ကလေးငယ်တွေ ထမင်းကောင်းကောင်းမစားတဲ့ ဖြစ်နိုင်ချေ အချက်(၈)ချက်

ဒီအခက်အခဲကို ကြုံတွေ့နေရတဲ့ မေမေတို့ ဖတ်ထားပါလေ။ 

မင်္ဂလာပါ ယောင်းတို့ရေ…အခုတစ်ခေါက်မှာတော့ မေမေအများစု ကြုံရတဲ့ ပြဿနာအကြောင်းပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ သားသားမီးမီးတွေက ထမင်းကောင်းကောင်း မစားတာပါပဲ။ ကလေးတွေ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာ အရွယ်ရောက်လာဖို့ ငယ်ငယ်တည်းက အာဟာရပြည့်ဝအောင် ကျွေးချင်ကြတာ မေမေတိုင်းရဲ့ စေတနာပါ။ ဒါပေမဲ့ သူတို့လေးတွေ ထမင်းကောင်းကောင်း မစားတဲ့အခါ မေမေတွေ သိပ်ကို စိတ်ညစ်ရပါပြီ။ အထူးသဖြင့် စကားကောင်းကောင်းမပြောတတ်သေးတဲ့ လေးဘက်ထောက်အရွယ်၊ လမ်းလျှောက်ကာစ အရွယ်လေးတွေပေါ့။

ဒါကြောင့်မို့ အက်ဒ်မင့်ရဲ့ ကလေးထိန်းအတွေ့အကြုံအရရော.. ပညာရှင်တွေ ပြောကြားချက်ရော စုပေါင်းပြီး သားသားမီးမီးတွေ အစားကောင်းကောင်း မဝင်တဲ့ ဖြစ်နိုင်ချေ အကြောင်းရင်း ၈ချက် ရေးသားပေးလိုက်ပါတယ်နော်။

(၁) ကလေးတွေကို ဖိအားပေးတဲ့အခါ ကလေးတွေက ကောင်းကောင်းမစားတော့ပါဘူး။ တချို့မေမေတွေဟာ အစားနှေးတဲ့ သားသားမီးမီးတွေကို တစ်ဇွန်းပြီး တစ်ဇွန်း အတင်း စားစေတတ်ပါတယ်။ ဆူတစ်လှည့် ငေါက်တစ်လှည့်နဲ့ပေါ့။ အဲ့လို ကလေးတွေကို ထမင်းစားချိန်မှာ အစားဝင်အောင် အတင်းဖိအားပေးလာတဲ့အခါ ကလေးတွေဟာ စိတ်ကျဉ်းကြပ်လာပြီး ထမင်းစားချိန်ရောက်ရင် မပျော်ရွှင်တော့ပါဘူး။ လက်တွေ့စမ်းသပ်ချက်အရ အဲ့လို ကလေးမျိုးတွေဟာ တခြားကလေးတွေလောက် စိတ်ပါလက်ပါ မစားတာကို တွေ့ရပါတယ်။

(၂) နောက်တစ်ခုက food allergy လို့ခေါ်တဲ့ အစားအသောက်တစ်ခုခုနဲ့ ဓာတ်မတည့်တာပါ။ ကလေးတွေဟာ သူတို့နဲ့ ဓာတ်မတည့်တဲ့အစားအသောက်ကို စားပြီးတဲ့အခါ ယားယံတာတို့ အသက်ရှူရခက်လာတာတို့ စတာတွေ ခံစားရတတ်ပါတယ်။ ဒီလို သူတို့နဲ့ ဓာတ်မတည့်တဲ့အစားအသောက်တွေကို ကျွေးတဲ့အခါမှာလည်း ကလေးတွေဟာ စားဖို့ငြင်းဆန်တတ်ကြပါတယ်။

Related article >>> ကျွန်မသာအမေတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်

(၃) ကလေးတွေရဲ့ ခံတွင်းထဲမှာ မေမေတွေ သတိမထားမိတဲ့ ဒဏ်ရာ အနာသေးသေးလေးတွေရှိရင်လည်း ကောင်းကောင်း အစားမစားနိုင်ကြပါဘူး။ ဒီလို ဒဏ်ရာအနာလေးတွေဟာ နှုတ်ခမ်းအတွင်းသား၊ လျှာ၊ ပါးစောင်နဲ့ သွားဖုံးမှာရှိနေတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင်သလို သူ့ကိုယ်သူ ပြန်ကိုက်မိတာကြောင့်လည်း ဒီလိုအနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ယောင်းတို့ ကလေးတွေ အစားကောင်းကောင်းမစားတဲ့အခါ သူတို့လေးတွေရဲ့ ခံတွင်းထဲကို အနာလေးတွေရှိမရှိ စစ်ဆေးကြည့်ဖို့လည်း လိုပါတယ်နော်။

(၄) အစားအသောက်ရဲ့ အနံ့နဲ့ အရသာ ပြင်းရင်လည်း ကလေးတွေဟာ ကောင်းကောင်း မစားတတ်ကြပါဘူး။ လူကြီးတွေအနေနဲ့တော့ ဒီအစားအစာရဲ့ အနံ့နဲ့ အရသာက အဆင်ပြေတယ်လို့ ထင်ရပေမယ့် နုနယ်တဲ့ကလေးတွေရဲ့ လျှာပေါ် နဲ့ အနံ့ခံမှုအပိုင်းမှာတော့ ဒီအစားအသောက်တွေဟာ ပြင်းနေတတ်ပါတယ်။ ကလေးတွေဟာ လူကြီးတွေထက် အခါးအရသာကို ပိုပြီး အာရုံခံနိုင်ကြတာမို့ အစားအစာကို ရွေးချယ်စားတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒီလိုအခါမှာလည်း ကလေးတွေဟာ စားလို့မဝင်ကြပါဘူး။ ဒါကြောင့် ကလေးတွေ အစားသိပ် မစားတဲ့အခါ အရသာနဲ့အနံ့ကို ပြန်ပြင်ဆင်ပေးပြီး ကျွေးကြည့်ပါ ယောင်းတို့ရေ။

Related article >>> သမီးမိန်းကလေးမို့ ပိုချုပ်ချယ်တယ်ဆိုတာ မှန်ကန်ပါရဲ့လား

(၅) ကလေးတွေဟာ သူတို့ ပင်ပန်းနေတဲ့အခါမှာလည်း အစားသိပ်မဝင်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ကလေးတွေ အစားမစားတဲ့အခါ သူတို့ကို အနားယူစေပြီးမှ ထမင်းကျွေးကြည့်ဖို့ကို ပညာရှင်တွေက အကြံပြုထားကြပါတယ်။

(၆) များသောအားဖြင့် သရေစာမုန့်တွေ snacksတွေ စားထားရင်လည်း ကလေးတွေရဲ့ ဝမ်းဗိုက်လေးဟာ ပြည့်တင်းသွားတတ်ပါတယ်။ ဒါကြောင့် ထမင်းမစားခင် snacksတွေ စားထားတဲ့ ကလေးဟာ ခပ်မြန်မြန်ဗိုက်ပြည့်သွားပြီး ထမင်းကောင်းကောင်း မစားတော့ပါဘူး။ အစားကြီးတဲ့ ဝက်ပေါက်လေးတွေကတော့ ခြွင်းချက်ပေါ့ ယောင်းတို့ရယ်

(၇) နေမကောင်းတဲ့အခါမှာလည်း ကလေးတွေဟာ အစားကောင်းကောင်းမစားနိုင်ကြပါဘူး။ ဖျားနာတာတို့ ဗိုက်နာတာတို့ ဖြစ်နေတဲ့အခါနဲ့ ဖြစ်ပြီးခါစမှာ ကလေးတွေဟာ ခံတွင်းပျက်နေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာလည်း အစားကောင်းကောင်းမစားတာနဲ့ ကြုံရတတ်ပါတယ်။

Related article >>> သားသမီးကို ခွင့်ပြုမလား အလိမ်ခံမလား

(၈)ကလေးတွေဟာ အစားအသောက်ချေးများတာမို့၊ ဒီအစားအသောက်ကို ရိုးအီလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီလိုအခါမျိုးမှာဆို မေမေတွေအနေနဲ့ ဉာဏ်ဆင်ဖို့ လိုလာပါပြီ။ ဥပမာ ကိုယ်စားစေချင်တဲ့ဟာကို နဂိုမူလပုံစံ နဲ့ မတူတော့အောင် ပုံစံ လှလှ ဆန်းဆန်းလေး ပြင်ဆင်ပြီး သူတို့စားဝင်အောင် ကျွေးတာမျိုးပေါ့။ အကြံပေးရရင် အသားတွေ အသီးအနှံတွေကို ပန်ကိတ်ပုံစံလှလှလေး ကြော်ပေးတာတို့၊ အရောင်စုံ ဖြစ်နေအောင် အလှဆင်တာတို့ပေါ့။ အဲ့လိုမျိုး လုပ်တဲ့အခါ အစားအသောက်အင်မတန် ကျွေးရခက်တဲ့ ကလေးတောင်မှ မြိန်ရေရှက်ရေစားတတ်ပါတယ်။ ဒါကြောင့် ထမင်းကျွေးတဲ့အခါ ပုံစံတုံးတုံး ကြီး မဟုတ်ဘဲ လှလှပပ၊ ဆန်းဆန်းပြားပြားလေး ဖြစ်အောင် ပြင်ဆင်ကျွေးတဲ့နည်းလမ်းကို လည်း သုံးကြည့်ပါနော်။

ဒါကြောင့်မို့ ကလေးတွေ အစားကောင်းကောင်းမစားတဲ့အခါ ကလေးကို အတင်းကျွေးတာက ကလေးကို စိတ်ပင်ပန်းစေပြီး အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ကလေးကို ခဏအနားပေးပြီး စိတ်ရှည်ရှည်နဲ့ ဖြစ်နိုင်ချေအကြောင်းရင်းကို ရှာဖွေပြီး ပြင်ဆင်ကျွေးမွေးကြည့်ကြပါ လို့ အကြံပြုလိုက်ပါတယ် ယောင်းတို့ရေ..

By
Mia( For Her Myanmar)
Reference link: Youtube parents.com ,

အက်ဒမင်မေးသမျှ ဖြေကြားပေးပါသော ဆရာဝန်များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

No Comments Yet

Leave a Reply

Your email address will not be published.