လွယ်လည်းလွယ်ကူ အရသာလည်းရှိတဲ့ ချိုချဉ်ကြော် (၄)မျိုး

တစ်မူထူးခြားပြီး လွယ်ကူတဲ့ ဆော့စ်လေးကို အသုံးပြုထားတဲ့ ကြက်ချိုချဉ်ကြော်၊ ပုဇွန်ချိုချဉ်ကြော် တွေအပြင် တခြား ဘာတွေပါဦးမလဲ ဆိုတာကိုတော့ ဖတ်ကြည့်လိုက်နော်…

အက်ဒမင်တော့ ချိုချဉ်ကြော်ဆို စားသောက်ဆိုင်မှာပဲ သွားစားဖြစ်တာ များတယ်..။ ဘာလို့ဆို ကိုယ်မှ နည်းမသိခဲ့တာ။ 😛 ဟိုတစ်နေ့ကမှ ညကြီး မင်းကြီး ဗိုက်ဆာပြီး ချိုချဉ်ကြော်ကို အရမ်းစားချင်သွားတာနဲ့ ဟိုရှာဒီရှာ လုပ်ကြည့်လိုက်တာ။ အဓိကက ဆော့စ်လုပ်တဲ့နည်းတဲ့လေ။ အခု အက်ဒမင်ရှာတွေ့ထားတာတော့ လွယ်လွယ်ကူကူနဲ့ လုပ်လို့ရပြီး အရသာလည်း ရှိတဲ့နည်းလေး။ အဲ့ဆော့စ်လေးကို ပုဇွန်လေးရယ် ဟင်းသီးဟင်းရွက်လေးရယ် ရောပြီး မီးပြင်းပြင်းနဲ့ ကြော်တာ ကောင်းမှကောင်း။ ယောင်းတို့လည်း ကြိုက်တဲ့အသားနဲ့ ကြော်လို့ရအောင် နည်းလမ်းလေးတွေ မျှဝေလိုက်တယ်နော်။

ဆော့စ်ပြုလုပ်နည်း

ပဲငံပြာရည် အကျဲ ဟင်းချိုသောက် ပန်းကန် တစ်ဝက်

ပျားရည် ဟင်းချိုသောက် ပန်းကန် လေးပုံတစ်ပုံ

ကြက်သွန်ဖြူ ၂ စိတ်

ဂျင်း(နုတ်နုတ်စဉ်းပြီး လှီးထားတာ) လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ

နှမ်း စားပွဲတင်ဇွန်း ၂ ဇွန်း တို့ ကို ရောသမွှေပြီးတော့ ဆော့စ်ကို ပြုလုပ်လိုက်ပါ။

  • ကြက်သား ချိုချဉ်ကြော်

ကြက်သား ၁ ပေါင် ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ငရုတ်ကောင်းမှုန် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ခုနက ရောစပ်ထားတဲ့ ဆော့စ်လေးတွေကို ဆီအနည်းငယ်ထည့်ထားတဲ့ အိုးထဲမှာ မီးပြင်းပြင်းပေးပြီး ကြော်ပေးပါ… အသားလေးတွေ နည်းနည်း ကျက်လာပြီ ဆိုရင်တော့ ပန်းမုန်လာ (လှီးပြီးသား) ဟင်းချိုသောက်ပန်းကန်လုံး အသေး တစ်လုံးစာ ၊ ငရုတ်ပွ (လှီးပြီးသား) ပန်းကန်လုံးအသေးတစ်လုံးစာတို့ ကို ရောထည့်ပြီး ကြော်ပေးမယ် ဆိုရင်တော့ ပြီးပြည့်စုံပြီး အရမ်းအရသာရှိတဲ့ ကြက်သားချိုချဉ်ကြော်လေးရပါပြီနော်။

Related article >>> ထမင်းမြိန်စေမယ့် ရှောက်သီးသုပ် ချဉ်ငန်စပ်လေးနဲ့ ဘူးသီးဟင်းခါး

  • အမဲသား ချိုချဉ်ကြော်

အမဲသား ၁ ပေါင် ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ကို ဆီ အနည်းငယ် ထည့်ထားတဲ့ အိုးထဲမှာ ထည့်ကြော်ပေးပါ… နည်းနည်းလေး အရောင်ပြောင်းလာတာနဲ့ ဆော့စ် ကိုထည့်မွှေပေးပါ… မီးပြင်းပြင်းလေးနဲ့ ထည့်ကြော်ပေးဖို့ မမေ့ပါနဲ့ နော်… အသားလေးတွေ ကျက်ခါနီးတဲ့ အခါ ပန်းမုန်လာ (လှီးပြီးသား) ဟင်းချိုသောက် ပန်းကန်လုံး အသေးနှစ်လုံးစာ ကို ထည့်ကြော်ပေးပါ… အဲ့ဒါ ဆိုရင် အရမ်းစားလို့ ကောင်းတဲ့ အမဲသား ချိုချဉ်ကြော်လေးကို ဆွဲလို့ရပါပြီ။

  • ဝက်သား ချိုချဉ်ကြော်

ဝက်သား အသားချည်း ၁ ပေါင် ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ကို ဆီ အနည်းငယ် ထည့်ထားတဲ့ အိုးထဲမှာ ထည့်ပြီးတော့ မွှေပြီး ကြော်ပေးပါ… နည်းနည်းလေး အရောင် ပြောင်းလာတာနဲ့ ခုနက အဆင်သင့်ပြင်ဆင်ထားတဲ့ ဆော့စ်ကို ထည့်ပြီးတော့ ရောကြော်ပေးပါ… အသားကျက်ခါနီး ပြီဆိုရင် ကညွတ် (လှီးပြီး အဆင်သင့်ပြင်ထားတာလေးတွေ) ဟင်းချိုသောက် ပန်းကန်လုံး တစ်လုံးစာ ၊ ငရုတ်ပွ (လှီးပြီးသား) ဟင်းချိုသောက် ပန်းကန်လုံး တစ်လုံးစာ ကို ထည့်ပြီး ကြော်ပေးပါ… အဲ့ဒါဆိုရင်တော့ အရမ်းအရသာရှိတဲ့ ဝက်သားချိုချဉ်ကြော်လေးရပါပြီနော်။

Related article >>> သီးစုံထမင်းကြော်၊နာနတ်သီးထမင်းကြော်နဲ့ အမဲသားထမင်းကြော်နည်း

  • ပုဇွန် ချိုချဉ်ကြော်

ပုဇွန် ၁ ပေါင် ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ကို ဆီ အနည်းငယ် နဲ့ အိုးပူထဲမှာ ထည့်လှိမ့်ပေးပါ… ပုဇွန်လေးတွေ နည်းနည်း အရောင်ပြောင်းလာတာနဲ့ ခုနက အသင့်ပြင်ထားတဲ့ ဆော့စ်လေးကို ထည့်ပေးပါ… ပဲသီး (လှီးပြီးသား) ဟင်းချိုသောက် ပန်းကန်လုံး အသေး တစ်လုံး ၊ မုန်လာဥနီ (ပါးပါးလှီးပြီးသား) ဟင်းချိုသောက် ပန်းကန်လုံး အသေးတစ်လုံးစာ တို့ ကိုပါ ထည့်ကြော် ပေးလိုက်ပါ… ။ အနံ့လေးလည်း မွှေးပြီဆိုရင်တော့ အိုးပေါ်က ချပြီး စားလို့ရပါပြီ။

Akari ( For Her Myanmar )

Source – www.youtube.com/watch?v=yaxWGWoJjVM

 

No Comments Yet

Comments are closed