ငါနဲ့မတူ ငါ့ရန်သူ

LGBT အုပ်စုဝင်တွေကလဲ လူထဲကလူတွေပဲမို့ သူတို့အပေါ်ထားရှိတဲ့ အမုန်းတရားတွေ လျှော့စေချင်ပါတယ်။

ယောင်းတို့ရေ တို့နိုင်ငံက လူတွေအနေနဲ့ အခုနောက်ပိုင်းအချိန်တွေမှာ LGBT အုပ်စုဝင်တွေကို အရင်ကထက် ပိုလက်ခံလာတာတွေ့ရပါတယ်။ LGBT အုပ်စုကလည်း အရင်ကလို ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စရာလို့ မထင်တော့ဘဲ ပေါ်ပေါ်ထင်ထင် လူသိရှင်ကြား နေလာရဲလာပါပြီ။ ဒါဟာ ကောင်းတဲ့လက္ခဏာပါ။

ဒါပေမယ့် LGBT ဆိုရင် မကောင်းဘူးလို့ မျက်စိမှိတ်ပြီး ယုံကြည်နေဆဲ လူတွေလဲ ရှိနေကြဆဲပါ။ ဖေ့ဘုတ်ပေါ်မှာဆို တချို့ LGBT စုံတွဲတွေပုံ မျှဝေထားတဲ့ စတေးတပ်အောက်မှာ အားပေးတဲ့သူတွေ ရှိကြသလို ရွံစရာကြီးတို့၊ အရူးတွေတို့ လာမန့်ကြသူတွေလဲ တစ်ပုံတပင်ပါ။

Related article >>> လိင်တူချစ်ကြတာဟာစိတ်ရောဂါလား

တကယ်တော့ယောင်းရယ် လိင်စိတ်တိမ်းညွှတ်မှုဆိုတာ တစ်ယောက်နဲ့တစ်ယောက်မှ မတူကြတာနော်။ ဆန့်ကျင်ဘက်လိင်ကို သဘောမကျဘူးဆိုတာ စိတ်ရောဂါမဟုတ်ကြောင်းကိုလဲ သိပ္ပံပညာအရ သက်သေတွေပြထားကြပါပြီ။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ရွေးချယ်မှုလဲ မဟုတ်ပါဘူး။ ကျားမဆွဲဆောင်မှုကို လူများစုက သဘာဝလို့သတ်မှတ်ထားပေမယ့် လိင်တူအချင်းချင်း သဘောကျတယ်ဆိုတာကလဲ တကယ်တော့ သဘာဝပါပဲ

ဒါပေမဲ့ ဒီအချက်တွေကို လူတော်တော်များများက အခုထက်ထိ လက်မခံချင်သေးပါဘူး။ အက်ဒမင်ပြောခဲ့သလိုပဲ ဆဲဆိုသူတွေ၊ နှုတ်နဲ့စော်ကားသူတွေ ရှိနေဆဲပါပဲ။ ဒါကတို့နိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ကမ္ဘာတလွှားမှာလဲ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ LGBT အုပ်စုဝင်တွေအပေါ် ကျူးလွန်တဲ့ မှုခင်းတွေ ၇၈ရာခိုင်နှုန်း တက်လာတာတွေ့ရပါတယ်။

Stonewall အဖွဲ့အစည်းရဲ့ LGBT အယောက် ၅၀၀၀ အပေါ် ပြုလုပ်ခဲ့တဲ့ သုတေသနအရဆို ၃၆ရာခိုင်နှုန်းလောက်သော LGBT စုံတွဲတွေက လမ်းပေါ်မှာ ချစ်သူချင်းလက်တွဲပြီး လျှောက်သွားဖို့တောင် မလုံခြုံဘူးလို့ ခံစားနေရပါတယ်။ ၁၇ရာခိုင်နှုန်းကတော့ သူတို့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုအပေါ် မူတည်ပြီး အနိုင်ကျင့်နှိပ်ကွပ်မှုတွေ ခံစားရပါတယ်လို့ ပြောပြခဲ့ပါတယ်။

လူများစုဖြစ်တဲ့ ဆန့်ကျင်ဘက်လိင် သဘောကျသူတွေဟာ LGBT တွေကို လူထူးလူဆန်းတွေအဖြစ်၊ သူတို့ထက် တစ်ဆင့်နိမ့်တဲ့သူတွေအဖြစ်၊ ဆက်ဆံကြပါတယ်။ ဒါက ငါနဲ့မတူတဲ့သူက ငါ့ရန်သူလို့ ထင်မြင်ချက်တွေကြောင့် ဖြစ်ပါတယ်။ သာတူညီမျှဖြစ်မှုနဲ့ လူတစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေကို လက်ခံနိုင်သူက အနည်းစုပါ။ ဒါကြောင့်လဲ LGBT အပေါ်ဦးတည်တဲ့ မှုခင်းတွေနဲ့၊ အမုန်းစကားတွေက ခုထိ အရှင်းမပျောက်သေးတာပေါ့ကွယ်။

Related article >>> လိင်တူချစ်ကြသူများ

အက်ဒမင်ကတော့ တို့ပရိသတ်ယောင်းတို့ဟာ အမုန်းတရားတွေနဲ့ LGBT တွေကို တိုက်ခိုက်တတ်သူတွေ မဟုတ်ကြဘူးလို့ အက်ဒမင်ယုံကြည်ပါတယ်။ တို့တွေက LGBT အုပ်စုဝင်လူတွေကို မတိုက်ခိုက်ရုံတင်မဟုတ်ဘဲ၊ သူတို့ဘဝကို နားလည်ပေးလို့၊ သူတို့ဟာလဲ ကိုယ်တွေလို သဘာဝအတိုင်း ချစ်ချင်တဲ့သူကို ချစ်ခွင့်ရှိသူတွေဆိုတာ တခြားသူတွေလဲသိအောင်လို့ တတ်နိုင်သလောက် ပြောပြပေးကြရအောင်လားကွယ်။

Khine (For Her Myanmar)

Reference : Huffington Post | Independent | BBC

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။