ရာသီဥတု အပြောင်းအလဲက ဓမ္မတာ စက်ဝန်းပေါ် သက်ရောက်မှုရှိလား?

ဘာဆိုင်လဲ.. ရာသီဥတုနဲ့ ဓမ္မတာလာတာနဲ့ဆိုရင်တော့ ဒါလေးကို ဖတ်ကြည့်သင့်ပြီနော်… 

ယောင်းတို့ရေ …. လစဉ် ဓမ္မတာ ပုံမှန်လာရဲ့လား။ အိမွန်ကတော့ ပုံမှန် မဟုတ်ဘူး။ ပိုသိသာတာက မိုးရာသီနဲ့ဆောင်းရာသီ ကာလတွေဆို မှန်မှန် မလာတတ်ဘူး။ ဆောင်းရာသီမှာကျတော့ အေးတော့ တစ်လထက် တစ်လ ပိုနောက်ကျတယ်။ တစ်ခါတလေ မိုးတွင်းကျပြန်တော့လည်း မိုးမိတာနဲ့ ရက်မမှန်တာတို့ ဖြစ်တတ်ပါတယ်။ ဒါဆို ရာသီ အပြောင်းအလဲက ဓမ္မတာ စက်ဝန်းအပေါ် သက်ရောက်မှုရှိလားလို့ မေးစရာရှိတာပေါ့။

အိမွန်လည်း အဲ့ဒါကို သံသယရှိနေတာကြာပြီ။ ဒါကြောင့် နိုင်ငံခြားက သားဖွားမီးယပ် နဲ့ဆိုင်တဲ့ ဂျာနယ်တစ်ခုထဲမှာ ရှာဖတ်ကြည့်တယ်။ အဲ့မှာ ရေးထားတာက ရာသီအပြောင်းအလဲက ဓမ္မတာ စက်ဝန်းအပေါ် သက်ရောက်မှု ရှိတယ်တဲ့ …ယောင်းရေ။ စိတ်ဖိစီးမှုများခြင်း ၊ ခရီးသွားခြင်းကနေ ရာသီအပြောင်းအလဲတွေအထိ ဒါတွေ အားလုံးဟာ ဓမ္မတာလာခြင်းအပေါ် သက်ရောက်မှုရှိပါတယ်တဲ့။

နောက်တစ်ချက်က ရာသီဥတု ပုံမှန် မဟုတ်တဲ့ ဒေသတွေမှာဆိုရင် အဲ့ဒေသက အမျိုးသမီးတွေမှာ ဓမ္မတာလာတာ မမှန်တတ်ပါဘူးလို့ ဆိုပါတယ်။ ဒီလိုရာသီ အပြောင်းအလဲမှာ ကိုယ့်ရဲ့ နေထိုင်မှုပုံစံမမှန်တာကလည်း ဓမ္မတာလာတဲ့ အချိန်တွေ ၊ ဓမ္မတာ လာတုန်း ကိုက်တာ ခဲတာတွေ အပေါ် သွားပြီး သက်ရောက်ပါတယ်။ ဥပမာ -အိမွန်ဆို ဆောင်းရာသီမှာ ဓမ္မတာ ပုံမှန်မလာဘူး။ အရမ်းချမ်းတဲ့ ဒဏ်ကို မခံနိုင်သလို နည်းနည်းလေးအေးသွားတာနဲ့ ဓမ္မတာရပ်သွားတာမျိုးဖြစ်တယ်.. အဲ့လိုပေါ့…

Related Article >>> ညီမလေးတို့ ရာသီလာစဉ် ကိုက်ခဲတာ သဘာဝပဲလား?

အားကစားလုပ်တဲ့ မိန်းကလေးတွေက ဓမ္မတာလာစဉ် ကိုက်တာ ခဲတာတွေမရှိဘူး။ ရာသီလာတာ နည်းတာတို့ များတာတို့လည်း မရှိဘူး။ အားကစားပုံမှန်လုပ်နေတဲ့ ယောင်းတို့ကတော့ ဒါကို လက်ခံမယ်ထင်တယ်။ အခြေခံအားဖြင့် ဆောင်းရာသီမှာ ယောင်းက အိမ်တွင်းအောင်းနေတာများပြီး လှုပ်ရှားမှု နည်းနေမယ်ဆို ရင် ကြွက်တက်တာတို့ စိတ်ခံစားမှုပုံမှန်မဟုတ်တာတို့ဖြစ်တတ်ပါတယ်။

ရာသီ အပြောင်းအလဲက ခန္ဓာကိုယ် ဇီဝကမ္မနှုန်းကို ပြောင်းလဲစေပြီး ဟော်မုန်း မညီမမျှဖြစ်စေတာကြောင့် ယောင်းတို့ရဲ့ ဓမ္မတာ စက်ဝန်းအပေါ် များစွာ သက်ရောက်ပါတယ်။ ဥပမာ ယောင်းက အပူပိုင်းဒေသ အညာလိုနေရာမျိုးကနေ ဆောင်းတွင်းဘက် ရှမ်းပြည်တက်သွားရင် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုက ပုံမှန် မဟုတ်ပါဘူး။

ရာသီဥတု အပြောင်းအလဲမှာ ယောင်းရဲ့ တစ်ကိုယ်ရည် ဆောင်ရွက်မှုတွေက မိန်းမကိုယ် လမ်းကြောင်းကျန်းမာရေးအပေါ် များစွာ သက်ရောက်နေပါတယ်။ ဥပမာ- နွေရာသီမှာဆိုရင် မိန်းမကိုယ်မှာ အဖြူမှိုလေးတွေ ပိုပြီး ကပ်လေ့ရှိပါတယ်။ ဒါကလည်း ရာသီကိုပဲ အပြစ်တင်နေလို့တော့ မရဘူး။ ယောင်းတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်လည်း လိုသေးတယ်လေ နော်…

စိတ်ဖိစီးမှုကလည်း သင့်ရဲ့ ရာသီစက်ဝန်းကို သက်ရောက်ပါတယ်။ အိမွန်ဆို စိတ်ဖိစီးမှုတွေများရင် ရာသီလာရမယ့်ရက် ကျော်သွားရော။ စိတ်ဖိစီးမှုက ဟော်မုန်းမမျှတမှုကို ဖြစ်စေပြီး ခန္ဓာကိုယ်ထဲမှာ အခြားသော အပြောင်းအလဲတွေဖြစ်စေပါတယ်။ တကယ်တော့ ရာသီလာတာ နောက်ကျတယ် ၊ စောတယ်ဆိုတာက စိတ်ဖိစီးမှုနဲ့လည်း ဆိုင်ပါတယ်။

ရာသီဥတုက ဓမ္မတာ စက်ဝန်းအပေါ် သက်ရောက်မှုရှိတယ်ဆိုပေမဲ့ အခြားသော အကြောင်းအရာတွေဖြစ်တဲ့ စိတ်ဖိစီးမှု ၊ ခရီးသွားခြင်း ၊ အစားအစာ အပြောင်းအလဲ ၊ လေ့ကျင့်ခန်း နဲ့ အိပ်ရေး မှန်၊ မမှန်တို့ကိုလည်း မေ့ထားလို့မရပါဘူး ယောင်းယောင်းလေးတို့ရေ…

ရာသီပန်းလေးတွေလစဉ်မှန်မှန် ပွင့်လန်းနိုင်ပါစေနော်။

With Love

Ei Mon (For Her Myanmar)

References – Gynecol Endocrinol Journal , Bustle

No Comments Yet

Comments are closed