ယောက်ျားလေးတွေ ပြောလေ့ရှိတဲ့ ဂျင်းစကားကြီး (၅)ခွန်း

ဂျင်းတွေရမယ်.. ကြက်သွန်တွေ ရမယ် 😛 

မိန်းကလေးတွေ မုသားပြောတယ် ဆိုတာက တစ်ဘက်သားကို မနာကျင်စေချင်လို့ ဖြစ်ပြီး ယောက်ျားလေးတွေ မုသားပြောတယ်ဆိုတာကတော့ သူတို့ရဲ့ အတ္တအတွက်ပါတဲ့ ..အယ့်လယ် 😀 ဒါက ကြားဖူးတာပေါ့နော်…

တကယ်တော့ ယောက်ျားလေးပဲဖြစ်စေ၊ မိန်းကလေးပဲ ဖြစ်စေ မုသားစကားဆိုရတဲ့အခါမှာ မုသားဆိုရတဲ့ အကြောင်းရင်းတွေ ရှိကြတာချည်းပါပဲ… တစ်ခါတလေ တစ်ဘက်သားကို မထိခိုက်သွားစေလိုတဲ့ ဆန္ဒနဲ့ ပြောလိုက်တဲ့ မုသား၊ တစ်ခါတလေ ရန်မဖြစ်ရအောင် ရှောင်လိုက်တဲ့သဘောနဲ့ ပြောလိုက်တဲ့ မုသား၊ တစ်ခါတလေ အရေးမကြီးပါဘူးလေဆိုပြီး ပေါ့ပေါ့လေး ထွက်သွားတဲ့ မုသား စသဖြင့် အမျိုးမျိုးပေါ့…

အဲ.. တချို့ကျတော့ မုသားပြောတာ၊ တည့်ပြောရရင် လိမ်တာက သူများအထင်ကြီးတာခံချင်တဲ့ဆန္ဒနဲ့ဖြစ်စေ၊ အကျင့်ပါနေလို့ဖြစ်စေ၊ ထိခိုက်စေလိုတဲ့ ဆန္ဒနဲ့ဖြစ်စေ ပြောတတ်တာတွေလည်း ရှိတတ်ပါတယ်..ဆိုတော့… ယောက်ျားလေးတွေ အများအားဖြင့် ပြောလေ့ရှိတဲ့၊ အပြောများတဲ့ ဂျင်းစကားတွေကတော့ဖြင့်…

ကျွန်တော်က အတန်းထဲမှာဆို ထိပ်ဆုံးပဲ။

ကျွန်တော်က အတန်းထဲမှာ ထိပ်ဆုံးပဲ (ညံ့တဲ့နေရာက xD) ။ စတာဘာ.. နောက်တာဘာ.. 😛  မိန်းကလေး တော်တော်များများက စာတော်တဲ့ ကောင်လေးတွေဆို အသေကြွေတာလေ။ ဟုတ်တယ်မလား။ ဒါကို အထာသိနေတော့ ဆရာသမားက ကြွားလုံးထုတ်တဲ့အနေနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်တော်က စာတော်တယ်ပေါ့။

ဒီလိုမျိုး ပညာပါဝါပြတဲ့ ယောက်ျားလေးတွေက အရှုံးကို သိပ်ပြီး လက်မခံချင်ကြပါဘူး။ အောင်မြင်မှုက ယောက်ျားတစ်ယောက်အတွက် အရေးပါသလို လက်တွဲဖော် မိန်းကလေးကလည်း ဒါကို အထင်ကြီးမှာပဲဆိုတဲ့ အတွေးမျိုးက သူတို့မှာ ရှိကြပါတယ်။ ကျရှုံးတာကို လက်သင့်မခံချင်တဲ့ ယောက်ျားမျိုးဆိုရင်တော့ ဝေးဝေးရှောင်ပါ ယောင်းရေ။ သူတို့က အလုပ်မှာပဲ ဖြစ်ဖြစ် ဘယ်မှာပဲ ဖြစ်ဖြစ် ရှုံးလာပြီဆိုရင် ရှုံးမဲမဲပြီး ကိုယ့်အပေါ်ပဲ အပြစ်တွေ လာပုံချပါလိမ့်မယ်။

ချစ်လေးနဲ့ ပေါင်းတဲ့သူ၊ ချစ်လေးမိသားစု အကုန်လုံးက ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိသားစုပါပဲ..

အံမယ် …ပြောတတ်တယ်နော်။ ကိုယ်ပေါင်းသမျှ သူငယ်ချင်းတွေအားလုံးကို သူသဘောကျတယ်၊ ဘာလုပ်လုပ်၊ ဘယ်သွားသွား အေးဆေးပဲဆိုရင်တော့ဖြင့် တစ်ခုခုတော့ လွဲချော်နေပါပြီ ယောင်းတို့ရေ… ဟုတ်တယ်လေ.. ကိုယ်မကြိုက်တဲ့ နေရာတစ်ခုခု၊ မသွားသင့်တဲ့ နေရာ တစ်ခုခုကို ကိုယ်လည်း အရမ်းမသိတဲ့ ချစ်သူရဲ့ သူငယ်ချင်းတွေနဲ့ သွားမယ်ဆိုတာတောင် ဘာမှမဖြစ်ဘူး၊ သွားချင်လည်း သွားလေ ဆိုရင်တော့ဖြင့်… ပြန်စဉ်းစားဖို့ သင့်ပြီနော်… နားလည်မှုပေးထားတာလား၊ ပေယျာလကန်ထားလိုက်တာလား ဆိုတာလေ… အဲဒီတော့ ဒီစကားပြောလာတိုင်း ငါ့ချစ်သူက သဘောထားကြီးလိုက်တာလို့ အရင်ပစ်မယုံလိုက်ဘဲ လေ့လာဆန်းစစ်ပါဦးလို့

Related Article >>> မိန်းကလေးသယ်ရင်းတို့ကြား မုသား(၅)မျိုး

မရေရာတဲ့ ကိုယ့်ဘဝထဲ သည်းကို မခေါ်ပါရစေနဲ့။

ဒါကတော့ စကားလေးနဲ့တင် ဝမ်းနည်းကြွေကျသွားရလောက်တဲ့ မုသားလေးပေါ့နော်။ သီချင်းတွေထဲမှာလည်း ကြားဖူးနေကြပါပဲ။ ဒါပေမဲ့ ဒီလိုမုသားစကားရဲ့ နောက်ကွယ်က အမှန်တရားကိုတော့ ရှာဖို့လိုမှာပေါ့… ဟုတ်တယ်လေ.. မရေရာတဲ့ ကိုယ့်ဘဝထဲ မခေါ်ပါရစေနဲ့ဆို အစတည်းက မရေရာဘဲ ဘာလို့ လာချစ်ရေးဆိုသေးလဲနော်.. အခုမှခု မရေရာတာမှမဟုတ်တာ.. အစတည်းက မရေရာခဲ့တာ မဟုတ်ဘူးလား.. ဒါဟာအကြောင်းပြချက် သက်သက်ပါပဲ… တကယ်ချစ်မိပြီး ကိုယ့်ဘဝက မရေမရာဖြစ်နေခဲ့ရင် တကယ်လုပ်သင့်တာက အားသွန်ခွန်စိုက် ကြိုးစားဖို့ပါပဲ။ အချိန်တစ်ခုတော့ စောင့်ရမှာပေါ့.. အမြဲတမ်း အားငယ်နေတဲ့စကားပဲဆိုပြီး ဘာတစ်ခုမှ မကြိုးစား၊ ဒီစကားလေးတွေနဲ့ပဲ နှစ်သိမ့်နေတတ်သူတွေဆိုရင်တော့ဖြင့် သေချာ ခွဲခြမ်းစိတ်ဖြာပြီး တာ့တာသာ ပြလိုက်ပါတော့ ယောင်းတို့ရေ…

ကိုယ်အတွေးထဲမှာ အမြဲတမ်း မင်းရှိနေတယ်။

ကိုယ့်ရဲ့ အတွေးထဲမှာ မိုးလင်းကနေ မိုးချုပ်ထိ မင်းရှိနေပါတယ်ဆိုတာ ချုပ် တဲ့ တော်ကီ တစ်ပေါက်လို့ အိမွန်ကတော့ ထင်တယ်။ အမြဲတမ်းလို့ ပြောတာကို လက်မခံပေမဲ့ တကယ်ချစ်တဲ့သူကတော့ သူ့အတွေးထဲမှာ  ကိုယ့်အတွက် နေရာပေးထားမှာပါပဲ။ ဒါပေမဲ့ 24/7 အတွေးထဲတော့ ဘယ်ထည့်ထားနိုင်ပါ့မလဲ… အလုပ်တွေ၊ ပညာရေးအတွက်တွေ၊ မိသားစုအတွက်တွေ ရှိနေဦးမှာပဲလေ.. နော်.. တိုက်ဆိုင်တာလေးတွေ၊ ကိုယ်ကြိုက်တတ်တာလေးတွေ၊ ကိုယ်နဲ့သွားခဲ့ဖူးတဲ့ နေရာလေးတွေ ရောက်ရင် သတိရတယ်ဆိုရင်တော့ ဖြစ်နိုင်သေးတာပေါ့နော်… ဆိုတော့ ဒီစကားကလည်း သဘောကျစရာကောင်းပေမဲ့ လက်တွေ့မဖြစ်နိုင်တဲ့ စကားထဲ ပါတာပေါ့ 😀 ဒါမဲ့လည်းလေ…. မဟုတ်မှန်းသိလည်း သဘောကျတာပဲမဟုတ်လား 😛

မင်းမရှိဘဲ ကိုယ်တစ်ရက်လေးတောင်အသက်မရှင်ချင်ဘူး။

ဒါက တော်တော်လေးကို များသွားပြီဖြစ်တဲ့ ဂျင်းစကားပေါ့လေ။ တော်တော်ကြီးကို အချစ်ကြီးတဲ့ ယောက်ျားလေးဆိုတာကတော့ ရှာမှရှားပါ။  ရုပ်ရှင်တွေထဲမှာတော့ ရှိမှာပေါ့လေ။ ဒီလိုတော်ကီလောက်ဆိုရင်တော့ အရည်တွေပျော်ပြီး ကောင်မလေးက ကြွေသွားမယ်ထင်လို့ ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့လေ.. တကယ်လည်း ကိုယ်ပြန်မကြိုက်ကြည့်.. ဘယ်လိုမှ မနေပါဘူးနော်.. အသည်းကွဲလည်း ခဏပေါ့ 😀 ချက်ချင်းလည်း သတ်သေသွားမှာမဟုတ်ဘူးလေ 😀 အဲ့တော့ မယုံပါနဲ့ကွယ်..

တစ်ခုတော့ရှိတယ်.. တချို့တွေက တကယ့်ကို စိတ်အရမ်းနှစ်ပြီး တစ်ခုဆို တစ်ခု တစ်ယူသန်စွဲတဲ့သူတွေလေ.. ခပ်ရိုင်းရိုင်းပြောရမယ်ဆို အနုစားစိတ်ဝေဒနာ ရှိတဲ့သူတွေပေါ့… ကိုယ့်စိတ်ကိုယ် မဖြေတတ်ဘူးလေ.. သူတို့ကျတော့.. အဲဒီလို လူမျိုးတွေကျတော့ တကယ်ကြီး သတ်သေသွားတတ်တာမျိုး၊ သူတို့မသေချင်ရင် ကိုယ့်ကို အန္တရာယ်လာပေးတာမျိုး ရှိတတ်တာမို့ ဘယ်လိုလူလဲဆိုတာ သတိထားဖို့တော့ လိုပါတယ်လို့..

ကဲ ယောင်းလေးတို့ရေ…ဒီလောက်ဆိုရင်တော့ ဂျင်းတော်ကီလေးတွေကို သိသွားလောက်ပြီ ထင်ပါတယ်။ ယောင်းတို့သိတဲ့ တော်ကီလေးတွေလည်း ဝေမျှခဲ့ပါဦးလို့…

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed