မက်ကရောနိနဲ့ချိစ်အစစ်

မက်ကရောနိကို အမေရိကန်ဆန်ဆန် ချက်စားကြရအောင်

မက်ကရောနိအချိုပွဲဆိုတာကို ယောင်းတို့တော်တော်များများ စားဖူးကြမှာပေါ့နော်။ အသီးတွေလဲပါတယ် ဂျယ်လီတွေလဲပါတယ်လေ။ တကယ်တော့လေ မက်ကရောနိနဲ့ချိစ် (mac & cheese) ဆိုတာ အချိုပွဲမဟုတ်ပါဘူးလို့။

ဒါဆိုဘာတုန်း၊ ဘယ်လိုချက်ရတာတုန်းတို့ ယောင်းတို့ကမေးမှာပေါ့။ ဆက်ဖတ်ကြည့်နော်…

မက်ကရောနိဆိုတာ အီတလီရိုးရာစားဖွယ် ပါစတာအမျိုးဝင်ထဲက (elbow macaroni) တံတောင်ဆစ်ကွေးပုံစံရှိတဲ့ မက်ကရောနိနဲ့ ချက်ထားတာပါ။ အစောဆုံး မက်ကရောနိနဲ့ချိစ်ချက်နည်းကို ၁၃ရာစုနောက်ပိုင်း အီတလီနိုင်ငံတောင်ပိုင်းမှာ တွေ့ရပြီး Liber de coquina လို့ခေါ်တဲ့ လက်တင်ဘာသာနဲ့ ရေးထားတဲ့ ဟင်းချက်နည်းစာအုပ်ထဲမှာ de lasanis လို့နာမည်ပေးထားတဲ့ ပထမဆုံး မက်ကရောနိနဲ့ချိစ်ချက်နည်းကို တွေ့နိုင်ပါတယ်တဲ့။ ဒီလိုဆို မက်ကရောနိက အီတလီမူပိုင်လား။ အဲ့လိုပြောမယ်ဆို ပြောလို့ရပေမယ့် အကုန်တော့မမှန်ပါဘူးနော်။ မက်ကရောနိနဲ့ချိစ်ဟာ အဲ့တုန်းက လူကြိုက်မများသေးတာလဲပါတယ်။

၁၇၀၀ပြည့်နှစ်နှောင်းပိုင်းကျ အမေရိကန်နိုင်ငံရဲ့ တတိယမြောက်သမ္မတ Thomas Jefferson အီတလီခရီးစဉ်က ပြန်လာတဲ့အခါ သူနဲ့အတူ မက်ကရောနိနဲ့ချိစ်ဟာ အမေရိကန်ကိုပါလာလေရော။ သူက အဲ့ဒီ တံတောင်ဆစ်ကွေး မက်ကရောနိလေးကို အီတလီမှာစားခဲ့ပြီး အရမ်းကြိုက်တော့ သူ့နိုင်ငံကို မ လာတာလေ။ သူ့သူငယ်ချင်းတွေ၊ ဧည့်သည်တွေနဲ၊့ သမ္မတအိမ်တော်က ညစာစားပွဲတွေမှာတောင် မက်ကရောနိနဲ့ချိစ်ကို တည်ခင်းကျွေးမွေးခဲ့တာတဲ့။

နောက်နှစ်အနည်းငယ်ကြာတဲ့အခါ Mary Randolph ဆိုတဲ့ Thomas Jefferson နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ အမျိုးသမီး (တစ်ချို့ကတော့ TJ ရဲ့သမီးလို့ ပြောကြတယ်) က မက်ကရောနိနဲ့ချိစ် ဟင်းချက်နည်းကို The Virginia Housewife ဆိုတဲ့ သူ့ရဲ့နာမည်ကြီး ဟင်းချက်နည်းစာအုပ်ထဲမှာ ထည့်ရေးခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ ဟင်းချက်နည်းထဲမှာ မက်ကရောနိရယ် ချိစ်ရယ် ထောပတ်ရယ်ပဲပါတာတဲ့။ အဲ့တုန်းကလဲ အဲ့လောက် နာမည်အကြီးကြီးမဟုတ်သေးဘူး။ ဆက်ပြောပြမယ် ဆက်ဖတ် ဆက်ဖတ်။

၁၉၇၃ခုနှစ်ကျတော့ Kraft Company ဆိုတဲ့ ကုမ္ပဏီက မက်ကရောနိနဲ့ချိစ်ကို စက္ကူဘူးထဲထည့်ပြီး ရောင်းပါရော။ အဲဒီအချိန်ဟာ အမေရိကန်ဒေါ်လာ တန်ဖိုးကျနေပြီး စီးပွားရေးမခိုင်မာတဲ့အချိန်ဆိုတော့ တစ်ဘူးကို ပြားနှစ်ဆယ်လောက်နဲ့ မိသားစုလေးယောက် အသာလေးစားလို့ရတဲ့ မက်ကရောနိနဲ့ချိစ်က လူကြိုက်များခဲ့တာပေါ့ယောင်းရေ။ အဲဒီနောက်ပိုင်းမှာတော့ အမေရိကန်ကလေးတိုင်း မက်ကရောနိနဲ့ချိစ်ကို မစားဖူးတဲ့ကလေးမရှိသလောက်တောင် လူကြိုက်များခဲ့ပါတယ်တဲ့။ အခုခေတ်ကျတော့ ဝက်ပေါင်ခြောက်တို့၊ ပုစွန်တို့ဘာညာတွေထည့်ချက်ကြတော့ ပိုကောင်းတာပေါ့။

နောက်ပိုင်းကျ အမေရိကန်တင်မဟုတ်ဘဲ ဗြိတိန်နဲ့အတူ တခြားအနောက်နိုင်ငံတွေကပါ စားလာကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းအရွေ့ကြီးနဲ့ အခုတော့ တို့ဆီကိုရောက်လာတာပေါ့နော်။ ဒါပေမယ့်တော်တော်များများက အီတလီအချိုပွဲဆိုပြီး ပြောနေရောင်းနေကြတာတွေ့လို့ ဂလောက်နာမည်ကြီးတဲ့ မက်ကရောနိနဲ့ချိစ်အစစ်ကို ယောင်းတို့လွယ်လွယ်ကူကူ လုပ်စားလို့ရအောင် ပြောပေးချင်တာ။

ဆိုတော့ကာ ဟင်းချက်နည်းလေးကို အောက်မှာကြည့်နော်…

၁) မက်ကရောနိ

(city mart တွေမှာဝယ်လို့ရပါတယ်) – အထုပ်ရဲ့လေးပုံတစ်ပုံလောက်ဆို နှစ်ယောက်ဗိုက်ရိုက်စားလို့ရတယ်

၂) ထောပတ် – စားပွဲတင်ဇွန်းသုံးဇွန်း

၃) cheddar cheese (city mart မှာရှိတယ်) – ၃၀၀၀ ဝန်းကျင်လောက်တစ်တုံးရဲ့တစ်ဝက်ဆိုရပြီ၊ အက်ဒမင်လို့ ချိစ်သရဲတွေကတော့ တစ်တုံးလုံးထည့်လို့ရတယ်၊ အမျှင်ကလေးတွေဖြစ်အောင် ခြစ်ထားပါ

၎) မွှေးဂျုံမှုန့် – စားပွဲတင်ဇွန်းသုံးဇွန်း

၅) နွားနို့ – ဖန်ခွက်တစ်ခွက်

၆) ကြက်သွန်မြိတ်ရိပ်ရိပ်လှီးထားတာလေးနည်းနည်း

၇) ရေလိုမယ်

၈) အသားကြိုက်ရင် ကြိုက်တဲ့အသားကို နုတ်နုတ်စင်း၊ ကြက်သွန်ဖြူနဲ့ရောပြီး အနံ့ပျောက်အောင် ဆီသတ်ထားပါ

စချက်မယ်။

ရေတစ်အိုးကိုဆားနည်းနည်းထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဆူရင် မက်ကရောနိကလေးတွေထည့်ပြုတ်။ အရမ်းအိပြဲအောင်မထားဘဲ နူးသွားရင် ရေစစ်ပြီး၊ ရေအေးနဲ့ပြန်စိမ်၊ အေးသွားရင် ရေစစ်ထားပါ။

ချိစ်အနှစ်အတွက်က ထောပတ်ကိုမီးနည်းနည်းနဲ့အပူပေး၊ ပျော်သွားရင်ဂျုံမှုန့်ထည့်ရပါမယ်။

ဂျုံထောပတ်အရော ပြစ်ပြစ်ကလေးဖြစ်လာရင် နို့လောင်းထည့် ဆက်မွှေပါ။ နာနာသာမွှေပါ။ မမွှေရင်အခဲတွေဖြစ်ကုန်မှာမို့ပါ။

နောက်ဆုံးမှ ချိစ်အမျှင်လေးတွေထည့်လိုက်ပါ။ ဆက်တိုက်တော့မွှေရမယ်နော်။ နို့မို့ဆို ခဲကုန်ကပ်ကုန်မယ်။

မွှေနေတာတောင်မှ ကပ်ချင်ချင်ဖြစ်နေရင် (သဘောကတော့ ယောင်းတို့ရဲ့ ဟင်းချက်စကေးက အက်ဒမင်လောက်ဆိုးမယ်ဆိုရင်) ရေထည့်ပါ။ အများကြီးတော့မထည့်နဲ့နော် ဘတ်ရွှဲကြီးဖြစ်ကုန်မယ်။ ချက်နေရင်း အနှစ်ကလေးပြစ်လာပြီ ပွက်လာပြီဆိုရင်တော့ပြီးပါပြီ။ အသားထည့်မယ်လူတွေ ခုနဆီသတ်ထားတဲ့အသားကို ထည့်မွှေနိုင်ပါတယ်။

ဒီအချိန်မှာ oven မုန့်ဖုတ်မီးဖိုရှိတဲ့ ယောင်းတို့ကတော့ မီးဖိုကိုအပူကြိုပေးထားပြီး ခုနပြုတ်ထားတဲ့ မက်ကရောနိနဲ့ ချိစ်အနှစ်ကို မုန့်ဖုတ်တဲ့ဗန်းထဲထည့် အပေါ်ပုံထဲကအတိုင်း အပေါ်ယံလေးညိုလာအောင် ဖုတ်ပေးနိုင်ပါတယ်။ မုန့်ဖုတ်မီးဖိုမရှိလဲ ချိစ်အနှစ်ထဲကို မက်ကရောနိပြုတ်ထားတာလေးထည့်၊ နည်းနည်းရောရောလေးဖြစ်သွားအောင်မွှေ၊ ကြက်သွန်မြိတ်ကလေးဖြူးပြီး အောက်ကပုံထဲကလို သုံးဆောင်နိုင်ပါပြီလို့။

 

Reference

http://www.cliffordawright.com/caw/food/entries/display.php/topic_id/16/id/105/

http://www.epicurious.com/expert-advice/the-secret-history-of-mac-and-cheese-article

http://www.bbc.co.uk/food/recipes/macaronicheese_83521

 

No Comments Yet

Comments are closed