ကိုယ်ဝန်ရှေ့ပြေးလက္ခဏာ သွေးဆင်းခြင်း

ရာသီသွေးဆင်းရင် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ချေ မရှိဘူးဆိုပြီး တစ်ဘဝလုံးသိထားခဲ့သမျှ ကိုယ်ဝန်ကြောင့်လည်း သွေးဆင်းတယ်ဆိုတာ သိလိုက်ရတဲ့အခါ…

အက်မင်က ဒီတစ်ခေါက်တော့ အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ လူသိနည်းနေတယ်ပဲဆိုရမလား အယူအဆမှားတယ်ပဲ ဆိုရမလား ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတစ်ခုလောက် ဝေမျှချင်ပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ ပိုသင့်တော်မယ့် ခေါင်းစဉ်လေးပါ။ အိမ်ထောင်သည်ဆိုလို့ လူလွတ်မိန်းကလေးတွေအတွက်မလိုဘူးလို့ မထင်လိုက်နဲ့နော်။ တကယ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အယူအဆလွဲရင် တစ်ခုထက်မကတဲ့ အသက်တွေအတွက် အန္တရာယ်ရှိနိုင်လို့ပါ။

မကြာသေးခင်က အက်မင် ဓမ္မတာတစ်လတည်းနှစ်ခါဖြစ်လို့ ဘယ်လိုအခြေအနေကြောင့်လဲ သိချင်တာကြောင့် ဓမ္မတာနဲ့ပတ်သက်တဲ့အကြောင်း အင်တာနက်မှာ ဟိုရှာဒီရှာလုပ်ရာက blood implantation လို့ခေါ်တဲ့ လစဉ် ဓမ္မတာနဲ့ တစ်ပုံစံတည်းနီးပါးတူတဲ့ ကိုယ်ဝန်ရှေ့ပြေးလက္ခဏာ သွေးဆင်းခြင်းဆိုတဲ့ အကြောင်းအရာကို ဖတ်လိုက်ရတယ်။ အိမ်ထောင်သည်တွေမှ မဟုတ်ပါဘူး။ မိန်းကလေးတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာ မိခင်တွေ ဖြစ်လာနိုင်ကြသူတွေပဲမို့ ဒီကိစ္စဟာ အမျိုးသမီးတိုင်းသိထားသင့်တဲ့ အကြောင်းအရာပါ။

Related article >>> ကိုယ့်မှာ ရင်သားကင်ဆာဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ

ဓမ္မတာမမှန်တာဟာ အမျိုးသမီးအတော်များများမှာ ဖြစ်လေ့ရှိပါတယ်။ နောက်ကျတာမျိုး၊ စောတာမျိုး၊ နည်းတာမျိုး၊ များတာမျိုး စသည်ဖြင့် မမှန်ခြင်းပုံစံတွေရှိပါတယ်။ Blood implantation (ကိုယ်ဝန်ရှေ့ပြေးလက္ခဏာသွေးဆင်းခြင်း) ဟာ ဓမ္မတာမမှန်ခြင်းပုံစံနဲ့ တော်တော်ဆင်ပါတယ်။ ဓမ္မတာသွေးဆင်းတယ်လို့တောင် သတ်မှတ်လို့ရလောက်အောင်ကို တစ်ထပ်တည်းနီးပါးကျပါတယ်။ မျိုးအောင်သွားပြီး ဆီးလမ်းကြောင်းကို မမျိုးဥ စတွယ်တဲ့အခါ နံရံကိုဖောက်တွယ်ရတဲ့အတွက် သွေးထွက်လာတာပါ။ အဲ့အတွက် နာကျင်မှုကလည်း ဓမ္မတာလာစဉ် နာကျင်မှုလိုပါပဲ။ ဘယ်လောက်တောင် တူလဲဆိုရင် အိမ်ကမေမေကို blood implantation ဆိုတာကိုသိလားလို့ မေးကြည့်တော့ ကိုယ်ဝန်သုံးခါဆောင်ခဲ့ပေမဲ့ တစ်ခါမှ သတိမထားမိပါဘူးတဲ့။ ကဲ ဒါဆို ပုံမှန်ဓမ္မတာနဲ့ blood implantation ဘာကွာလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

Blood implantation ဟာ ပုံမှန်ဓမ္မတာသွေးဆင်းတဲ့အချိန်ထက် တစ်ပတ်လောက်ပိုစောပါတယ်။ ဓမ္မတာလာတဲ့အခါ စစဆင်းတဲ့အချိန်မှာ ရာသီသွေးနည်းရာကနေ တဖြည်းဖြည်းများလာတယ်။ Implantation ကတော့ စလာတည်းက ပြီးသွားတဲ့အထိ နည်းနည်းပဲဆင်းပါတယ်တဲ့။ Implantation ဖြစ်ချိန်က သွေးမှာ အတုံးအခဲတွေမပါဘဲ အရည်ကြည်ကနေ အရည်ပျစ်အထိဆင်းတတ်ပါတယ်။

နောက်တစ်ခုက သွေးအရောင်ပါ။ ပုံမှန်ရာသီသွေးဟာ ရဲရဲနီနေတတ်ပါတယ်။ ပန်းရောင်ပြေးတာမျိုး၊ အညိုရောင်ဘက်သွားတဲ့သွေးတွေဆင်းတာမျိုး ဆိုရင်တော့ implantation ဖြစ်ဖို့များပါတယ်။ အနီရောင်ဘက်သမ်းနိုင်ပေမဲ့ များသောအားဖြင့်ကတော့ အနီဖက်တဲ့ ပန်းရောင်နဲ့ ညိုညစ်ညစ်အရောင်တွေပါ။

Related article >>> သားဆက်ခြားဆေး အမျိုးမျိုးအကြောင်း သိကောင်းစရာ

သွေးဆင်းပုံဆင်းနည်းကို သတိထားမိရင်လည်း ခွဲခြားလို့ရနိုင်ပါသေးတယ်။ ရာသီသွေးဟာ လူပေါ်မူတည်ပြီး ၃ရက်ကနေ ၇ရက်အထိ ကြာနိုင်ပါတယ်။ မနားဘဲ ဆက်တိုက် (တစ်ချိန်လုံး) ဆင်းတာပါ။ Implantation ကတော့ လာလိုက် ရပ်လိုက်ပါ။ များသောအားဖြင့် တစ်ရက်ကနေ သုံးရက်အတွင်းသာ ကြာတတ်ပါတယ်။ နာရီပိုင်းနဲ့ ရပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ရာသီသွေးဆင်းတဲ့အခါ နာကျင်မှုကို အမျိုးသမီးတိုင်းလိုလိုခံစားရပါတယ်။ implantation ကြောင့်နာကျင်မှုကတော့ ပုံမှန်သွေးဆင်းတဲ့အခါ ဖြစ်တဲ့နာကျင်မှုလောက် မပြင်းထန်ပါဘူး။ သွေးအရောင်ဖျော့ပြီး နာကျင်မှုမပြင်းထန်ရင်တော့ implanted blood ဖြစ်ဖို့ သေချာသလောက် ရှိပါပြီ။

Implantation ဖြစ်တဲ့အခါ ပြတတ်တဲ့ လက္ခဏာတွေကတော့ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ ရင်သားနာကျင်ခြင်း၊ ကျောရိုးနာကျင်ခြင်း တွေပါ။ ဖြစ်ချင်တော့ ဒီလက္ခဏာတွေကို ပုံမှန်ရာသီသွေးဆင်းတဲ့အခါလည်း ခံစားရနိုင်ပါတယ်။

အက်မင်ဝေမျှခဲ့တဲ့အချက်တွေက သိသာထင်ရှားတဲ့ ကွဲပြားမှုတွေပါ။ သို့သော်လည်း ပုံမှန်ဓမ္မတာဖြစ်ခြင်းနဲ့ ကိုယ်ဝန်ရှေ့ပြေးလက္ခဏာ သွေးဆင်းခြင်းဟာ သတိထားပြီး မစောင့်ကြည့်ရင် သိနိုင်စရာမရှိပါဘူး။ ဒါကြောင့် ကိုယ်ဝန်တားဆေးသောက်နေကျ အမျိုးသမီးဟာ Implantation ကို ရာသီသွေးအမှတ်နဲ့ အမှတ်မဲ့ထားပြီး သောက်နေကျဆေး ဆက်သောက်မိတဲ့အခါ ဗိုက်ထဲက ရင်သွေးကိုရော ကာယကံရှင်ကိုပါ ထိနိုင်ပါတယ်။ ကလေးအဂါင်္မစုံခြင်းတွေ၊ ကလေးမွေးတဲ့နေရာမှာ မိခင်ဖြစ်သူ အောက်စီဂျင်ပြတ်လပ်ခြင်းတွေအထိ ဆိုးကျိုးရှိနိုင်တာကြောင့် သတိပြုမိအောင် ဝေမျှလိုက်ရပါတယ်။

Myat ( For Her Myanmar )

References : Parenting , American Pregnancy

No Comments Yet

Leave a Reply

Your email address will not be published.