ငယ်ငယ်တုန်းက မက်ခဲ့တဲ့ လေထဲက အိပ်မက်များ

ရှိလား ငယ်ငယ်တုန်းက အာလာဒင်ရဲ့ကော်ဇောပျံကြီးစီးပြီး တောနက်ထဲကလျှို့ဝှက်သိုင်းကျမ်းသွားယူဖို့စိတ်ကူးတဲ့သူတွေ ..

“နဂါးသူရဲကောင်း လာနေပြီ၊ မင်းတို့အားလုံး ဦးညွတ်ကြပါ ….”
“ဘာကြောင့် ဦးညွတ်ရမှာလဲ၊ ငါက နှစ်တစ်ရာအတွင်းအားပိုင်ရှင် သိုင်းလောကမယ်ပဲ”
“မင်းတို့အားလုံး တိတ်ကြ ငါ့ကိုဘယ်သူထင်လဲ၊ အမည်မဲ့ သိုင်းသမားဆိုတာငါပဲ”
စကားပြောသံများတိတ်ဆိတ်သွားပြီး ခဏအကြာတွင် တိုက်ခိုက်သံများ၊ အော်ဟစ်တိုက်ခိုက်သံများဆူညံလှုပ်ရှားသွားသည်။

အလဲ့ .. ဒီစာပိုဒ်ကိုမြင်တော့ အက်ဒ်မင်တစ်ယောက် သိုင်းဝတ္ထုတွေရေးနေပြီလားလို့ မအောက်မေ့နဲ့ဦး။ ငယ်ငယ်တုန်းက တရုတ်သိုင်းကားတွေကြည့် စိတ်ကူးတွေယဉ်ပြီး သိုင်းချတမ်းကစားတဲ့အကြောင်းတွေ ပြောပြချင်လို့ပါ။

ငယ်ငယ်တုန်းကလေ တရုတ်သိုင်းကားတွေကြည့် လူကြီးတွေဖတ်တဲ့ သိုင်းဝတ္ထုတွေခိုးဖတ်ပြီး နှစ်တစ်ရာအတွင်းအားပိုင်ရှင်လည်း ဖြစ်ချင်တယ်၊ သိုင်းကားတွေထဲကိုလည်း ကိုယ်တွေဖော့၊ လေထဲပျံပြီး ကျောင်းတွေ၊ ကျူရှင်တွေကို ခပ်တည်တည်နဲ့သွားချင်လိုက်သေးတယ်။ နှစ်တစ်ရာကျင့်ထားတဲ့အတွင်းအားနဲ့ (လူကဖြင့် ဆယ်နှစ်တောင်မပြည့်သေးဝူး 😛 ) ကြည့်မရတဲ့သူတွေကို ဖိုက်ချင်တယ်။ မျက်စိနောက်အောင် လုပ်တဲ့သူတွေကို လက်နက်ပုန်းနဲ့ ပစ်လိုက်ချင်သေးတယ်။ ကိုယ့်ကို အာရုံနောက်အောင်လုပ်နေတဲ့ ဘေးကသူငယ်ချင်းကို အကြောပိတ်ပြီး လှုပ်ရှားမရအောင် လုပ်ပစ်လိုက်ချင်တယ်။

အမယ် သိုင်းကားပဲလားဆိုတော့ မဟုတ်သေးဘူး။ ငယ်ငယ်တုန်းက ပေါင်ချိန်ကားတွေကြည့်ပြီး ရူးခဲ့တာ ရူးခဲ့တာ ဆိုတာလေ။ ပေါင်ချိန်ကြီးက လူဆိုးကိုဖမ်းပြီး နဂါးခေါင်းဖြတ်စက်နဲ့ ဖြတ်လိုက်ရင်သဘောတွေကျ။ လူချောကြီး ကျန်ကျောင်းက မကောင်းသူပယ် ကောင်းသူကယ်တဲ့အခါလည်း အားကျနေရတာပဲ။ သဘောအကျဆုံးက လိပ်ဘိုးဘိုးနဲ့ လိပ်မြေးလေး ပဲ။ လိပ်ဘိုးဘိုးက သူ့တန်ခိုးနဲ့ လူတွေကို ပုံစံပြောင်းပေးတဲ့အခန်းဆို အကြိုက်ဆုံး။ တကယ်သာ အပြင်မှာ လိပ်ဘိုးဘိုးနဲ့ တွေ့ခဲ့ရင် ဘယ်သူ့ပုံစံနဲ့တူအောင် ပြောင်းခိုင်းရမလဲဆိုတာ စိတ်ကူးရတာ အမောလေ။

ရှိသေးတယ် .. တရုတ်နန်းတွင်းကားတွေမှာ ဝမ်စွေ့၊ ဝမ်စွေ့၊ ဝမ်ဝမ်စွေ့ဆိုပြီး ဘုရင်ကြီးကို ဂါရဝပြုတာ သဘောကျလို့ အချင်းချင်း အပြန်အလှန် ဂါဝရပြုခဲ့ရသေးတယ်။ (ဝမ်စွေ့ ဝမ်စွေ့ ရဲ့ အဓိပ္ပာယ်ကို ဒီဘက်ခေတ် ကလေးတွေ သိပါ့မလားနော်။ သက်တော်ရာကျော်ရှည်ပါစေ တဲ့)

Related Article >>> ၁၉၉၀ ကျော်က ငယ်ဘဝလေးကို ပြန်သွားကြရအောင်…

ဒါက တရုတ်ကားတွေကို ရူးတာ။ နောက်ထပ် ကာတွန်းကားတွေကို ကြည့်ပြီး စိတ်ကူးယဉ်တာ ရှိသေးတယ်။ အက်ဒ်မင်တို့ ငယ်ငယ်တုန်းက အခုလို 3D Animation ကားတွေခေတ်မစားသေးဘူး။ 2D ကာတွန်းကားတွေပဲရှိသေးတယ်။

အဲဒီတုန်းကခေတ်စားတာ စင်ဒရဲလားတို့၊ စနိုးဝှိုက်တို့ အာလာဒင်တို့လိုကားတွေလေ။ စင်ဒရဲလားလေးကို နှိပ်စက်တဲ့ မိထွေးနဲ့ သမီးတွေကို မုန်းလို့ ကိုယ်သာစင်ဒရဲလားဖြစ်ရင် မိထွေးနဲ့ သမီးတွေကို ဘယ်လိုပြန်ဖိုက်မလဲ စိတ်ကူးယဉ်ရသေးတယ်။

စနိုးဝှိုက်လေး တောထဲရောက်သွားပြီး လူပုလေးတွေနဲ့တွေ့တဲ့ အခန်းဆို သဘောကျလို့ ကိုယ်သာ အဲလိုတောထဲမှာ လူပုလေးတွေနဲ့ အတူနေရင် ဘယ်လောက်ပျော်စရာကောင်းမလဲ စိတ်ကူးယဉ်ခဲ့ရသေးတာလေ။

အာလာဒင်ထဲက  မီးခွက်စောင့်နတ်ကြီးကို ကိုယ်ပိုင်ရရင် ချောကလက်တွေ၊ သကြားလုံးတွေ၊ ကစားစရာအရုပ်တွေ တောင်လိုပုံနေအောင် ဖန်ဆင်းခိုင်းမယ်၊ ပြီးရင် လူကြီးတွေမသိအောင် ကိုယ်ကြိုက်သမျှဗီဒီယိုကားတွေပြခိုင်းမယ်လို့ စိတ်ကူးရသေးတယ် အဟိ။ အိမ်က မီးထွန်းတဲ့ နို့ဆီခွက်တွေတောင် လိုက်ပွတ်ရသေးတယ်.. နို့ဆီခွက်စောင့်များ ထွက်လာမလားပေါ့ အယ်လယ်…

အမယ် နိုင်ငံခြားကဟာတွေပဲ စိတ်ကူးယဉ်တယ်မထင်နဲ့နော်။ ကိုယ့်ပြည်တွင်းလည်း ကျန်သေးတယ်။ ဘိုဘိုရဲ့ အီးတီကိုများ ကိုယ်ပိုင်ရင် တစ်ခုပြီးတစ်ခု တီထွင်ခိုင်းနေလို့ အီးတီတောင် စိတ်ညစ်ပြီးထွက်ပြေးရမယ့် အလားအလာရှိတယ်။

စိတ်ကူးထဲမှာ တီထွင်ခိုင်းတာတွေကိုက မနည်းဘူး။ မျက်စိနဲ့ ကြည့်လိုက်တာနဲ့ စာတွေ အလိုလိုရသွားမယ့် စက်၊ ကျောင်းသွားတဲ့အခါ မပင်ပန်းအောင် မိုးပေါ်ပျံနိုင်တဲ့ စက်ဘီး၊ ကိုယ်လိုချင်သမျှ ကစားစရာကို စိတ်ကူးလိုက်ရုံနဲ့ အလိုလိုထွက်လာတဲ့စက်၊ စားချင်သမျှမုန့်တွေကို အလိုအလျှောက်ဖန်တီးပေးနိုင်တဲ့စက် အမလေး ဒါသတိရသလောက်ပြောပြတာ။ ကိုယ်တွေလောဘ အတိုင်းသာ အီးတီတစ်ယောက် စုံအောင် လိုက်တီထွင်ပေးနေရရင် စိတ်ညစ်ပြီးထွက်ပြေးမယ့်ကိန်း။

ရှိသေးတယ်နောက်တစ်ခု အဲဒါကတော့ နည်းနည်းကြီးမှပေါ်လာတာ။ ဟယ်ရီပေါ်တာလေ။ (ကိုယ်တွေဆီကို ၂၀၀၀ ဝန်းကျင်လောက်မှ ရောက်လာတယ်ဆိုပေမဲ့ အနောက်နိုင်ငံတွေမှာတော့ ၁၉၉၀ ကျော်နှစ်တွေကတည်းက 90’s Kids တွေနဲ့ ရင်းနှီးနေနှင့်ပါပြီ။ ဟယ်ရီပေါ်တာရုပ်ရှင်ကိုကြည့်တဲ့သူကကြည့် စာဖတ်အားကောင်းတဲ့ ကလေးတွေက ဘာသာပြန် ဟယ်ရီပေါ်တာစာအုပ်တွေ၊ ကာတွန်းတွေကို ဖတ်ပြီး စိတ်ကူးတွေ ယဉ်ကြတာဆိုတာလေ။ မဆုံးတော့ဘူး။

အိမ်ကတံမြက်စည်းကို လူကြီးတွေအလစ်မှာ ခိုးစီးကြည့်.. တကယ်ပဲ မိုးပေါ်ပျံတက်သွားလေးမလား စိတ်ကူးယဉ်ရတာနဲ့ တုတ်ချောင်း ခပ်ရှည်ရှည်တစ်ခုကိုယူပြီး တကယ်ပဲ ကိုယ်ရွတ်လိုက်တဲ့ ဂါထာများထွက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စပဲလ်( Spell) တွေ ရွတ်ကြည့်ရတာက တစ်မျိုးလေ။ စက်တင်ဘာလထဲ ရောက်ပြီဆို နေ့ခင်းကြောင်တောင် ဇီးကွက်တွေ ပေါ်လာပြီးကိုယ့်ကို စာပေးမလား မျှော်ရတာ အမော။ (ပြောရတာမဟုတ်ဘူးလေ.. စစ်ပွဲမှာ ဝန်ကြီးဌာနတွေ ဘာတွေပါ ဖျက်ဆီးခံလိုက်ရတော့ ကိုယ်တွေရဲ့ စာရင်းပျောက်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ.. ခုထိတော့ ရောက်မလာသေးဘူး :'( )

တကယ်ပါ… ကလေးဘဝက အဖြူစင်ဆုံးနဲ့ ပျော်စရာ အကောင်းဆုံး ကာလတွေ ဆိုတာလေ။ ကလေးဘဝမှာတော့ ဘာကိုမှ ရှည်ရှည်ဝေးဝေး မတွေးချင်ဘူး။ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ၊ စိတ်ကူးယဉ်တွေ၊ လက်တွေ့တွေ လာမပြောနဲ့မသိဘူး။ ဖြစ်ချင်တာပဲသိတယ် ဆိုတာပဲ။

လူကြီးဘဝရောက်လာတဲ့အခါ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာကြားက အရှိတရားဆိုတာကြီးကို မုန်းသော်လည်းလက်ခံရတယ်။ လက်တွေ့ဘဝထဲမှာ လက်တွေ့ကျကျရှင်သန်လှုပ်ရှားနိုင်ဖို့ ကြိုးစားရပ်တည်ရတယ်။ အဲလိုတွေများလို့ နာကျင်ပင်ပန်းရတဲ့အခါ ငယ်စဉ်ကလေးဘဝက ဆောက်ခဲ့ဖူးတဲ့ လေထဲက တိုက်အိမ်လေးတွေကို သတိရမိတယ်ယောင်းရေ။

တစ်ခါတစ်လေတော့လည်း မုန်းတဲ့သူတွေကို နှစ်တစ်ရာအတွင်းအားနဲ့ ဖိုက်၊ ပင်ပန်းတဲ့အခါ
စင်ဒရဲလားလေးလို ညဘက်မှာ နတ်သမီးလေးအကူအညီနဲ့ အလှပြင်ပြီး အပြင်ထွက်၊ ကိုယ်လိုအပ်တာတွေဝယ်ဖို့ အီးတီကို ငွေထုတ်စက်တွေ တီထွင်ခိုင်း နဲ့ စိတ်ကူးယဉ်ကြည့်ပြန်တော့လည်း ငယ်ငယ်တုန်းကလောက်ပျော်စရာမကောင်းပါဘူးယောင်းရယ်။

ခဏတာလေးပဲဖြစ်ဖြစ် ကလေးဘဝကိုစိတ်ကူးနဲ့ပြန်တွေးရတာပျော်စရာကောင်းပါတယ်။ ယောင်းတို့လည်း ကလေးဘဝတုန်းက စိတ်ကူးယဉ်ခဲ့တာလေးတွေပြန်ပြောခဲ့ပါဦး။ အမှတ်တရပေါ့။

Sugar Cane (For Her Myanmar)

 

No Comments Yet

Comments are closed