ကမ္ဘာ့ပျော်စရာအကောင်းဆုံးပွဲတော် (သို့) ခရမ်းချဉ်သီးပွဲတော်

သူ့သမိုင်းကြောင်းကလည်း ခပ်ဆန်းဆန်းလေးရယ်..

ကမ္ဘာအရပ်ရပ်မှာ ပုံစံမျိုးစုံနဲ့ ရိုးရာပွဲတော်၊ ခေတ်သစ်ပွဲတော်အမျိုးစုံရှိကြတယ်နော်။ အဲ့ဒီလိုပွဲတော်တွေကြားမှာ ထူးခြားပြီး လူကြိုက်များတဲ့ စပိန်က ခရမ်းချဉ်သီးပွဲတော်ကတော့ နာမည်ကြီးပေါ့… ရိုးရာပွဲတော်မဟုတ်ပေမဲ့ လူကြိုက်အရမ်းများပြီးနှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်းများစွာလာရောက်တဲ့ ပွဲတော်ဖြစ်ပါတယ်။

ဒီပွဲတော်စတင်ဖြစ်ပေါ်လာတာက ၁၉၄၅ ခုနှစ်မှာ လူငယ်တစ်စု ရန်ဖြစ်ပြီး နီးစပ်ရာ သစ်သီးတွေနဲ့ တစ်ဦးကို တစ်ဦး ပစ်ပေါက်ရာက စတင်လာတယ်ဆိုရမှာပါ။ အဲဒီလူငယ်တွေဟာ သစ်သီးတန်းက ခရမ်းချဉ်သီးတွေနဲ့ ရန်ငြိုးတကြီးပစ်ပေါက်ကြရာက ဘေးလူတွေ ဝိုင်းဆွဲမှ ရပ်တန့်သွားကြပါတယ်။ အဲဒီတုန်းက ဒေါသနဲ့ရန်ဖြစ်တာဆိုပေမဲ့ နောက်နှစ် အဲဒီအချိန်ကို ပြန်ရောက်တဲ့အခါ အဲဒီ လူငယ်တစ်စုက အရင်နှစ်က ဖြစ်ခဲ့တဲ့ ပုံစံအတိုင်း အရင်နေရာမှာပဲ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ဆော့ကစားကြပါတော့တယ်။

အဲဒီလိုနဲ့ နှစ်စဉ်နှစ်တိုင်း တစ်ဦးကိုတစ်ဦးခရမ်းချဉ်သီးတွေနဲ့ အပျော်ပစ်ပေါက်ကြရင်း ဒီနေ့ခေတ်ရဲ့ ခရမ်းချဉ်သီးပွဲတော်ဖြစ်ပေါ်လာတာပါ။ ၁၉၅၀ ကျော်နှစ်များမှာ အာဏာပိုင်တွေက ခရမ်းချဉ်သီးပွဲတော်ကို ပိတ်ပင်ခဲ့ကြပေမဲ့ ရပ်ရွာလူထုက ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အာဏာပိုင်တွေက ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ အခုတော့ ခရမ်းချဉ်သီးပွဲတော်ဟာ စပိန်နိုင်ငံကို နှစ်စဉ် နိုင်ငံခြားဝင်ငွေများစွာ ရှာပေးနိုင်တဲ့ ပွဲတော်တစ်ခုဖြစ်လာပါပြီ။

ခရမ်းချဉ်သီးပွဲတော်ရဲ့မူရင်းဒေသက စပိန်နိုင်ငံ Buñol မြို့ကနေ စတင်ခဲ့တာဖြစ်ပေမဲ့ ဒီနေ့ခေတ်မှာတော့ အမေရိကန်၊ ကိုလံဘီယာ၊ အိန္ဒိယ အစရှိတဲ့နိုင်ငံတွေမှာပါ အတုယူဆင်နွှဲနေကြပြီဖြစ်ပါတယ်။ ခရမ်းချဉ်သီးပွဲတော်ကျင်းပပြီဆိုရင် တစ်ဦးကိုတစ်ဦး ခရမ်းချဉ်သီးတွေနဲ့ တစ်နာရီနီးပါး မနားတမ်း ပစ်ပေါက်ကြပါတော့တယ်။ ခရမ်းချဉ်သီးနဲ့ အားရပါးရပစ်ပေါက်လို့ပြီးပြီ ဆိုရင်တော့ အဆင်သင့်စောင့်နေတဲ့ မီးသတ်ကားတွေက ပွဲတော်ဆင်နွှဲသူတွေကို ရေတွေနဲ့ ပက်ဖြန်းပြီး ခန္ဓာကိုယ်ပေါ်ပေပွနေတဲ့ ခရမ်းချဉ်သီးတွေကို ဆေးကြောပေးပါတယ်။

Related Article >>> ဂျပန်နိုင်ငံရဲ့ အိပ်မက်ကမ္ဘာထဲက ပန်းဥမင်

အပျော်ဆင်နွှဲကြတဲ့ပွဲတော်ဆိုပေမဲ့ စည်းကမ်းမဲ့ ဆင်နွှဲကြတာမျိုးမဟုတ်ဘဲ သူ့ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေနဲ့ ပျော်ပါးကြတာပါ။ ခရမ်းချဉ်သီးပွဲတော်မှာ လိုက်နာကြရမယ့် စည်းကမ်းတွေက …

၁။ ခရမ်းချဉ်သီးကလွဲရင် အခြားမာကျောတဲ့ ပစ္စည်းတွေနဲ့ မပစ်ပေါက်ရပါဘူး။

၂။ အပေါက်ခံရတဲ့သူ မနာအောင် ခရမ်းချဉ်သီး မှည့်မှည့်အိအိကို သုံးပြီး ပေါက်ရသလို မပေါက်ခင် ဖိခြေရပါမယ်။

၃။ ပွဲစီစဉ်သူတွေက ပွဲတော်ရပ်တန့်ဖို့ အချက်ပေးတာနဲ့ ရပ်တန့်ရပါမယ်။

၎။ ပွဲစီစဉ်သူတွေ လုံခြုံရေးတွေက နှစ်စဉ် ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်။

အစရှိတာတွေပဲ ဖြစ်ပါတယ်။ တစ်ဦးကို တစ်ဦး ပျော်ရွှင်စွာ ပစ်ပေါက်ကြတဲ့အခါမှာ အပျော်ကနေ အပျက်မဖြစ်ရအောင် လုံခြုံရေးတွေက ထိန်းသိမ်းစောင့်ကြပ်နေကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ချပျော်ရွှင်စွာ ဆင်နွှဲကြတာပေါ့နော်။

ဒီပွဲတော်ကို စိတ်ဝင်စားတယ်၊ ဝင်ရောက်ဆင်နွှဲလိုတယ်ဆိုတဲ့ ယောင်းတို့ကို ဒီနှစ်အတွက် ခရမ်းချဉ်သီးပွဲတော်ကာလ နီးကပ်နေပြီဆိုတာလက်တို့ပါရစေနော်။ ခရမ်းချဉ်သီးပွဲတော်ကို နှစ်စဉ်သြဂုတ်လကုန်ခါနီးတိုင်းမှာ ကျင်းပပါတယ်နော်။ ခရမ်းချဉ်သီးပွဲတော်ကိုသွားဖြစ်ခဲ့တယ်ဆိုရင် ဓာတ်ပုံတွေရိုက်လာပြီး အက်ဒမင့်ကိုလာပြပါဦး… ကြည့်ချင်လို့ပါလို့စ် :*

Sugar Cane (For Her Myanmar)

References : hanovertomatofestivalwikipedia

No Comments Yet

Comments are closed