ပထမဦးဆုံး အလုပ်စဝင်တဲ့သူတစ်ယောက်ရဲ့ အခက်အခဲများ

လွဲချက်တစ်ပေါက် လျှမ်းလျှမ်းကိုတောက်နေရောပဲ 😛

ကိုယ်က တစ်သက်လုံး အိမ်မှာပဲ ကပ်စား၊ ကပ်နေပြီး အလုပ်လုပ်မယ်ဟေ့လို့ ဆုံးဖြတ်ရင်း အလုပ်တွေဘာတွေဝင်လုပ်တဲ့အခါ ပထမဆုံးအနေနဲ့ အခက်အခဲတွေ အများကြီး ကြုံတတ်ကြမှာပဲနော်။ ပိုဆိုးတာက နှင်းတို့ဆီမှာ အချိန်ပိုင်းအလုပ်တွေက ခေတ်မစားသေးဘူးဆိုတော့ကာ အလုပ်စစဝင်ချင်းဆို မျက်လုံးအပြူးသားနဲ့ ဟိုကြောင်ကြည့် ဒီကြောင်ကြည့်ပဲ ဖြစ်တတ်တာ သဘာဝပါပဲ။ နှင်းအခုဆိုရင် For Her မှာအလုပ်လုပ်တာ ၈ လ၊ ၉ လနီးပါးရှိနေပြီဆိုတော့ ပထမဆုံး ဝင်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ အလွဲပေါင်း သောင်းခြောက်ထောင်ကို ပြန်အမှတ်ရရင်း ရယ်ရခက်၊ ငိုရခက်အဖြစ်လေးတစ်ချို့ကို ဒီဆောင်းပါးထဲမှာ တင်ဆက်သွားမှာပါ။

(၁) ခြေစောင့် လက်စောင့်ဆိုတာ အဲ့တော့မှ သိတယ်။ 

ကိုယ်က စစချင်း အလုပ်လုပ်တော့မှာဆိုတော့ လစာကလည်းမရသေး ဒီကြားထဲ မုန့်ဖိုးကလည်း လက်ထဲမှာ တစ်ပြားမှမရှိဘူးဆိုရင် သွားရလာရတာ အခက်အခဲဖြစ်တတ်ပါတယ်။ (နှင်းဆိုရင် လလယ်လောက်ကြီး ရုတ်တရက် အလုပ်ဝင်လိုက်တာဆိုတော့ မုန့်ဖိုးကလည်းကုန်၊ လခကလည်း မရသေးတော့ သုံးစရာမရှိဘဲ တိုင်တွေပတ်တာပတ်တာဆိုတာ။ တော်သေးတယ် အိမ်က ထမင်းချိုင့်လေးထည့်ပေးလို့ မဟုတ်ရင် ရေသောက်ဗိုက်မှောက်နေရမှာ။) ဘယ်လောက်ပဲ ရုံးမှာ ထိုင်ရတယ်ပြောပြော ရုံးက အုပ်စုလိုက် ဟိုသွားဒီသွားဆို ကိုယ့်မှာ ဘတ်စ်ကားခကလွဲ အပို တစ်ပြားမှ မပါတဲ့အခါ အခုမှ အသစ်ဝင်တာဆိုတော့ ပိုက်ဆံချေးပါလို့လည်း သွားပြောလို့လည်းမကောင်း ဘယ်သူ့ကို ပြောရမှန်းလည်း မသိနဲ့ မျက်နှာဆီးရွက်လောက်နဲ့ အပူလုံးကြွရပါတယ်။ ဒီတော့ အိတ်ဟောင်းလောင်းသွားလာနေတာထက် အိတ်ထဲမှာ ၅၀၀၀ လောက်တော့ အနည်းဆုံးထည့်ထားရင်ပိုကောင်းပါတယ်လို့။ 

(၂) စာချုပ်မှာလက်မှတ်သာထိုးပေးလိုက်တာ အဲဒီထဲက အကြောင်းအရာတွေ တစ်ခုမှမသိဘူး။

လိမ်စားချင်တဲ့လူဆို ဒေါ်နှင်းအိဦးတို့ အဲဒီနေရာမှာတင် ငုတ်တုတ်သေနေပြီ။ အကြောင်းအရာဘာတစ်ခုမှ မရှိဘဲနဲ့ လက်မှတ်ကောက်ထိုးထည့်လိုက်တာဗျား။ (သထိန်းက ရောင်းစားလိုက်ရင်တောင် ခံရလောက်တယ် :P) နောက်ပြီး လူမှုဖူလုံရေးကဒ်ပြား SSB ကို တစ်လတစ်ခါ ပိုက်ဆံဆောင်ရမှန်းစသိတဲ့ အချိန်တုန်းက ဒေါသတွေထွက်တာဆိုတာ အသားပါတုန်တယ်။ (ကိုယ်အလုပ်လုပ်ပြီး ရတဲ့ ပိုက်ဆံကို အသားလွတ် ဖြတ်သွားတယ် ထင်တာကိုး) ဒါပေမဲ့ ယောင်းယောင်းလေးတွေကတော့ လက်မှတ်ထိုးခါနီး စာချုပ်မှာပါတဲ့ အချက်အလက်တွေကို သေချာဖတ်ပြီး စာချုပ်တစ်ခု ယူထားပါ။

Related Article >>> အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

(၃) အလုပ်သဘောတရားတွေကို တစ်စက်မှနားမလည်ဘူး။

နှင်းက ဒီဝက်ဘ်ဆိုဒ်မှာ အလွတ်တန်းသဘောနဲ့ စာအရင် ဝင်ရေးပြီးမှ အလုပ်ဝင်တာတောင် လုပ်ငန်းသဘောသဘာဝကို နားလည်ဖို့က အရမ်းခက်ခဲပါတယ်။ စာရေးတယ်ဆိုတာလည်း အရင်တုန်းကတော့ ကိုယ်ရေးချင်သလို ပရမ်းပတာတွေ ရေးခဲ့ပေမဲ့ ရုံးထိုင်လိုက်တဲ့အခါမှာ အယ်ဒီတာမမတွေက ဘယ်လိုရေးဘာညာနဲ့ သေချာပြင်ခိုင်းတော့ အရေးအသားလည်း တက်လာသလို ပင်လည်းတကယ် ပင်ပန်းပါတယ်။ ဒါပေမဲ့လည်း ဒီလို ပြုပြင်ရင်းကမှ အများကြီးတိုးတက်လာတော့ ပင်ပန်းရကျိုးနပ်ပါတယ်နော်။ ယောင်းတို့ အလုပ်စဝင်ရင်လည်း အလုပ်များများခိုင်းတဲ့လူအနားမှာနေပါ။ သူများများခိုင်းမှ အလုပ်အကြောင်းနားလည်ပြီး ကိုယ့်အရည်အချင်းတက်မှာလေ။

(၄) စကားသိပ်မပြောရဲဘူး။

စပြီး အလုပ်ဆင်းတဲ့အချိန်တုန်းကဆိုရင် တစ်ရုံးလုံးနဲ့စကားမပြောဘဲ နားကြပ်ကြီးတပ်ပြီး ကုပ်ကုပ်လေးနေတာ။ (အမှန်တော့ သိပ်မငြိမ်ပါဘူး။ ရွှီရှောင်ပေါ့ :P) တစ်သက်လုံး ဒါသင်၊ ဒါကျက် ပုံစံခွက်ထဲမှာ နေခဲ့ရတာမလား? အဲဒါကြောင့် အကြံလေးတွေပေးပါဦးဆိုရင်လည်း ရေငုံနှုတ်ပိတ်၊ ထင်မြင်ချက်လေး ပြောပါဦးဆိုရင်လည်း ပါးစပ်ကမဟ၊ (နောက်ပိုင်းမှ ကရားရေလွှတ် တတွတ်တွတ်ပြောတာကတော့ တစ်ပိုင်းပေါ့နော် :P) ဒါပေမဲ့ တော်တော်များမျာ အလုပ်စဝင်ကြရင်တော့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့တောင် တော်တော်ခက်ခဲနေတတ်ကြတာ တွေ့ရတယ်။ မဖြစ်ပါနဲ့လို့။ ဘယ်သူမှ ယောင်းတို့ကို ကိုက်မစားပါဘူးရယ်။

(၅) အလုပ်ခွင်မှာနေရင်း comfort zone ထဲရောက်ပြီး စိတ်ဓာတ်ကျလာတတ်တယ်။

ပထမသုံး လေးလလောက်မှာတော့ တက်ကြွတဲ့ကြက်ဖပေါ့။ ၆လလောက်လည်းကြာရော အစောကြီးထရလို့၊ အပြင်သွားဖို့အချိန်မရှိတော့လို့ ကိုယ်ကအများကြီး မျှော်လင့်ကြိုးစားပြီး လုပ်ပေမဲ့ ဘာမှဆက်မဖြစ်လာတာတို့ စသည်ဖြင့် အကြောင်းအရင်းပေါင်းစုံနဲ့ စိတ်ဓာတ်တွေက တဖုန်းဖုန်း ကျလာတတ်ပါတယ်။ အလုပ်ပဲ ချက်ချင်းပြေးထွက်ရတော့မလိုလို၊ ကံကြမ္မာကြီးကပဲ ကိုယ့်တစ်ယောက်တည်းကို ကံဆိုးမိုးမှောင်ကျခိုင်းနေသလိုလို၊  ရွာသာကြီးပဲ အလည်သွားရတော့မလိုလို ဒရာမာတွေ ဇွတ်ချိုးတတ်တဲ့ ကာလပေါ့။ စိတ်မပူပါနဲ့ တစ်လလောက်ကြာရင် အရာရာပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။

Related Article >>> အင်တာဗျူးဖြေပြီးတဲ့နောက် အကြောင်းမပြန်တော့တဲ့ အကြောင်းရင်း (၈) ချက်

(၆) ပင်ပန်းတယ်။

တစ်သက်လုံး အိမ်မှာ မိဘမုန့်ဖိုးလေးတောင်း ခိုင်းတာလေး ခဏလောက်လုပ်ပြီး  ကြော့ကြော့လေးနေလာတာလေ။ အခုမှ သူများပိုက်ဆံယူပြီး အလုပ်လုပ်တာဆိုတော့ ကိုယ်ယူထားတာနဲ့တန်အောင်တော့ အားစိုက်ထုတ်ရမှာပါပဲ။ စိတ်ရော လူရောပင်ပန်းတာမို့ လုပ်ငန်းခွင်မဝင်ခင်ကတည်းက ကြိုပြီး ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ နောက်ပြီး ခါတိုင်းက နေဖင်ထိုးအောင်အိပ်၊ နေ့လယ်လောက်ထရာကနေ အခုဆို ၇ နာရီ၊ ၈ နာရီလောက်ကတည်းက ထနေရတာဆိုတော့ ပင်ပန်းတာပေါ့လေ။

ဒါလေးတွေက နှင်းပထမဆုံးလုပ်ငန်းခွင်ဝင်တုန်းက ဖြစ်ခဲ့တဲ့ အတွေ့အကြုံလေးတွေပေါ့။ နောက်ပြီး အမှားတွေလည်း အများကြီးလုပ်ခဲ့မိတယ်။ ဒါပေမဲ့လည်း အကြီးတွေက သည်းခံပြီး သေချာပြုပြင်ပေးခဲ့လို့ အခုတော့ အများကြီးတိုးတက်လာပြီလေ။

ယောင်းတို့လည်း ပထမဆုံး အလုပ်ဝင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် comfort zone ထဲရောက်မသွားအောင် အမြဲ စိန်ခေါ်မှုအသစ်တွေကို တစ်ခုပြီးတစ်ခုဖန်တီးပါ။ မနေ့က ‘ငါ’ ထက် ဒီနေ့ ‘ငါ’ ကပိုတော်နေအောင် အမြဲယှဉ်ပြိုင်ရင်းကြိုးစားပါ။ မှားမှာကို မကြောက်ပါနဲ့ ထပ်ခါထပ်ခါ မမှားအောင်ပဲ ဂရုစိုက်ပြီး လူတိုင်းကိုလေးစားသမှုနဲ့ ဆက်ဆံရင်း ကိုယ်ပြောစရာရှိတာကို ရဲရဲဝံ့ဝံ့ပြောနိုင်ပြီဆိုရင်တော့ လုပ်ငန်းခွင်မှာ အဆင်ပြေပါလိမ့်မယ်နော်။ 

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed