အရွယ်ရလာတဲ့အခါ မိတ်ကပ် ဘယ်လို လိမ်းခြယ်ကြမလဲ။

အသက်ရလာတဲ့အခါ မိတ်ကပ် ပြင်ဆင်မယ်ဆို ဘယ်လိုနေရာတွေကို ဦးစားပေးပြင်ဆင်ရင် လှနိုင်မလဲဆိုတော့… 

အသက်အရွယ်ရလာတာနဲ့ အမျှ အရေးအကြောင်းတွေ ၊ အသားအရေ မညီညာတာတွေ ဖြစ်လာတဲ့ အခါ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ မိတ်ကပ်လိမ်းချယ်နည်းတစ်မျိုးကတော့ တကယ်ကို လိုအပ်လာပါပြီ… ဒီလိုမျိုး ကိုယ်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ကို လိမ်းခြယ်လိုက်မယ်ဆိုရင်တော့ နဂိုရှိရင်းစွဲအလှထက် ဆထက်တိုးလှလာမှာ သေချာပေါက်ပါပဲ ယောင်းတို့ရေ…

ရင့်ကျက်လာတဲ့ အလှတရားကို ပိုမိုပြီးတော့ ပေါ်လွင်စေအောင် ဘယ်နေရာတွေကို ဘယ်လို ဦးစားပေး ပြင်ရမယ်၊ ဘယ်လို အလှကုန်ပစ္စည်းမျိုးတွေကို ရွေးချယ်ပြီး အသုံးပြုရမယ် ဆိုတာကိုတော့ တူတူကြည့်ကြရအောင်နော်…

  • Primer ကို မဖြစ်မနေ အသုံးပြုပေးပါ

Primer ကိုသုံးမယ်ဆိုရင်တော့ ယောင်းရဲ့ မိတ်ကပ်တွေ တစ်နေ့လုံး မပျက်မယွင်းဘဲ ရှိနေမယ်ဆိုတာတော့ ယောင်းတို့ သိပြီးသားဖြစ်ပါလိမ့်မယ် …Primer တွေဟာ အရေးအကြောင်းတွေ ၊ ချွေးပေါက်တွေကိုမသိသာစေအောင် ဆောင်ရွက်ပေးနိုင်တဲ့အပြင် အသားအရေလေး ညီညာပြီးတော့ ချောမွေ့နေစေအောင် ဆောင်ရွက်ပေးနိုင်တဲ့ အစွမ်းလည်း ရှိနေပါသေးတယ်… တကယ်လို့များ အရေးအကြောင်းနဲ့ အသားအရေ မညီညာတာတွေအတွက် Primer ကို အသုံးပြုချင်တာဆိုရင်တော့ အဲဒီအတွက် ထုတ်ထားပေးတဲ့ Primer ကို ရွေးချယ်ပြီးတော့ အသုံးပြုပေးနိုင်ပါတယ် ယောင်းတို့ရေ… အရေးအကြောင်းအတွက်ကို ဦးစားပေးတယ်ဆိုပေမယ့်လည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီသည်၊ မကိုက်ညီသည်ကိုလည်း သေချာ စစ်ဆေးဖို့ မမေ့နဲ့နော်… Primer မဝယ်ခင်မှာ မိတ်ကပ် ဖောင်ဒေးရှင်းကို water based လား oil based လား တစ်ချက်စစ်ကြည့်ပြီး base တူညီတဲ့primer အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ… မဟုတ်ရင်တော့ မိတ်ကပ်ကွက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်တဲ့ ယောင်းတို့ရေ…

  • ကွန်စီလာ ကောင်းကောင်းကို အသုံးပြုပေးပါ

ကိုယ်နဲ့ လိုက်ဖက် သင့်လျော်မယ့် ကွန်စီလာကောင်းကောင်းကို ရွေးချယ်ပြီးတော့ အသုံးပြုပေးခြင်းက အသားအရေမညီတာတွေ ၊ မျက်ကွင်းညိုတာတွေကို ကောင်းကောင်း ဖုံးပေးနိုင်ပါတယ်… မျက်ဝန်းကို လန်းဆန်းစေပြီး ပိုလှစေတာကြောင့် သေချာပေါက် ကွန်စီလာကောင်းကောင်းလေးကို အသုံးပြုပေးရမှာပါ ယောင်းတို့ရေ… တစ်ခု သတိထားပေးဖို့ လိုတာက အသက်ရလာတာနဲ့ အမျှ အသားအရေက ပိုပြီးခြောက်သွေ့ လာတဲ့အပြင် အရေးအကြောင်းတွေကလည်း ပိုပြီးသိသာထင်ရှားလာတာကြောင့် အရည်အမျိုးအစားကွန်စီလာကို ရွေးချယ်ပြီးတော့ အသုံးပြုပေးဖို့လိုပါတယ်နော်…မျက်နှာပေါ်က အရေးအကြောင်းတွေ ဖုံးချင်လို့မှ ကွန်စီလာလိမ်းပါတယ်ဆို ထူပြီးကွက်သွားလို့တော့ ဘယ်ဖြစ်မလဲနော်.. ဒါကြောင့် Primer ကို အောက်ကခံပြီးကာမှ ကွန်စီလာကို ပါးပါးလေးလိမ်းတာက ယောင်းတို့အတွက် အကောင်းဆုံး အကာအကွယ်ဖြစ်လာမှာပါ။

Related Article >>> မိတ်ကပ်ပစ္စည်းလေးတွေကို ဘယ်လိုသန့်စင်ကြမလဲ

ဒါတွေပြီးသွားရင်တော့ မျက်လုံးဘက် လှည့်ကြရအောင် ယောင်းတို့ရေ.. ဘယ်အသက်အရွယ်မှာမဆို မျက်လုံးအလှက အရေးအကြီးဆုံးပဲ မဟုတ်လား။ အသက်ရလာပြီဆိုရင်လည်း မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေက အရင်ဆုံးပေါ်လာတာမို့ မျက်လုံးအလှကို သေချာ ဂရုစိုက်ပြင်ဖို့ လိုပါတယ်ယောင်းရေ…

  • အရောင်တောက်တောက် အိုင်းရှဲဒိုးတွေ အသုံးမပြုပါနဲ့ 

အရောင်တောက်တောက် အိုင်းရှဲဒိုးတွေထက် အရောင်နုနု အိုင်းရှဲဒိုးတွေက ယောင်း မျက်ဝန်းအလှ ကို ပိုပြီးတော့ ပေါ်လွင်စေမှာပါ… မီးခိုးရောင် ဒါမှမဟုတ် အညိုရောင်တွေက ယောင်းမျက်ဝန်းလေးကို နွမ်းလျနေတဲ့ပုံစံပေါက်စေမှာကြောင့် လုံးဝ အသုံးမပြုပါနဲ့ … အရောင်နုနုလွင်လွင်လေးတွေက ယောင်း မျက်ဝန်းကို ပုံမှန်ထက် ပိုတောက်ပနေစေမှာပါ။ ပိုလှသွားမှာလည်း အသေအချာပါပဲနော်… ဖြစ်နိုင်မယ်ဆိုရင်တော့ matte အမျိုးအစား အိုင်းရှဲဒိုးကို အသုံးပြုပေးတာ အကောင်းဆုံးပါပဲ… Shimmer အမျိုးအစား အိုင်းရှဲဒိုးတွေကတော့ မျက်ဝန်းနားက အရေးအကြောင်းတွေကို ပိုပြီး အာရုံစိုက်မိစေပါတယ်တဲ့ကွယ်..

  • အိုင်းလိုင်နာကို သေချာ သတိထားဆွဲပေးပါ

အိုင်းလိုင်နာဆွဲတဲ့နေရာမှာ အရမ်းထင်းနေအောင်ပုံဖော်တာမျိုးတွေ မလုပ်ပါနဲ့တော့ ယောင်းရေ… Liquid Eyelinerတွေက မျက်ဝန်းအတွက်ဆို ဆွဲဆောင်မှုရှိပြီး လှနေစေအောင် အကူအညီပေးနိုင်တာဖြစ်ပေမယ့် အသက် ၄၀ ကျော်တဲ့ ယောင်းယောင်းတွေ အတွက် တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ မျက်ဝန်းအလှကို ပိုင်ဆိုင်စေမှာကတော့ Gel အမျိုးအစား အိုင်းလိုင်နာလေးပါ… တတ်နိုင်သလောက် မျက်တောင် နားမှာ ကပ်ပြီးတော့ အိုင်းလိုင်နာဆွဲပေးပါ… အိုင်းလိုင်နာ ခပ်ထူထူကြီးဆွဲတာနဲ့စာရင် ခပ်ပါးပါး လေးဆွဲပေးတာက ယောင်းကို ပိုပြီး ကျက်သရေတိုးစေ၊ အလှတိုးစေပါတယ်တဲ့ကွယ်..

  • အမည်းရောင် မျက်တောင်ကော့ဆေးကို အသုံးပြုပါ

အညိုရောင်မျက်တောင်ကော့ဆေးက ယောင်းကို သဘာဝဆန်ဆန် နဲ့ လှတဲ့မျက်ဝန်းတစ်စုံကို ပေးစွမ်းနိုင်မှာဖြစ်ပြီး အမည်းရောင် မျက်တောင်ကော့ဆေးကတော့ မျက်ဝန်းလေး ထင်းပြီး လှနေစေပါတယ်… အသက် ၄၀ ကျော်လာတဲ့အခါ မျက်ဝန်းနားက အရေးအကြောင်းက ငယ်စဉ်ကထက် ပိုပြီးသိသာထင်ရှားလာတာကြောင့် အမည်းရောင်မျက်တောင်ကော့ဆေးက ယောင်းအတွက် ပိုပြီး သင့်တော်လာပါလိမ့်မယ်… အမည်းရောင် မျက်တောင်ကော့ဆေးက တက်ကြွလန်းဆန်းတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်စေသလို ယောင်းရဲ့မျက်ဝန်းအလှကိုလည်း ပိုထင်ရှားစေပါတယ်… မျက်တောင်ကော့တဲ့နေရာမှာလည်း  အောက်မျက်တောင်ကို မကော့မိအောင် သတိထားပါယောင်းရေ… အောက်မျက်တောင်ကို ကော့လိုက်တဲ့အခါ မျက်တောင်ကော့ဆေး အမည်းတွေက မျက်ဝန်းအောက်မှာ ပေကျံသွားတတ်ပြီး ဒီအခြေအနေက မျက်ဝန်းကို နွမ်းလျနေတဲ့ပုံ ပေါက်စေလို့ပါ…

Related Article >>> မိတ်ကပ်မလိမ်းခင် လုပ်သင့်တဲ့ skincare အဆင့်(၆)ဆင့်

  • မျက်ခုံးမွှေးကို သေချာအာရုံစိုက်ပြီး ပုံဖော်ပေးပါ။

ယောင်းမျက်ဝန်းလေးအလှတရားထင်ရှားနေစေဖို့ အတွက်ကတော့ မျက်ခုံးလှလှလေးတစ်စုံက အများကြီး အကူအညီဖြစ်စေပါတယ်… အသက်အရွယ်အလိုက် မျက်ဝန်းနားမှာ အရေးအကြောင်းတွေ ပေါ်လာတာ ကြောင့် အိုင်းရှဲဒိုးလှလှလေးတွေ ချယ်ပြီးတော့ မျက်ဝန်းအလှကို ပုံဖော်ဖို့ အတွက် ဆိုတာက သိပ်တော့ မလွယ်တဲ့ အရာပါ… အဲ့ဒါအပြင် မျက်ဝန်းအနားကို လိုတာထက် အာရုံပိုစိုက်တာမျိုးမဖြစ်စေဖို့အတွက် မျက်ခုံးကိုသေချာလေးပုံဖော်ပေးပါနော်… မျက်ခုံးမွှေးဆွဲတဲ့ခဲတံကို အသုံးပြုပြီးတော့ ပုံဖော် တာထက် Eyebrow Powder ကို အသုံးပြုပြီးတော့ ပုံဖော်ပေးတာက ပိုနူးညံ့ပြီး သဘာဝဆန်တဲ့ မျက်ခုံးလှလှတစ်စုံကို ရရှိနိုင်စေပါတယ် ယောင်းရေ..

ဒီနည်းလမ်းလေးတွေက ယောင်းရဲ့ နေ့ စဉ် မိတ်ကပ်ပြင်ဆင်တဲ့နေရာမှာ အကူအညီ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…

အလှတရားတွေ ဆထက်တိုး ပိုင်ဆိုင်နိုင်ကြပါစေနော်…

Akari (For Her Myanmar)

Source – makeup, wikihow, youbeauty

error: Content is protected !!