ချိုချိုမွှေးမွှေး ယိုးဒယားဒူးရင်းသီးရွှေရင်အေး

အက်မင်ကတော့ အနံ့နဲ့တင်တဖြုတ်ဖြုတ်ကြွေ။

နှင်းလို ဒူးရင်းသီးသရဲလေးတွေ လက်ညှိုးထောင်။ သင်္ကြန်ကိစ္စနောက်မှာထား ဒူးရင်းသီးရာသီရောက်ပြီလေ…. အဲ့တော့ ဒူးရင်းသီးကို အမွှာလိုက် ဒီအတိုင်းစားရတာ ရိုးလာပြီမလား။ နှစ်သစ်ကူးမှာ အိမ်တွင်းအောင်းမယ့်ယောင်းယောင်းတို့ အသစ်အဆန်းလေးစားလို့ရအောင် မုန့်အသစ်လုပ်နည်းလေးကို ပြောပြပေးမှာပေါ့။ ယိုးဒယားဒူးရင်းသီးရွှေရင်အေးဆို ယောင်းတို့စိတ်ဝင်စားကြတယ်မလား????

ယိုးဒယားဒူးရင်းရွှေရင်အေး

ပါဝင်တဲ့ပစ္စည်းတွေကတော့-

(၁) မုန့်လက်ဆောင်းဖတ်

(၂) ယိုးဒယားမျှော့ချောင်း

(၃) ယိုးဒယားအုန်းနို့ဘူး ၁ ဘူး (ရိုးရိုးညှစ်ထားတဲ့ အုန်းနို့လည်းသုံးလို့ရပါတယ်။)

(၄) သာကူ ၁ထုပ်

(၅) ကောက်ညှင်းငချိတ် အနည်းငယ်

(၆) ပဲနီ အနည်းငယ်

(၇) ဒူးရင်းသီး ၂ မွှာ

(၈) နို့စိမ်း အနည်းငယ်

(၉) သကြား အနည်းငယ်

ဒီလိုလေး

ပထမဆုံး မုန့်လက်ဆောင်းဖတ်၊ ယိုးဒယားမျှော့ချောင်း၊ သာကူစေ့တွေကို ရေစိမ်ထားပါ။ နောက်ပြီးရင် သာကူစေ့ကို အစေ့ကွဲအောာင် ပြုတ်လိုက်ပါ။ သာကူပြုတ်နေတဲ့အချိန် ကောက်ညှင်းကို ထမင်းပေါင်းအိုးနဲ့ ၁၀ မိနစ်လောက်ပေါင်းထားပါ။ (ပျော့ပျော့ကြိုက်ရင်တော့ ပိုပေါင်းထားပေါ့နော်။ နှင်းကမာဆတ်ဆတ်လေးကြိုက်လို့ ခဏပဲပေါင်းတာ။) ပဲနီလေးနည်းနည်းကိုလည်း တစ်ခါတည်းပေါင်းထားလိုက်ပါ။

Related Article >>> အစားတစ်လိုင်း ယောင်းတို့အကြိုက်တွေ့စေမဲ့ ဗီယက်နမ်ရိုးရာခေါက်ဆွဲပြင်ဆင်နည်း

တခြားပစ္စည်းတွေကို ပြင်ဆင်နေတဲ့အချိန် ယိုးဒယားအုန်းနို့ဘူးကို ဖောက်ပြီး လိုသလောက်မှန်း ပန်းကန်လုံးတစ်လုံးထဲထည့်ထားနော်။ (ရေခဲမထည့်ထားနဲ့နော်။ အချိုတွေပေါ့ကုန်လိမ့်မယ်။ စားခါနီးမှထည့်။) အဲ့အုန်းနို့ထဲကို သကြားလေးထည့်ထားပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်ဦး (ဒါမှပါဝင်ပစ္စည်းတွေအကုန်အဆင်သင့်ဖြစ်တဲ့အချိန် အုန်းနို့ကချိုချိုအေးအေးလေးနဲ့ ဖြစ်နေမှာပေါ့။)

ပါဝင်ပစ္စည်းတွေအားလုံး အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ ပန်းကန်ထဲနည်းနည်းစီထည့်ပြီး တစ်ပွဲစီပြင်ထည့်တဲ့အချိန် ဒူးရင်းသီးလေးကို အသားခွာထည့် အိုးးး မိုက်ပြီလေ။ အားလုံးထည့်ပြီးရင်တော့ အပေါ်ကနေနို့စိမ်းလေးပေါက် လိုက်တဲ့အခါ ချိုမွှေးအေး ယိုးဒယားရွှေရင်အေး ရပါပြီရှင်။

စတုဒီသာမှာကျွေးဖို့ဆိုရင်တော့ ဒူးရင်းသီးအသားကိုခြစ်ပြီး မျှင်မျှင်လေးတွေလုပ်(အိမ်မှာစားသလောက်ထည့်ရရင်တော့ မွဲရချည်ရဲ့ -_-) အုန်းနို့ရည်ထဲ ထည့်လိုက်ရင်တော့ဖြင့် အနံ့လေးလည်းမွှေး အရသာလည်းရှိတဲ့ ဒူးရင်းသီးရွှေရင်အေးကို စတုဒီသာမှာလည်းကျွေးလို့ရပြီပေါ့။ အုန်းနို့တွေရော၊ ဒူးရင်းသီးတွေရောဆိုတော့ အပူအရမ်းမကန်အောင် မင်းဂွတ်သီးစား၊ ရေများများသောက်ဖို့မမေ့နဲ့ဦးနော်။ (ချက်ချင်းတော့မစားနဲ့ အုန်းနို့ထဲ သကြားတွေပါလို့ အစာအဆိပ်သင့်နေဦးမယ်။)

Photo credit – tidbitsmag.com

Hnin Ei Oo (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.