ဇာတ်သိမ်းမကောင်းခဲ့သော ဇာတ်လမ်းတစ်ပုဒ် (၃)

ဟဲ့ ရှက်ရမ်း ရမ်းမနေနဲ့။ နင် ကဗျာ့ကို ကြိုက်နေတယ်ဆိုတာ ငါလည်းသိတယ်။ ကဗျာလည်း သိတယ်။

“ဟဲ့ မိုးအောင်… နင် ကဗျာကို ကြိုက်နေတာလား။”

စာသင်ချိန်တစ်ချိန်ပြီးလို့ နောက်ဆရာမ မဝင်ခင်စပ်ကြား သူ့ဘေးမှာထိုင်နေသော အင်ကြင်းပွင့်က ရုတ်တရက်မေးလိုက်သောကြောင့် သူဘယ်လိုဖြေရမည်မသိ။

“မဟုတ်… မဟုတ်ပါဘူးဟာ။”

“ဘာမဟုတ်တာလဲ။ ပါးစပ်ကသာ မဟုတ်ဘူးပြောနေ။ နင့်အမူအရာတွေ၊ နင့်အကြည့်တွေက ကျွန်တော် ဆုကဗျာကို ချစ်ကြိုက်နေမိပါပြီလို့ ဝန်ခံနေပါတာပဲဟာကို။”

“မဟုတ်ပါဘူးဆို။”

“ဟဲ့ ရှက်ရမ်း ရမ်းမနေနဲ့။ နင် ကဗျာ့ကို ကြိုက်နေတယ်ဆိုတာ ငါလည်းသိတယ်။ ကဗျာလည်း သိတယ်။ အဲဒီတော့ ဟန်ဆောင်မနေနဲ့တော့ဟ။ တကယ်ကြိုက်တယ်ဆို မြန်မြန်ဖွင့်ပြောလိုက်။ ငါတို့တွေ ကျောင်းလည်း ပြီးတော့မှာပဲ။ နောက် ၂ လနေလို့ ကျောင်းပြီးရင် ငါတို့တွေ ဘယ်နေရာကို ရောက်မှန်းမပြောနိုင်ဘူးလေဟာ။ ရန်ကုန်တစ်မြို့တည်းမှာ ရှိတယ်ပဲထားဦး အားလုံး ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်နေမှာ။ ကျောင်းသားတုန်းကလောက် တွေ့ဖြစ်မှာ မဟုတ်တော့ဘူးဟ။”

“အောင်မယ်လေး ချီးထုပ်ရယ်။ ကျောင်းဖြင့်မပြီးသေးဘူး အရင်ဆုံး လာဆွေးပြနေသေးတယ်။”

“ငါ့က နင့်အတွက် စေတနာနဲ့ပြောတာ အကောင်ရဲ့။”

“အေးပါဟာ။ ငါ့စိတ်ကိုငါ သေချာအောင် ပြန်မေးကြည့်ဦးမယ်။”

“နင် ဖွင့်ပြောမယ်ဆိုရင် ငါကူညီဖို့အသင့်ပဲနော်။ နင်လိုက်ရင်လည်း မြန်မြန်လိုက်ဟာ။ ကဗျာ့ကို စိတ်ဝင်စားနေတဲ့ကောင်တွေက နည်းနည်းများတယ်။”

“ငါတို့ ကျောင်းကပဲလား။”

“ကျောင်းကတော့ မဟုတ်ဘူး။ အပြင်က။ ဒါပေမဲ့ နင့်ဘက်မှာ ငါတစ်ယောက်လုံး ရှိနေတာပဲ။ စိတ်သိပ်မပူပါနဲ့။ နင် ဟိုစကားကြားဖူးလား။”

“ဘာစကားလဲ။”

“မိန်းကလေးတစ်ယောက်ကို စလိုက်တော့မယ်ဆို သူ့ဘေးက အခင်ဆုံးသူငယ်ချင်းကို အရင်ချဉ်းကပ် ရတယ်ဆိုတာလေ။”

“သြော်… ငါမသိဘူး။”

“ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အခု နင်က ငါနဲ့လည်း ခင်တယ်ဆိုတော့ နင့်စီမံကိန်းက တစ်ဝက်လောက် အောင်မြင်နေပြီပဲဟ။ နောက်တစ်ဝက်က ကဗျာ့ကို နင်စိတ်ဝင်စားနေကြောင်း ဖွင့်ပြောဖို့ပဲ ကျန်တော့တယ်။ ဖွင့်ပြောပြီးပြီဆို နင် သုံးပုံနှစ်ပုံလောက် အောင်မြင်ပြီဟ။ ဒီအခြေအနေအရဆို ကဗျာလည်း နင့်ကိုစိတ်ဝင်စားနေပုံပါပဲ။”

“အေးပါဟာ။ ငါ ဒီညနေကျ ဖွင့်ပြောပါ့မယ် ဟုတ်ပြီလား။ တကယ်လို့ နင်ထင်သလို မဟုတ်ဘဲ ကဗျာ ငါ့ကိုစိတ်ဆိုးသွားပြီဆိုရင်တော့ နင့်တာဝန်နော်။”

“စိတ်ချဟာ။ အကုန်ငါတာဝန်ယူတယ်။ နင်သာ ဖွင့်ပြောဖို့ သတ္တိရှိပါစေ။”

“အိုကေ။ ဒါတော့ စိတ်ချ။ ငါအတတ်နိုင်ဆုံး ကြိုးစားပြီး ဖွင့်ပြောမယ်။ အဆင်ပြေသွားတဲ့အခါတော့ သားဦးမွေးရင် နင့်နာမည်ပေးမယ်။ ဟုတ်ပြီလား။”

“မသာကောင်…”

“ဟဲ့ ငါအိမ်သာသွားနေတုန်း နင်တို့ နှစ်ကောင် ဘာတွေအတင်းတုပ်နေကြတာလဲအေ။”

ရောက်လာပါပြီ။ ကျွန်တော့်ရဲ့ နတ်သမီး ဆုကဗျာ။ တကယ်တော့ ဆုကဗျာသည် မချောပါ။ ခန္ဓာကိုယ်လည်း လှသည့်ထဲလည်း မပါသော မိန်းကလေးတစ်ဦးဖြစ်သည်။ ခေတ်စကားအရဆိုရင်တော့ plus size ဘက်ရောက်မယ်ထင်သည်။ သေချာတော့မသိ။

Related Article >>> ဇာတ်သိမ်းမကောင်းခဲ့သော ဇာတ်လမ်းတစ်ပုဒ် (၂)

ဉာဏ်ထက်၊ သီဟနှင့်သူရကတော့ အားမနာတမ်းဝေဖန်ဖူးသည်။ ကဗျာ့ကို ဘာကြည့်ကြိုက်တာလဲတဲ့။ အဲ့ဒီမေးခွန်းအတွက် အဖြေသူ့မှာမရှိပါ။ အရင်သူ ကြိုက်ခဲ့ဖူးသော ကောင်မလေးများလို ကဗျာ့မှာ ဆံပင်အရှည်ကြီးလည်း မရှိပါ။ ဒါပေမဲ့ ကဗျာ့ကို ရင်ထဲမှနေ၍ နက်နက်နဲနဲကို ချစ်ပါသည်။ ကဗျာ့ကို ချစ်မိခြင်းအတွက် သူ့မှာ အဖြေမရှိပါ။ ကဗျာသည် ကဗျာဖြစ်နေခြင်းအတွက်သာ သူချစ်သည်။

ဒီလိုနဲ့ စာသင်ချိန်တွေသာ တောက်လျှောက်ဆက်နေသည်။ စာထဲမှာ သင်ကြားရခြင်းကို သူစိတ်မရောက်တော့။ ညနေ ကဗျာ့ကို ဘယ်လိုဖွင့်ပြောရမလဲ ဆိုတာပဲ စဉ်းစားနေမိသည်။ ဒီတိုင်း မျက်နှာချင်းဆိုင်ပြီး ပြောရမှာကိုတော့ သူကြောက်သည်။ ကဗျာဆိုသော မိန်းကလေးသည် လက်ရဲဇက်ရဲနိုင်သော အာဂမိန်းကလေးလည်း ဖြစ်သည်။ လူကြားထဲမှာ ပါးရိုက်ခံရခြင်းကိုတော့ မဖြစ်လို။

စဉ်းစားရင်းတွေးရင်း ကျောင်းဆင်းသွားသည်။ သူ့အတွက် အဖြေမရခဲ့။ ဘာလုပ်ရမလဲ။ ဘယ်မှာ ဖွင့်ပြောရမလဲ။ ဘယ်လိုဖွင့်ပြောရမလဲ။ ကဗျာ သူ့ကို ပါးမရိုက်နိုင်အောင် ဘုရားခေါ်ပြီး ဖွင့်ပြောရင် ကောင်းမလား။

“ဟဲ့ မိုးအောင် ဘာတွေစဉ်းစားနေတာလဲ။ ကျောင်းဆင်းနေပြီလေ။”

“မဟုတ်ပါဘူး ငါ… ငါ…”

“ဘာမဟုတ်ပါဘူးလဲ။ နင့်ကြည့်ရတာ အရင်နေ့တွေနဲ့လည်း မတူပါလားဟ။”

“နင် စိတ်ထင်လို့နေမှာပါ။ အရင်နေ့တွေကလည်း ငါပဲ။ ဒီနေ့လည်း ငါပါပဲ။ နည်းနည်း စဉ်းစားစရာတွေ များနေလို့။”

“ဘာကိစ္စလဲ။ ကောင်မလေးကိစ္စလား။”

ကဗျာက တဲ့တိုးကြီး မေးလိုက်တော့ ဘယ်လိုဖြေရမလဲ မသိတော့။

“ဟုတ်တယ်မလား။ နင် ပြန်မဖြေပုံထောက်ရင်တော့ ဟုတ်တာ သေချာနေပါတယ်။ ငါ့ကိုပြောကြည့် ဘယ် year လဲ၊ ဘယ်မေဂျာကလဲဆိုတာ။ ငါနဲ့သိရင် နင်ကူညီပေးမယ်လေ။”

“ငါ… ငါ… ဘယ်လိုပြောရမလဲမသိဘူး။”

“ဘာကိုမသိတာလဲဟ။ သူ့နာမည်နဲ့ မေဂျာကို အခုထိမသိသေးတာလား။”

“မဟုတ်ဘူး သိတယ်။ လူချင်းလည်း ရင်းနှီးတယ်။”

“ဟဲ့ အဲဒါဆို ဖွင့်ပြောတော့လေဟာ။ ဘယ်နေရာမှာ ခက်နေလို့လဲ။”

“ငါ မပြောရဲလို့။”

“ဟားဟား ကောင်စုတ်။ အရင်ကလည်း နင် ပြောနေကျပဲကို အခုကျမှ ဘာဖြစ်။”

“မဟုတ်ဘူးဟ။ အခု ငါ ချစ်နေတာက နင့်ကို…။”

ရုတ်တရက် ထွက်သွားသော စကားလုံးများသည် ကဗျာ့ကို ခေတ္တခဏငိုင်သွားစေပါသည်။

“ဟင်… နင်ဘာပြောလိုက်တာလဲ မိုးအောင်။”

“ဟုတ်တယ်။ ကဗျာ ငါနင့်ကိုအရမ်းချစ်တယ်။”

“နင် မကောင်းဘူး မိုးအောင်။ ကောင်စုတ်… နင်နဲ့ ငါက…”

“သူငယ်ချင်းတွေလေ။ အဲဒါဘာဖြစ်လို့လဲ။ ဘယ်သူဘာပြောပြော ငါ နင့်ကိုချစ်တယ်ဟာ။”

သူ့စကားဆုံးတော့ ကဗျာသည် သူ့ရှေ့ကနေလှည့်ထွက်ကာ အခန်းအပြင်ဘက်သို့ ပြေးထွက်သွားပါတော့သည်။ သူ့ရင်ခုန်သံသည်ကား အနိမ့်အမြင့်မမှန်ဘဲ ကျန်ရစ်ခဲ့သည်။

Moe (YUFL)

No Comments Yet

Comments are closed