Health

ဆယ်ကျော်သက်အရွယ်မှာ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်များ

ထူးထူးထွေထွေ ပြင်ဆင်နေစရာမလိုဘဲ ဒီလို စားစရာလေးတွေနဲ့တင် လုံလောက်ပါတယ်.. 

ညီမလေးသို့…

ဘယ်အရွယ်က အာဟာရဓာတ်အလိုအပ်ဆုံးလဲ? ဒီလိုမေးခွန်းမျိုးမေးခဲ့ရင် ဆယ်ကျော်သက်အရွယ်လို့ဖြေရပါလိမ့်မယ်။ ဒီဆယ်ကျော်သက်အရွယ်မှာ အရင် ကလေးအရွယ် ခန္ဓာကိုယ်ကနေ ကောက်ကြောင်းအပြည့်နဲ့ မိန်းမပျိုလေးဖြစ်လာသလို ဗလတောင့်တောင့် ယောကျာ်းပျိုအဖြစ်လည်း ပြောင်းပေးနိုင်တဲ့အချိန်ပါ။ အပျိုဖော်၊လူပျိုဖော်ဝင်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အရင်ထက်စာရင် အစားအသောက်ကိုလည်း ပိုစားလာ၊ ပိုမက်မောလာကြတတ်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ဘယ်လိုအာဟာရတွေကို လုံလောက်စွာစားသုံးသင့်လဲဆိုရင်တော့

အသားဓာတ်( Protein)

အသားဓာတ်ဟာ ခန္ဓာကိုယ်ကြီးထွားဖို့ အရပ်ရှည်ဖို့ အလိုအပ်ဆုံးဓာတ်ပါ။ နေ့တိုင်းအစားအစာထဲမှာ အသားဓာတ်ပါမှ ဆယ်ကျော်သက်တွေ ဖွံ့ဖြိုးနိုင်မှာပါ။ တကယ်လို့ သက်သတ်လွတ်စားတဲ့သူဆိုရင်တောင် ဟင်းသီးဟင်းရွက်ကရတဲ့ အသားဓာတ်ဖြစ်တဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။

ကစီဓာတ်( Carbohydrates)

မြန်မာနိုင်ငံမှာတော့ ကစီဓာတ်က ထမင်းမှာပါပြီးသားမို့ နေ့တိုင်းစားဖြစ်တဲ့အထဲမှာ ပါ ပါတယ်။ အခြား ကစီဓာတ်တွေကတော့ ပေါင်မုန့်၊ ဂျုံနဲ့လုပ်ထားတဲ့မုန့်နဲ့ ပြောင်းဖူးတို့မှာ ကြွယ်ဝစွာပါပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်မှာ ကစီဓာတ်ကို လိုအပ်တာထက် ပိုစားမယ်ဆိုရင် ကိုယ်အလေးချိန်အရမ်းတက်ပြီး ‘ဝ’လာနိုင်ပါတယ်။

သံဓာတ်

သံဓာတ်က သွေးနီဥလေးတွေ ဖြစ်စေတာမို့ သံဓာတ်အားနည်းမယ်ဆိုရင် သွေးအားနည်းပြီး မူးမော်တာ၊ မေ့လဲတာ၊ သွေးပေါင်ကျတာတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေမှာ ရာသီသွေးဆုံးရှုံးတဲ့အချိန် လိုအပ်တဲ့ သံဓာတ်ပမာဏကို မဖြည့်တင်းနိုင်ဘူးဆိုရင် သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်ဥ၊ အသည်းအမြစ် စတာတွေဖြစ်လို့အလုံအလောက်စားပေးဖို့မမေ့ပါနဲ့နော်။ သတိပြုဖို့ တစ်ခုက လက်ဖက်နဲ့ ရေနွေးကြမ်းစတာတွေက သံဓာတ်စုပ်ယူမှုနည်းစေလို့ ဆယ်ကျော်သက်တို့ မစားသင့်တဲ့အထဲ ပါပါတယ်။

Related Article>>> ဆယ်ကျော်သက်တို့အရွယ် ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစေမယ့် သွားရည်စာများ

ကယ်လ်ဆီယမ် ထုံးဓာတ်

ဆယ်ကျော်သက်တွေမှာ အရပ်ရှည်ဖို့ အဓိက လိုအပ်တဲ့ ဓာတ်က ကယ်လ်ဆီယမ်ဖြစ်တာမို့ ကယ်လ်ဆီယမ်ဓာတ်သာ ချို့တဲ့မယ်ဆိုရင် အရပ်ရှည်သင့်သလောက် ရှည်မှာမဟူတ်တော့ပါဘူးနော်။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတွေကတော့ နို့နဲ့နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်၊ ပူတင်း၊ တွေဖြစ်ပါတယ်။ ဒါ့အပြင် သကြားဓာတ်များတဲ့ အချိုရည်တွေက ကိုယ်တွင်းကယ်လ်ဆီယမ်စုပ်ယူမှုကျစေလို့ရှောင်သင့်ပါတယ်နော်။

အခြားဗီတာမင်ဓာတ်တွေ

အစာကြေးမများတဲ့ ဆယ်ကျော်သက် တစ်ယောက်အတွက်က အစားအစာကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ အကုန်ရနိုင်ပါတယ်။ အထွေအထူးအနေနဲ့ လန်းဆန်းတက်ကြွဖို့လိုအပ်တဲ့ နေ့ရက်မျိုးမှာဆိုရင်တော့ ဗီတာမင် စီ၊ ဗီတာမင် ဘီ တို့ကို ဖြည့်စွက်မှီဝဲနိုင်ပါတယ်။

ဆယ်ကျော်သက်တိုင်း အာဟာရပြည့်ဝပြီး ဖွံ့ဖြိုးနိုင်ကြပါစေ…

မယ်တင်( ဆေး ၁)

မယ်တင် (ဆေး-၁)
မယ်တင် (ဆေး-၁)
ယောင်းတို့ရေ ဟောဒီက ကျွန်မကတော့ Dr.တင်စုလွင်ပါရှင့်။ မိသားစုကျန်းမာရေးဆရာဝန်အဖြစ်ဆေးခန်းထိုင်နေပြီး အားလပ်ချိန်မှာ စာရေးရတာကို သဘောကျလွန်းလို့ မယ်တင်( ဆေး ၁) ကလောင်နာမည်နဲ့ကျန်းမာရေးဗဟုသုတနဲ့ပတ်သက်ပြီးဆောင်းပါးလေးတွေရေးဖြစ်ပါတယ်။ အခုလည်း For Her Myanmar မှာ မိန်းကလေးဆရာဝန်အနေနဲ့ အမျိုးသမီးကျန်းမာရေးပိုင်းကို အဓိကထားရေးသားသွားမို့လို့ စောင့်ဖတ်ပေးကြပါဦးနော် ။

Leave a Reply

Your email address will not be published. Required fields are marked *