ကိုယ်တိုင်ရေးထားတဲ့ စာလေးတစ်စောင်နဲ့ တေလာဆွစ်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တဲ့ ကေတီပယ်ရီ

ဒီလိုကျတော့ တကယ်ကို ကြည်နူးစရာလေးပါ… 

မင်္ဂလာပါ…ယောင်းတို့ရေ…အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ဝမ်းသာစရာ သတင်းကောင်း တစ်ပုဒ် BBCမှာ တက်လာတာ အက်ဒ်မင်တွေ့လိုက်ရတယ်။ Swiftiesလေးတွေနဲ့ Katy Catsတွေကတော့ သိပြီးသား ဖြစ်မှာပါ။ အဲ့ဒါကတော့ တေလာ နဲ့ ကေတီ တို့နှစ်ယောက် ပြန်လည်သင့်မြတ်သွားပုံရတယ် ဆိုတဲ့ အကြောင်းပါပဲ။

ကေတီဟာ ဖြစ်ခဲ့တာတွေအားလုံးကို မေ့ဖျောက်ပြီး အရင်လို ခင်ခင်မင်မင်ပြန်နေကြဖို့ တေလာကို သူမဘက်ကအရင် စခေါ်ခဲ့တာပါ။ သိပ်မကြာခင်မှာပဲ Reputation Tourကို စတင်တော့မယ့် တေလာဟာ ကေတီ ပို့ထားတဲ့ စာလေးကို သူ(မ) ပရိတ်သတ်တွေကို ပြခဲ့ပါတယ်။

တေလာရဲ့ videoထဲက စာမှာတော့ “miscommunication” နဲ့ “deeply sorry” ဆိုတဲ့ စာလုံးတွေ ပါပါတယ်တဲ့။ကြည့်ရတာ ကေတီတစ်ယောက် သူငယ်ချင်းအဖြစ်ကနေ ရန်သူဖြစ်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကွဲအက်သွားမှု အပေါ် အတော်လေးဝမ်းနည်းနေပုံရပါတယ်။

ယောင်းတို့အားလုံး သိကြတဲ့အတိုင်း သူတို့နှစ်ယောက်ဟာ တစ်ချိန်က သိပ်ချစ်တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပေမယ့် ၂၀၁၄လောက်ကစပြီး သူတို့ကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ Bad blood, Swish Swish စတဲ့ သီချင်းတွေ ရေးပြီး တစ်ယောက်နဲ့တစ်ယောက် ဖဲ့ကြတဲ့အထိပါပဲ။

သူတို့နှစ်ယောက်ကြားက အထင်လွဲမှုတွေကလည်း သာမန်မဟုတ်ဘဲ အတော်လေး ကြီးမားနက်ရှိုင်းပုံရပါတယ်။ ကေတီရဲ့ လုပ်ရပ်တွေက ဆိုးရွားလွန်းတာမို့ သူတို့နှစ်ယောက် ရန်သူဖြစ်သွားခဲ့ပါတယ်လို့ တေလာက ပြောခဲ့ပြီး ကေတီဘက်ကတော့ “ဒီကိစ္စတွေက သူ့ဘက်ကပဲ စလို့ ဖြစ်ရတာ” လို့ ပြန်ပြောခဲ့ပါတယ်။

သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က အတော်လေး တင်းမာခက်ထန်တဲ့ ရန်သူတွေအဖြစ် ပြောင်းလဲသွားတာကိုတွေ့ရတော့ အက်ဒ်မင်လည်း တကယ်စိတ်မကောင်းမိဘူး။ အဲ့တုန်းကတော့ ” ဒီနှစ်ယောက် ဒီတစ်သက်ပြန်တည့်မှာ မဟုတ်တော့ဘူး” လို့တောင် တွေးခဲ့မိတာ။

Related Article >>> ကိုယ်ချစ်ရတဲ့ အနုပညာရှင်နဲ့ လက်ထပ်ခွင့်ရခဲ့တဲ့ အမျိုးသမီး (၁၀)ဦး

အဲ…ဒါပေမယ့် မနှစ်တုန်းက ကေတီဘက်ကစပြီး Youtube livestreamမှာ တောင်းပန်ခဲ့သေးတယ်။ ခုတော့ သူတို့နှစ်ယောက်ကြားက ငြိမ်းချမ်းရေးဖြစ်စဉ် တကယ်အောင်မြင်သွားပြီပေါ့။

တေလာကတော့ သူ အဝတ်လဲခန်းထဲ ဝင်ဝင်ချင်းမှာပဲ ကေတီလက်ရေးနဲ့ ရေးထားတဲ့စာလေးကို တွေ့လိုက်ရပါတယ်တဲ့။ “သူငယ်ချင်းဟောင်းကြီးရေ” ဆိုပြီး ကေတီက စာရဲ့အဖွင့်မှာ နှုတ်ဆက်ထားပါသတဲ့။ “ဒါ ကျွန်မအတွက် သိပ်ကိုအရေးပါ ပါတယ်” လို့ တေလာကလည်း ကြည်ကြည်နူးနူး ပြန်ပြောခဲ့ပါတယ်။

နောက်ဆုံးတော့ တေလာဘက်ကလည်း ဖြစ်ခဲ့သမျှ အားလုံးကို မေ့ဖျောက်လိုက်တဲ့ပုံပါပဲ။ တစ်ချိန်တုန်းကလို တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ခဲ့ကြတဲ့ ကေတီနဲ့ တေလာအဖြစ် ပြန်မြင်ရဖို့ အက်ဒ်မင်ကတော့ တကယ်မျှော်လင့်မိပါတယ်။

ဘာလို့လဲ သူတို့နှစ်ယောက်ရဲ့ အဖြစ်မျိုး အက်ဒ်မင့်ပတ်ဝန်းကျင်မှာ ကြုံဖူးလို့ပါပဲ။ ယောင်းတို့လည်း ကြုံဖူးကြမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် နားလည်မှုတွေလွဲပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကနေ မျက်နှာချင်းမဆိုင်နိုင်တဲ့ အထိ အံ့ဩစရာကောင်းလောက်အောင် မုန်းတီး၊ စိမ်းကား သွားကြတာမျိုးပေါ့။

ဘယ်သူ့ဘက်က စမှားသည် ဖြစ်စေ နှစ်ယောက်ကြားက ဆက်ဆံရေး ကွဲအက်ပြီး အချင်းချင်း မုန်းမိပြီဆိုတာနဲ့ နှစ်ယောက်စလုံး ပူလောင်ရသလို အရင်တုန်းကသံယောဇဉ်တွေကြောင့်လည်း ရင်ထဲ နာကျင်ကြရပါတယ်။

ဒါကြောင့် ဒီနေရာမှာ ကေတီရဲ့ သည်းခံခွင့်လွှတ်နိုင်စွမ်းနဲ့ တေလာရဲ့ သဘောထားကြီးမှုကို အက်ဒ်မင် အားကျမိသလို အတုယူစရာလို့လည်း မြင်ပါတယ်။ များသောအားဖြင့် သူငယ်ချင်းတွေ အချင်းများကြတဲ့အခါ ဖြစ်ခဲ့သမျှ အားလုံး ပြည်ဖုံးကားချပြီး ကိုယ့်ဘက်ကအရင် စခေါ်ဖို့ အက်ဒ်မင်တို့တွေ တွန့်ဆုတ်နေတတ်ကြတယ်လေ။ “အောက်ကျ နောက်ကျနိုင်လိုက်တာ” လို့ တွေးမိကြတာကိုး။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူးနော်။

သူငယ်ချင်းတွေကြားက ပဋိပက္ခဆက်ဆံရေးဟာ တစ်ခါတစ်လေ ကြိုးတစ်ချောင်းနဲ့တူပါတယ်။ နှစ်ယောက်လုံးက မလွှတ်ဘဲ ဆွဲထားမယ်ဆိုရင် နောက်ဆုံးမှာ ပြတ်တောက်သွားမှာပါပဲ။ ဒါကြောင့် တစ်ဖက်ကစပြီး အလျှော့ပေးဖို့၊ လွှတ်ချပေးဖို့တော့ လိုပါလိမ့်မယ်။

နေရတဲ့ ဘဝက တိုတိုလေးမှာ…အမုန်းတရားတွေ အာဃာတတွေဟာ ကိုယ့်ကို ပူလောင်စေတဲ့ မီးတွေပဲမို့ ဘာလို့များ ဆက်ကိုင်ထားတော့မှာလဲ ယောင်းတို့ရယ်…

တကယ်တော့ အချစ်ဆုံးသူငယ်ချင်းဆိုတာ sisters by heart (နှလုံးသားနဲ့တော်တဲ့ ညီအစ်မတွေ) ဖြစ်တာမို့ တစ်ဖက်ကလည်း ယောင်းဘက်က စခေါ်တာကို သေချာပေါက် မျှော်လင့်နေမှာ အမှန်ပါပဲ။ သူ့ဘက်က ယောင်းရဲ့စိတ်ကို သေချာမသိလို့သာ သူ့ဘက်က စမခေါ်ရဲတာပါ။

ဒါကြောင့်မို့ ယောင်းတို့ သူငယ်ချင်းနဲ့ ပဋိပက္ခဖြစ်ထားတယ်ဆိုရင် ဘယ်သူ့ဘက်ကပဲ စမှားမှား ဖြစ်ခဲ့သမျှကို သင်ပုန်းချေပြီး သူငယ်ချင်းကို ကိုယ့်ဘက်က အရင် စခေါ်စေချင်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းတွေ ကြားမှာ ညှိမရတဲ့ ပဋိပက္ခဆိုတာ မရှိတာမို့ ယောင်းတို့ဘက်က သတ္တိမွေးဖို့ပဲ လိုတာနော်။ ကေတီနဲ့ တေလာထုံး နှလုံးမူပြီး သူငယ်ချင်းတွေ အရင်လို ပြန်ချစ်နိုင်ကြပါစေ…ယောင်းတို့ရေ။

By
Mia (For Her Myanmar)
Reference link: BBC , Newyork Times

No Comments Yet

Comments are closed