆရာဝန်ဆီသေချာသွားပြီး စစ်ဆေးသင့်နေပါပြီ။ နည်းနည်းကင်ဆာအဆင့်မြင့်လာပြီဆိုရင်တော့..

⁃ အလေးချိန်ကျမယ်။
⁃ ဘာလုပ်လုပ်မောနေမယ်။
⁃ ခါးတွေနာမယ်။
⁃ ခြေထောက်တွေနာပြီး ယောင်မယ်။
⁃ ဆီးသွားနည်းမယ်။
⁃ အရိုးအဆစ်တွေ ထိခိုက်လွယ်မယ်။

ဒါတွေပါဖြစ်လာပြီဆိုရင်တော့ ဒါသတိထားရမဲ့အခြေအနေပါ။ ကလေးသုံးယောက်နဲ့အထက် မွေးထားတဲ့မိခင်တွေ၊ အသက်ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ဆောင်ခဲ့ဖူးတဲ့အမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ ပုံမှန်ထက်ပိုပြီး နှစ်ဆများတယ်။

အကယ်၍ အမျိုးသမီးတစ်ယောက်က ကိုယ့်အမေ၊ ဒါမှမဟုတ် အစ်မက သားအိမ်ခေါင်းကင်ဆာဖြစ်ဖူးတယ်ဆိုရင် အဲ့အမျိုးသမီးက သူများတွေထက်ပိုပြီး သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ နှစ်ဆ၊ သုံးဆ မြင့်တယ်။

ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေကလည်း သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ နှစ်ဆပိုများသလို.. (နားနဲ့မနာ ဖဝါးနဲ့သာနာကြပါ 😣) လိင်အလုပ်သမတွေလိုမျိုး၊ အသက်မပြည့်ခင် လိင်ဆက်ဆံဖူးတာမျိုး၊ ကိုယ့်အဖော်က အရင်က လူအတော်များများနဲ့ဆက်ဆံခဲ့ဖူးတာမျိုးဆိုရင် ပိုသတိထားရပါမယ်..။

သုံးမိနစ်တိုင်း သုံးမိနစ်တိုင်းမှာ အမျိုးသမီးတစ်ယောက်ဟာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးနေရပါတယ်တဲ့ ယောင်းတို့ရေ… သတိဆိုတာ ပိုသည်မရှိနော်…။

Su Myat (For Her Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *