အူအတက်လေးထဲ အစာတွေ မတော်တဆဝင်သွားတဲ့အခါ ပြန်ထွက်ဖို့ လမ်းမရှိတာမို့ ပိတ်မိနေတတ်ပါတယ်။ ဒီအခါမှာ အူအတက်ရောင်တာ ဖြစ်လာပါတယ်။
မင်္ဂလာပါ ယောင်းတို့ရေ…အခုတစ်ခေါက်မှာတော့ ကလေးတွေမှာ ဖြစ်တတ်ပြီး မေမေအများစု သတိမထားမိတဲ့ ကျန်းမာရေး ပြဿနာအကြောင်းကို ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ အူအတက်ရောင်တာပါပဲ။ အူအတက်ဟာ အက်ဒ်မင်တို့ အူကနေ ထိုးထွက်နေတဲ့ သုံးလက်မသာသာ တစ်သျှူးစလေးပါ။ အဲဒီ အူအတက်လေးထဲ အစာတွေ မတော်တဆဝင်သွားတဲ့အခါ ပြန်ထွက်ဖို့ လမ်းမရှိတာမို့ ပိတ်မိနေတတ်ပါတယ်။ ဒီအခါမှာ အူအတက်ရောင်တာ ဖြစ်လာပါတယ်။ နောက်ပြီး ရောဂါပိုး ကူးစက်ခံရတဲ့အခါမှာလည်း အူအတက်ဟာ ပိတ်ဆို့သွားပြီး ရောင်ရမ်းနိုင်ပါတယ်။
အူအတက်ရောင်တာဟာ ဆယ်နှစ်ကလေးကစပြီး သုံးဆယ်အရွယ်အထိ အဖြစ်အများဆုံးပါတဲ့။ ဒီအူအတက် မရှိဘဲလည်း နေနိုင်ပေမယ့် အူအတက်ရှိနေသရွေ့တော့ အချိန်မရွေး အစာတွေပိတ်မိနိုင်တာမို့ သတိထားနေဖို့တော့ လိုပါလိမ့်မယ်။
ဒီနေရာမှာ အက်ဒ်မင် ၁၃နှစ်သမီးအရွယ် ရှစ်တန်းကျောင်းသူတုန်းက ကြုံခဲ့ရတဲ့ အဖြစ်ကိုပါ ပြောပြပါရစေ။ အက်ဒ်မင် အဲ့တုန်းက ကိုယ့်ကိုယ်ကိုယ် အူအတက်ရောင်လို့ ရောင်နေမှန်းမသိသလို အက်ဒ်မင်က မကြာခဏ လေထိုး လေအောင့်ဖြစ်နေကြမို့ မိဘတွေက လေဆေးပဲ တိုက်ပြီး ခပ်ပေါ့ပေါ့ပဲ နေခဲ့ပါတယ်။ မနက်ဆယ်နာရီကစပြီး အောင့်ပေမဲ့ သာမန်လေထိုးသလိုပါပဲ။ ဒါပေမယ့် အူအတက်ရောင်တာရဲ့ လက္ခဏာတွေအတိုင်း အချိန် ကြာလာသမျှ အက်ဒ်မင် ဗိုက်အောင့်တာ ပိုဆိုးလာပါတယ်။ ချက်နားတစ်ဝိုက် အောင့်ရာကနေ ညာဘက်ဗိုက်အောက်နား ကို နေရာရွေ့လာပါတယ်။ စားသမျှလည်း အကုန်အန်သလို ရေတောင် ထည့်လို့မရတဲ့အထိ ဆက်တိုက် အကုန်ပြန်အန်ပါတယ်။ ရောင်တာသက်သာအောင် ဆေးထိုးလိုက်သေးပေမယ့် ကြာကြာမခံပါဘူး။ ညဘက်နှစ်နာရီလောက်ရောက်တဲ့အခါမှာတော့ နာလွန်းလို့ ဆေးရုံ ပြပေးဖို့ ပြောရပါတော့တယ်။
ဒီကြားထဲ အမေကတော့ ဗိုက်နာသက်သာအောင် မုန်ညင်းဆီနဲ့ ဗိုက်ကို ဖိချပြီး အတင်း နှိပ်ပေးမယ် လုပ်ပါသေးတယ်။ အဲ့တုန်းကသာ အမေက ကိုယ့် ဗိုက်ကို နှိပ်လိုက်ရင် အူအတက် ပေါက်ထွက်ပြီး နာရီပိုင်းအတွင်း သေသွားနိုင်ပါတယ်။ ကိုယ်ကလည်း အဲ့ဗိုက်နေရာကို ဘယ်သူ့ကိုမှ အကိုင်မခံနိုင်တဲ့အထိ နာနေတာမို့ အမေ့ကိုလည်း လုံးဝမနှိပ်ခိုင်းခဲ့ပါဘူး။ အတင်း ပြန်ငြင်းနိုင်ခဲ့တာမို့ ကံကောင်းလို့ မသေခဲ့ဘူးပေါ့ ညနှစ်နာရီမှာတော့ လက်ညှိုးနဲ့ ခပ်ဖွဖွထိုးကြည့်တာတောင် အရမ်းနာကျင်လာတဲ့ အဆင့်ရောက်နေပြီး ချွေးစေတွေလည်း ပြန်နေပါပြီ။ အဖျားကလည်း မဆိုစလောက် ငွေ့ငွေ့လေး ရှိနေပါတယ်။ ဒီလက္ခဏာတွေအားလုံးကြောင့်လည်း ဆရာဝန်က “အူအတက်ပြင်းထန်စွာ ရောင်ရမ်းခြင်း” လို့ အတည်ပြုပေးခဲ့ပြီး ညတွင်းချင်း ဆေးရုံတင်ပြီး ခွဲစိတ်ဖို့ ပြင်ဆင်ခဲ့ရပါတယ်။
ခွဲစိတ်ပြီးတဲ့အခါ ဖြတ်ထုတ်လိုက်တဲ့ အူအတက်ကြောင့် ဆရာဝန်တွေနဲ့ သူနာပြုတွေတောင် အံ့ဩသွားခဲ့ရပါတယ်။ အူအတက်က နီရဲ ရောင်ကိုင်းပြီး အထဲမှာ ပြည်တွေတောင်တည်ပြီး ပုပ်ချင်နေတဲ့ အဆင့်တောင် ရောက်နေတာကိုး။ ကံကောင်းလို့ လက်မတင်ကလေး အချိန်မီခဲ့တာပါ။
ဒါကြောင့် ယောင်းတို့ ရဲ့ သားသား မီးမီးလေးတွေမှာ အက်ဒ်မင်ကြုံခဲ့တဲ့ ရောဂါလက္ခဏာတွေအတိုင်း ဖြစ်ပြီဆိုရင် အူအတက်ရောင်ရမ်းနေပြီလို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။
Related Article >>> ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာ (Healthy meal) အကြောင်းတစ်စေ့တစောင်း
ကလေးရဲ့ ချက်နားတစ်ဝိုက် ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ဘက်က စူးအောင့်ရာကနေ ဗိုက်ရဲ့ ညာဘက်အောက်ကို နာကျင်မှု ရွေ့လာပြီဆိုရင်တော့ အူအတက်ရောင်ခြင်းရဲ့ ပထမ လက္ခဏာလို့ သတ်မှတ်နိုင်ပါတယ်။ ခံတွင်းတွေ ပျက်လာမယ်။ မကြာခဏ မူးဝေ အော့အန်လာမယ်။ အဖျားကလည်း ခပ်ငွေ့ငွေ့ တက်နေမယ် (၉၉ကစပြီး ၁၀၂အတွင်းပေါ့) ဆိုရင်တော့ အူအတက်ရောင်တာ သေချာနေပါပြီ။ ဒါကတော့ ထင်ရှားသိသာပြီး အဖြစ်များတဲ့ လက္ခဏာတွေပါ။ အခြား လက္ခဏာတွေကတော့ ရှူးပေါက်ရ ခက်တာ၊ လေမလည်နိုင်တာ၊ ဝမ်းချုပ်နေတာ ဒါမှမဟုတ် လေလည်တာနဲ့ ဝမ်းပါလာတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်နေပြီဆိုရင်တော့ သေချာအောင် ဆေးရုံဆေးခန်းကို ချက်ချင်းသွားပြစေချင်ပါတယ်။
ဒီနေရာမှာ အူအတက်ရောင်ခြင်းရဲ့ လက္ခဏာတွေဟာ သည်းခြေအိတ်ပြဿနာ၊ ဆီးအိတ်ပြဿနာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အူလမ်းကြောင်း ပိုးဝင်တာ၊ အစာအိတ်ရောင်တာတွေ၊ သားဥအိမ် ပြဿနာတွေနဲ့ ဆင်တူနေတတ်တာမို့ သေချာ ဆေးစစ်ကြည့်စေချင်ပါတယ်။ ဗိုက်နာရတဲ့ အကြောင်းရင်းကို သေချာမသိရသေးသရွေ့ ဘာမှလည်း မစားပါနဲ့။ မသောက်ပါနဲ့။ ဆေးအပူတွေ ကပ်တာ၊ လိမ်းတာလည်း လုံးဝမလုပ်ပါနဲ့။ ဗိုက်ကို နှိပ်လည်း မနှိပ်ပါနဲ့။ ဒါအရေးကြီးပါတယ်နော်။ အမေတော်တော်များများက ကလေး ဗိုက်အောင့်တာနဲ့ ရာပန်းဆီ လို အပူလိမ်းပြီး နှိပ်ပေးတတ်လို့ပါ။ နာတာ သက်သာတဲ့ ဆေးလည်း သွားမထိုးပါနဲ့နော် ။ အူအတက်ရောင်နေရာကနေ ပေါက်သွားစေနိုင်လို့ပါ။
တစ်ချို့ဆရာဝန်တွေဟာ အူအတက်ရောင်တဲ့ ကလေးကို ရောင်ရမ်းတာ သက်သာအောင် ဆေးထိုးရုံပဲ ထိုးပေးတတ်ပြီး မိဘတွေကလည်း အဲ့လိုဆေးထိုးလို့ သက်သာလာတာနဲ့ မေ့မေ့လျော့လျော့နေတတ်ကြပါတယ်။ ဒီအူအတက်ဟာ အချိန်မရွေး ပြန်ရောင်နိုင်တာမို့ အန္တရာယ်ရှိပါတယ်။ တချို့ မိဘတွေကျတော့ အူအတက်ရောင်နေမှန်းတောင် မသိဘဲ ပေါ့ပေါ့တန်တန် ပစ်ထားမိတတ်တာမို့ အချိန်နှောင်း သွားပြီး မသေသင့်ဘဲ သေသွားရတဲ့ ဖြစ်ရပ်တွေလည်း ဒုနဲ့ဒေးပါပဲ။ ဒါကြောင့် အူအတက်ဟာ တစ်ခါရောင်ပြီဆိုတာနဲ့ ဖြတ်ထုတ်ပစ်လိုက်တာက စိတ်အချရဆုံးပါ။ minor operationအဆင့်သာရှိတာမို့ ခွဲစိတ်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အန္တရာယ်ကြီးကြီးမားမားလည်း မရှိပါဘူး။ ခွဲချိန်က တစ်နာရီကျော်၊ နှစ်နာရီလောက်ပဲ ကြာပြီး အက်ဒ်မင်ဆို တစ်ပတ်ကျော်၊ နှစ်ပတ်လောက်နဲ့ မြန်မြန်သက်သာခဲ့တာပါ။ ခဏလေးနဲ့ အဆင်ပြေသွားမှာမို့ ခွဲစိတ်ရတဲ့အခါ မကြောက်ကြပါနဲ့နော်။
By
Mia (For Her Myanmar)
Reference link: Web MD , Medicine Net