ဟော်မုန်းတွေ ကမောက်ကမဖြစ်နေကြောင်း သိနိုင်မယ့် အချက် (၁၁) ချက်

ဟော်မုန်းတွေ ကမောက်ကမ ဖြစ်လာပြီဆိုရင်… 

ညီမလေးသို့… 

ညီမလေးတို့ လှသွေးကြွယ်နေဖို့၊ အသားအရေလေးတင်းရင်းနေဖို့၊ စိတ်ကလေးရွှင်လန်းနေဖို့ရာ အဓိက
အမျိုးသမီးတွေရဲ့ ဟော်မုန်းတွေဖြစ်တဲ့ အီစတိုဂျင်၊ ( Oestrogen) ပရိုဂျက်စတိုဂျင်( Progestrone) တွေက
စည်းချက်ညီညီလှုပ်ရှားပေးရပါတယ်။ ဒီအမျိုးသမီးဟော်မုန်းတွေ စည်းချက်ညီနေသမျှ ညီမလေးတို့အားလုံး ကျန်းမာလှပနေမှာ အသေချာပါပဲ။

ဒီဟော်မုန်းတွေ ကမောက်ကမ ဖြစ်ပြီဆိုရင်ရော ဘာတွေဖြစ်လာမှာလဲ???

တချို့ အမေတွေ၊ အဖွားတွေပြောလေ့ရှိပါတယ်။ အသားအရေခြောက်တဲ့ မိန်းကလေးတွေဆို ” နင်တော့ မီးယပ်ရောဂါဖြစ်နေပြီ ထင်တယ်” ဆိုတာမျိုးပေါ့။ တကယ်လည်း ဟုတ်တယ်လို့ ဆိုရမှာပါ။

ဟော်မုန်းတွေ ပုံမှန်ရှိရမယ့်ပမာဏမရှိဘဲ နည်းတာများတာတွေဖြစ်လာတဲ့အခါ

၁) ဝက်ခြံထွက်လာတတ်ပါတယ်။

မိန်းကလေးတွေ ရာသီမလာခင်မှာ Break out လို့ခေါ်တဲ့ ရုတ်တရက် ဝက်ခြံအများအပြားထွက်လာတာက သဘာဝပါ။ ရာသီလာရင်ဖြစ်ဖြစ် ရာသီပြီးရင်ဖြစ်ဖြစ် ပျောက်သွားတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဝက်ခြံတွေတောက်လျှောက်ထွက်နေမယ်။ ထွက်တာကလည်း မျက်နှာ၊ ရင်ဘတ်နဲ့ ကျောကုန်းတွေပါ ထွက်မယ်ဆိုရင်တော့ ယောကျာ်းဟော်မုန်း Androgen များနေလို့ ပြတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်နော်။

၂) အိပ်မပျော်တတ်ပါဘူး။

မိန်းကလေး Progestrone ဟော်မုန်းလေးက အိပ်ဖို့အတွက် အဓိက အထောက်အကူပေးနေတာပါ။ သူ့ ရှိသင့်တဲ့ ပမာဏထက်နည်းပြီဆိုရင် အိပ်မပျော်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သွေးဆုံးခါနီး မေမေတို့ ၊ ဘွားဘွားတို့မှာ အိပ်မပျော်တာတွေဖြစ်လာရတာပေါ့။

၃) အစာမကြေတာ၊ လေပွတာတွေဖြစ်တတ်ပါတယ်။

မိန်းကလေး ဟော်မုန်းပေမဲ့ အစာအိမ်နဲ့ ပတ်သက်နေတယ်ပြောရင် အံ့ဩသွားမလားပါပဲ။ Oestrogen , Progestrone မညီမျှတဲ့ နေ့ရက်တွေမှာဆိုရင် ဗိုက်ကြီးကယ်နေတာ၊ လေပွတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ပျို့အန်ချင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်မတို့ ရာသီ စက်ဝန်းနေ့ရက်တွေမှာ ပုံမှန်လောက်မစားနိုင်တာ ၊ နေလို့မကောင်းတာတွေဖြစ်ကြတာပေါ့နော်။

Related Article >>> စိတ်ချရပါတယ်ဆိုတဲ့ နေ့ရက်တွေအကြောင်း

၎) အာရုံမစူးစိုက်နိုင်တော့ပါဘူး။

ပျိုပျိုမေတို့ တက်ကြွပြီး အရာရာကို စူးစိုက်လုပ်နိုင်တာ Oestrogen ဟော်မုန်းကြောင့်ပါ။ လည်ပင်းဟော်မုန်း သိုင်းရွိုက်( Thyroid) လည်း ပါတာပေါ့နော်။ ဒီဟော်မုန်းတွေဟာ သွေးဆုံးခါနီးဆို ပမာဏနည်းလာပါတယ်။ ဒီလိုအချိန်ဆို အရင်လောက် အာရုံမစိုက်နိုင်တာ၊ စဉ်းစားလို့မရတာတွေ ဖြစ်လာတတ်ပါတယ်။

၅) ခေါင်းကိုက်တတ်ပါတယ်။

ရာသီလာခါနီး ခေါင်းကိုက်တတ်တာမျိုးဟာ အီစတိုဂျင်နည်းတဲ့အချိန်မို့ပါတဲ့။ ခေါင်းကိုက်တာလည်း ဒီဟော်မုန်းတွေကြောင့်ပဲပေါ့နော့။

၆) အမွှေးတွေထူလာတတ်ပါတယ်။

၇) ကိုယ်အလေးချိန် ရုတ်တရက် တက်လာပြီး ကိုယ်အလေးချိန်ချဖို့ ခက်ပါတယ်။

၈) အရေပြားတွေ မည်း လာတတ်ပါတယ် (အထူးသဖြင့် ချိုင်းကြား၊ ပေါင်ကြားတွေ မည်းတတ်ပါတယ်။)

၉) ဆံပင်တွေကျွတ်လာတတ်ပါတယ်။

၁၀) ရာသီမမှန်တာ၊ ရာသီများတာ၊ ရာသီခဏခဏလာတာတွေ ဖြစ်တတ်ပါတယ်။

ဒီအချက်တွေက ပုံမှန်အမျိုးသမီးတွေမှာရှိရမယ့် ယောကျာ်းဟော်မုန်း (Androgen) များလာလို့ဖြစ်ရတာပါ။ ဒီလိုရောဂါဟာ မမျိုးဥအိမ်မှာ ရေအိတ်တည်ခြင်းနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။

၁၁) မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ နာကျင်ခြင်း ဖြစ်တတ်ပါတယ်။

မိန်းကလေး Oestrogen ဟော်မုန်းနည်းတဲ့အချိန်မှာ ခံစားရလေ့ရှိပါတယ်။

ဒီလိုလက္ခဏာတွေထဲက ခံစားနေရတဲ့ ညီမလေးတို့ရှိမယ်ဆိုရင် မပေါ့ဆဖို့ နီးစပ်ရာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ မမေ့ပါနဲ့လို့…

မိန်းကလေးတိုင်း ကျန်းမာလှပစေလိုသော စေတနာဖြင့်

မယ်တင်( ဆေး ၁)

No Comments Yet

Comments are closed