အိမ်မှာ ပေါ့ပေါ့ပါးပါး ဖက်ထုပ်လုပ်စားကြမယ်…

ချက်ကြမယ်ဟေ့  ကောင်းကောင်း <3

ဖက်ထုပ်ဆို အပေါင်းမလား အိုးကပ်ကြော်လာမလား၊ အပြုတ်လာမလား လာချင်တာလာ အကုန်ဝိုက်မယ် ဆိုတဲ့ယောင်းယောင်းလေးတွေ လက်ညှိုးထောင်။ နှင်းလည်း ယောင်းတို့လိုပါပဲနော်။ ဖက်ထုပ်ဆိုရင် ဘယ်ဗားရှင်းဖြစ်ဖြစ် အလိုလိုကို ကြိုက်ပြီးသားရယ်။ ဒါပေမဲ့ ကိုယ်သိပ်ကြိုက်တဲ့ ဖက်ထုပ်ဆိုင်တွေက အရင်ကလို စားမကောင်းတော့ဘူး။ (ခိုတာ ခိုတာဆွာလေ စားရတာ အသားကညှပ်စိလောက်နဲ့ အပြင်ခွံ (ဖက်ထုပ်ရွက်)က မာမာကြီး) ဆိုတော့ ဘယ်ရမလဲ ကိုယ်တိုင်အိမ်မှာ လုပ်ဖို့ ကြံစည်ပြီလေ။ လွယ်လည်းအရမ်းလွယ်တာ။ ဒါ့အပြင် ဒီဖက်ထုပ်ကို ကြော်မလား၊ ပေါင်းမလား၊ ဖက်ထုပ်မာလာလုပ်မလား စိတ်ကြိုက်လုပ်လို့ရသေးတယ်ဆိုတော့ကား… ကဲ ပြောနေကြာတယ် ခုပဲ စမ်းလုပ်ကြည့်ရအောင်။

ပါဝင်ပစ္စည်းတွေကတော့ – 

(၁) ဖက်ထုပ်ရွက် (နှင်းက စိတ်မရှည်တော့ ဖက်ထုပ်ရွက်ကို ကိုယ်တိုင်မလုပ်တော့ဘူး။ ပေါက်ကရတွေထွက်လာမယ်ဆိုတာ သိနေလို့ 😛 ဆိုတော့ ၁၈ လမ်းဈေးမှာ ၁၀၀၀ ဖိုး ဝယ်တာတစ်ထောကြီးရတယ်။)

(၂) ဝက်သား ၂၀ ကျပ်သား

(၃) ဂေါ်ဖီထုပ် တစ်ဝက်

(၄) ကြက်သွန်မြိတ် တစ်စည်း

(၅) ကြက်သွန်နီ နည်းနည်း

(၆) ကော်မှုန့်၊ ဆား ၊ အချိုမှုန့်၊ တရုတ်ငံပြာရည်ကျဲ နည်းနည်းစီ

ပထမဆုံး ဖက်ထုပ်ထဲက အစာကို အရင်ပြင်ဆင်ပါမယ်။ ဝက်သားနဲ့ ဂေါ်ဖီကို အရင်ဆုံး သပ်သပ်စီ နုတ်နုတ်စင်းပါ။ မညက်တညက် အနေအထားရောက်ပြီဆိုရင် ဝက်သားကို ဆားနည်းနည်း အချိုမှုန့်နည်းနည်းထည့်ပြီး ခဏနှပ်ထားပါ။ ကြက်သွန်မြိတ်၊ ကြက်သွန်နီတွေကို ရေဆေးပြီး ခပ်ဖွဖွလေး စင်းပေးပါ။ အားလုံးပြင်ဆင်ပြီးဆိုရင်တော့ တစ်ဇလုံထဲမှာ အကုန်ရောထည့်ပြီး ကော်မှုန့်နည်းနည်းထည့်၊ အချိုမှုန့်၊ ဆားနဲ့ တရုတ်ငံပြာရည်အကျဲကို လိုသလောက်ထည့်ပြီး အကုန်ရောနယ်လိုက်ပါ။ ဒါဆိုရင် ဖက်ထုပ်အစာရပါပြီ။

Related Article >>> အဆာလည်းပြေ စားလို့လည်းကောင်းတဲ့ ဝက်သားပေါင်းနည်း (၂) နည်း

ဖက်ထုပ်ရွက်ကို အတည့်နဲ့ပြောင်းပြန် ဘယ်လိုခွဲမလဲဆိုရင် ဂျုံမှုန့်များပြီး ပြောင်ချောနေတဲ့ဘက်ကို အပြင်ဘက်မှာ ထားရမှာဖြစ်ပြီး ဂျုံမှုန့်နည်းနည်းပဲရှိတဲ့ဘက်ကို အတွင်းဘက်မှာ ထားရမှာပါ။ ဖက်ထုပ်ရွက်ရဲ့ အလယ်နားလောက်မှာ အစာကို တော်သင့်ရုံလောက်ယူပြီး ထည့်ပါ။ (အစာများရင် ဖက်ထုပ်က ပေါက်ထွက်တတ်တယ်လေ။)

နောက်ပြီး ဖက်ထုပ်ရွက်ရဲ့ ဘေးနားမှာ ရေလေးနဲ့သုတ်ပြီး အနားသတ်လိုက်ပါ။ ပြီးရင် ဖက်ထုပ်ကို ကိုယ်ကြိုက်တဲ့ပုံစံလေး ထုပ်လို့ရပါတယ်နော်။ (နှင်းကတော့ ဘေးနှစ်ဖက်ကိုပိတ်ပြီး အလယ်လေးတွေမှာ ခပ်နုတ်နုတ် ပန်းပုံလေးတွေဖော်၊ နောက်ပြီး ပြန်ဖြန့်ချလိုက်တယ်။) ဒါဆိုရင်တော့ ဖက်ထုပ်လေးတွေရပါပြီ။

နှင်းက ဖက်ထုပ်ဆို အပေါင်းလေးတွေကြိုက်တော့ အရင်ဆုံး အပေါင်းလုပ်စားဖြစ်တယ်။ (သတိထားရမှာတစ်ခုက ဖက်ထုပ်တွေ တစ်ခုနဲ့တစ်ခု အရမ်းနီးသွားရင်လည်း အချင်းချင်းကပ်တတ်သလို ထည့်ပေါင်းတဲ့ အိုးအောက်ခြေမှာ ဆီမသုတ်ရင်လည်း ဖက်ထုပ်က ကပ်သွားတတ်တာမို့ ဖက်ထုပ်ကို ခပ်ကျဲကျဲလေးထည့်ပြီး ထည့်ခါနီးအိုးရဲ့အောက်ခြေမှာ ဆီနည်းနည်းသုတ်ပါ။) နှင်းကတော့ ထမင်းပေါင်းတဲ့အိုးထဲမှာပဲ ရေလေးခံပြီး ပေါင်းတာမို့ အချိန်ရယ်ဘာရယ် သတ်သတ်မှတ်မှတ်တော့ မရှိ။ (သွားဖိကြည့်လို့ ခပ်ပျော့ပျော့ဖြစ်သွားတာနဲ့ အိုးနားမှာတင် ထိုင်စားတာ :P) ဒါဆိုရင်တော့ ဖက်ထုပ်ပေါင်းလေးရပါပြီ။

dumpling
ဖက်ထုပ်ပေါင်း (အထဲကအစာတွေက အသက်နော်။ နှင်းကတော့ ကြက်သွန်မြိတ်မကြိုက်လို့ လျှော့ထားတယ်။)
dumpling
တစ်ဇလုံလုံး တစ်ယောက်တည်း ကြိတ်တာ (အထင်ဒေါ့မသေးစေချင် :P)

Related Article >>> Mango mousse ဆိမ့်ဆိမ့်လေးကို အိမ်မှာတင် အလွယ်တကူ လုပ်စားကြမယ်

ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ အိုးကပ်ပါ ကြော်သေးတယ်။ အိမ်မှာမကပ်တဲ့အိုးရှိရင် အဲဒီအိုးထဲမှာ ခုနကဖက်ထုပ်လေးတွေထည့်၊ ဆီနည်းနည်းထည့်ပြီး မီးအေးအေးနဲ့ အိုးကပ်လေးကြော် ဒါဆိုရင်တော့ ဖက်ထုပ်အိုးကပ်ကြော်လေး ရပါပြီ။ ဖက်ထုပ်ဆီချက်စားချင်ရင်တော့ ခုနကဖက်ထုပ်လေးတွေကို နည်းနည်းပြုတ် ကြက်သွန်ဖြူဆီချက်၊ တရုတ်ငံပြာရည်နည်းနည်းနဲ့ ဆား၊ အချိုမှုန့်လေးနည်းနည်းထည့်ရင်ရပြီး ရှမ်းကောဖက်ထုပ်ဆီချက်စားချင်ရင်တော့ မာလာအနှစ်လေးနည်းနည်း ထည့်လိုက်ရုံပါပဲ။

dumpling
ဒါကတော့ ရှမ်းကောဖက်ထုပ်ဆီချက်ပါ။ (မဝမှာစိုးလို့ ခေါက်ဆွဲလေး နည်းနည်းပါထည့်ထားတယ် :P)

အခုဆိုရင်တော့ဖြင့် အမျိုးစုံကြိုးခုန်ပြီး လုပ်စားလို့ရတဲ့ အိမ်တွင်းဖက်ထုပ်လေး ရပါပြီနော်။ လွယ်လည်းလွယ် မြန်မြန်နဲ့ ပေါ့ပေါ့ပါးပါးလည်း လုပ်စားလို့ရတယ်ဆိုတော့ ယောင်းတို့လည်း အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း ဒီလိုပေါက်ကရလေးတွေလုပ်စားရင် မျှဝေပေးဦးမှာမို့ Stay Tuned ပါ ယောင်းယောင်းတို့ရေး…

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed