မုန့်ဟင်းခါး Operation ( အပိုင်း – ၂ )

အခွင့်အရေးကို အသုံးချမယ့် သူက မောင်လား … မောင့်အမေ လားဆိုတာတော့ မကြာခင် သိရမှာပေါ့မောင်ရယ်…. 

“ ချစ်ရေ … မေမေက အိမ်မှာ ဘုရားပင့် ဘုန်းကြီးပင့် ပရိတ်ရွတ်ပြီး အလှူလုပ်မလို့တဲ့…. အဲဒါ ချစ်ကို ဖိတ်ခိုင်းလိုက်တယ်ဗျ ။”

ပြုံးရွှင်စွာနဲ့ သတင်းစကားပါးလာတဲ့ ချစ်သူကို ကြည့်ရင်း သူ(မ) ပြုံးလိုက်မိသည်။ သူ့မေမေက တကူးတက ဖိတ်ခိုင်းသည်ဆိုတော့ မီးစိမ်းပြသည့် သဘောမို့ ချစ်သူပျော်နေသည်ကို သူ(မ)လည်း နားလည်နေသည်လေ ။ သို့သော် …

“ အလှူနေ့ မတိုင်ခင် ညတည်းက အိမ်မှာ လာအိပ်လို့ ရမလား ချစ် … မေမေက မိသားစုလေး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နဲ့ အလှူအတွက် ပြင်ဆင်ကြမယ်တဲ့.. ပိုပြီးလည်း ရင်းနှီးတာပေါ့တဲ့ ။ မေမေက ချစ်ကို သဘောကျပုံရတယ် ချစ်ရေ … ဧည့်သည်လို မဟုတ်ဘူး မိသားစုလိုပါ သဘောထားခေါ်တာတဲ့နော်… အမျိုးတွေလည်း အများကြီးလာမှာ တကယ့်ကို ဆွေပြမျိုးပြပဲထင်တယ်“

အင်း … ဒီကိစ္စက ဒီလောက်မရိုးရှင်း ။ တစ်ခုခုတော့ အကြောင်းရှိရမည် ။ တစ်ခါမှ အပြင်မှာမတွေ့ဖူးတဲ့ ချွေးမလောင်းကို အိမ်ခေါ်သိပ်တယ် ။ အဲဒီညကလည်း အလှူအတွက် ပြင်ဆင်ရမယ့် ညဆိုတော့ကာ…. အနီးကပ်အကဲခတ်ဖို့ကလွဲ အခြားမဖြစ်နိုင် ။ မောင်ကတော့ နဂိုတည်းက ရိုးလွန်းတဲ့အပြင် သူ့ အမေကို သိပ်ချစ်သူမို့ သူ့ အမေမှာ အခြား အကြံအစည် ရှိသည်ကိုလည်း ရိပ်မိပုံမရ ။ သူမ ငြိမ်ရင်းတွေးနေမိသည်ကို မောင်က

“ ချစ် ဘာတွေစဉ်းစားနေတာလဲ ။ မေမေက အပြောဆိုးတယ်ထင်ရပေမဲ့ စိတ်ထားကောင်းပါတယ် ။ ချစ်နဲ့ ရင်းနှီးရင် သိသွားမှာပါ ။ မောင်လည်း ရှိနေမှာပဲဟာ ။ အဓိကက မောင်နဲ့ တစ်ညလုံးရော နောက်နေ့ တစ်နေ့လုံးပါ အတူတူရှိနေရမှာ ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ ။ မောင့်မေမေနဲ့ ရင်းနှီးအောင် မောင်ဖန်ပေးမယ် ။ ဒီအခွင့်အရေးကို အသုံးချပြီး မောင်တို့ အမြန်ဆုံးနီးရအောင် ကြိုးစားကြမယ်လေကွာ နော်“

အခွင့်အရေးကို အသုံးချမယ့် သူက မောင်လား … မောင့်အမေ လားဆိုတာတော့ မကြာခင် သိရမှာပေါ့မောင်ရယ်….

“ အင်း ဟုတ်ပြီလေ ။ ချစ် အိမ်ကို အရင်ခွင့်တောင်းလိုက်ဦးမယ် ။ ပြီးရင် လာခဲ့မယ်နော်”

“ပျော်လိုက်တာ … ပြီးတော့ ချစ်လိုက်တာ အချစ်ရယ် …”

တင်းတင်းကြပ်ကြပ် ဖက်လိုက်တဲ့ မောင့်ရဲ့ ရင်ခွင်ထဲမှာ သူမ အရင်ကလို ကြည်နူးစွာ ပျော့တွယ် မမှီနွဲ့မိဘဲ သက်ပြင်းတစ်ရှိုက်သာ မှုတ်ထုတ်လိုက်မိလေသည်။

Related Article >>> မုန့်ဟင်းခါး Operation ( အပိုင်း – ၁ )

အလှူနေ့ မတိုင်ခင် ည

သူ(မ) မောင့်လက်ကို ဆွဲပြီး မြို့ စွန်မှာရှိတဲ့ စက်ရုံဝင်းထဲက မောင့်မိဘ အိမ်ကိုရောက်သွားစဉ်မှာတော့ မောင့်ညီနဲ့ အတူ ပါလာတဲ့ မိန်းကလေး တစ်ယောက်ပါရောက်နေသည်ကို တွေ့လိုက်ရသည် ။ အော်  ဘဝတူချင်းလာတွေ့နေသည်ပဲ ။

သူ(မ)ပြုံးပြလိုက်တော့ ထိုမိန်းကလေးကလည်း ပြန်ပြုံးပြသည် ။ ငယ်ဂုဏ်နဲ့ ချစ်ဖို့ကောင်းလှသည့် ထိုမိန်းကလေးက သူ(မ)ထက်တော့ ပိုချောပိုလှသည်မှာ အမှန်ပင် ။ သို့သော် သူ(မ)ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကတော့ အပြည့်ပါ။ ငယ်ကတည်းက ပညာတတ်မိဘတွေရဲ့ လက်အောက်မှာ ကြီးပြင်းခဲ့တဲ့သူမက ထက်မြက်ပြီး ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်အောင် သွန်သင်ဆုံးမခံခဲ့ရတာမို့ လက်ရှိ အသက် ၂၈ နှစ်အရွယ်မှာ မောင့်ရဲ့ နည်းပညာ Company က သာမန်ထက် ပိုများတဲ့လစာနဲ့ Programming Department ရဲ့ မန်နေဂျာအဖြစ်  သူ(မ)ရပ်တည်နေနိုင်ခဲ့သည်။

မောင်နဲ့ မတွေ့ခင်ထိ သူ(မ)ကို ပိုးပန်းကြသူတစ်ပုံတစ်ပင်ကြား တည်ငြိမ်စွာနေခဲ့ပြီး သူ(မ)ထက် ရာထူးကြီးတဲ့ မောင့်ကို Respect ရှိရှိနဲ့ ရိုးရိုးသားသား ဆက်ဆံခဲ့ပေမဲ့ သူ(မ)ရဲ့ တည်ကြည်မှုကို သတိထားမိတဲ့ မောင့်ဘက်က စပြီး သူ(မ)နားကို ချဉ်းကပ်လာခဲ့တဲ့အခါ မောင့်ရဲ့ ရိုးသားပြီး ချစ်ခင် ဂရုစိုက်မှုတွေထဲ သူ(မ) အချစ်ကို ကိုးကွယ်မိသည်လေ ။ မိဘတွေကို အရာရာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နေကျအတိုင်း ပြောပြခဲ့ပေမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးထားသည်မို့ သူ(မ)ကို ယုံတဲ့ မိဘတွေကလည်း ထွေထွေထူးထူး မပြောဘဲ လက်ခံပေးခဲ့တာပါ ။

ထွေထူးသည်ကတော့ မောင့်အမေ ။ မောင့်ဆီကနေ တစ်ဆင့်ကြားရသလောက် မောင့်ဖေဖေက အနေအေးသလောက် မောင့်မေမေက အလွန် သွက်သည်ဟု… မောင် ပြောပြတာတွေကို စပ်ဟပ်တွေးတောကြည့်တော့ မောင်တို့ ညီအစ်ကိုကို အရမ်းချစ်လွန်းပြီး အတ္တကြီးတဲ့ အမေတစ်ယောက်ဟန်က မျက်လုံးထဲ ပုံပေါ်လာမိသည် ။ သို့သော် သူမ စိတ်ထင်သာ ။ တကယ်တမ်းက ဘယ်လိုလဲ ဆိုတာ ဒီနေ့မှာတော့ နဖူးတွေ့ ဒူးတွေ့ ဆုံရတော့မည် ။

“ သုတ … မေမေရောကွ”  မောင်က သူ့ညီဘက် မေးဆတ်ရင်း မေးလိုက်သည်။

“ လိုတာလေး သွားဝယ်တယ်ပြောတာပဲ ဖေကြီးကတော့ ။ ကိုကြီး ဒါကျွန်တော့် ချစ်သူလေ… နိုနို တဲ့ ။ “

“ သြော် … တွေ့ရတာ ဝမ်းသာပါတယ် ညီမလေး ။ ဒါက ကိုကြီးရဲ့ ချစ်သူ နဒီချစ် တဲ့ ။ “

သူ(မ) ပြန်နှုတ်ဆက်လိုက်တော့ သုတတို့ စုံတွဲလေးကလည်း ပြုံးပြုံးရွှင်ရွှင် ပြန်လည် နှုတ်ဆက်လေသည်။

ဒီလိုနဲ့ စကားတပြောပြော ထိုင်စောင့်နေလိုက်ကြတာ တစ်နာရီကျော်ကြာတဲ့ထိ မောင့်အမေက ပြန်ရောက်မလာသေး… ညလည်းတစ်ဖြည်းဖြည်းနက်လာပြီ ။ အလှူအတွက် ပစ္စည်းတွေ တစ်ပုံတစ်ပင်ကတော့ မီးဖိုခန်းထဲ ဟိုနားသည်နား စုပုံထားပြီး ဘာမှမထိမကိုင်ရသေးသည်မို့ သူ(မ)စိတ်ထဲ အန္တရာယ် အငွေ့ အသက်ကို ခံစားမိလိုက်သည် ။ ဟိုသုံးယောက်ကတော့ အေးအေးဆေးဆေးပင် စကားစမြည်ပြောနေကြလေသည် ။

မောင့်ဖေဖေကတော့ အစပိုင်းက နှုတ်ဆက်ပေမဲ့ နောက်ပိုင်း သူမိန်းမလည်း ပြန်မလာ ကြာနေတော့ အနေခက်သည်ထင့်။ မင်းတို့ အမေကို သွားရှာလိုက်ဦးမယ် ဆိုပြီး ကားမောင်းပြီး ထွက်သွားလိုက်တာ ပြန်မရောက်လာတော့ ။ အလှူလုပ်မယ့် အိမ်တစ်အိမ်က တိတ်ဆိတ်လွန်းလှချည်လား… အမျိုးတွေလည်း မတွေ့၊ ဝင်းထဲက အလုပ်သမားတွေလည်း မတွေ့ရ ။ ဒါက ပုံမှန် အခြေအနေမှ ဟုတ်ရဲ့လား ။ သူ(မ) တွေးရင်း အပြင်ထွက်ကြည့်မယ်လို့ စိတ်ကူးပြီး ထလိုက်တော့ မောင်က

“ ချစ် ဘယ်သွားမလို့လဲ ။ “

“ခြံထဲ ခဏလောက် လမ်းလျှောက်ချင်လို့ပါ ။” ပြောရင်း အိမ်အဝင် ခြံတံခါးနားကို ဆင်းသွားပြီး ဘေးဘီဝဲယာကြည့်မိတော့ ဝင်းထဲက လူတွေက ဒီအိမ်ကို ကွက်ကြည့် ကွက်ကြည့်နှင့် နားစွင့်နေပုံ တွေ့ရသည် ။ လမ်းမပေါ်တွင်လည်း ယောက်ျားတစ်ချို့ ကတော့ လမ်းလျှောက်ရင်း သူ(မ)တို့ အိမ်ဘက်ကို လှည့်လှည့်ကြည့်သည်ကိုလည်း မြင်ရသည် ။ သူ(မ) ခြံအပြင်ကို ခြေလှမ်းလိုက်တော့ ဟိုဘက်ကားလမ်းက ကုန်စုံဆိုင်လေး ရှေ့ ကခုံမှာ ထိုင်နေတဲ့ အဒေါ်ကြီးတစ်ယောက် သူမရှိရာကို ခပ်သွက်သွက် လှမ်းလာလေသည် ။ သူ(မ)ဆီ လာမှန်းသိလို့ ရပ်စောင့်ပေးလိုက်တော့ အဲဒီအဒေါ်ကြီးက …

“ မမလေး … မမလေးက မောင်ယုယ ရဲ့ ချစ်သူလား ။ မောင်သုတရဲ့ ချစ်သူလားဟင်”

ဆက်ရန်

အသဲကျော် ( For Her Myanmar )

No Comments Yet

Comments are closed