Food Knowledge

ရေခဲသေတ္တာထဲမှာ မထည့်ထားသင့်တဲ့ အစားအစာ (၇) မျိုး

နောက်တစ်ခါ ထည့်မသိမ်းမိစေနဲ့နော် ယောင်းရေ…

ယောင်းတို့ရေ …ဒီခေတ်ကြီးထဲမှာ ရေခဲသေတ္တာကလည်း သုံးတတ်ရင် အကျိုးရှိစေသလို မသုံးတတ်ရင်တော့ ဘေးဖြစ်စေပါတယ်။ အထူးသဖြင့် ရေခဲသေတ္တာထဲမှာ ဝယ်လာသမျှအကုန် ထည့်သိမ်းတာမျိုး လုံးဝ မလုပ်သင့်ပါဘူးနော်… အချို့အစားအစာတွေက ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင် ပိုးမွှားမပေါက်အောင် ကာကွယ်ပေးနိုင်ပေမဲ့ အပြင်မှာထားမှ အဆင်ပြေမယ့် အစားအစာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တာလဲဆိုတာကို အိမွန်က ဝေမျှပေးမယ်နော်..

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အခန်းအပူချိန်နဲ့ တွေ့ထိလေ ပိုကောင်းလေ ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါ အကြီးမားဆုံး ပြဿနာက ခရမ်းချဉ်သီးအသားက ကြမ်းဖတ်ဖတ် ဖြစ်သွားတာပါ။ ပျော့သွားမှာစိုးလို့ ရေခဲသေတ္တာထဲ ထည့်သိမ်းကြတယ်ဆိုပေမဲ့ တကယ်တမ်း အကောင်းဆုံးကတော့ ဝယ်ပြီး ချက်ချင်းသုံးတာပါပဲ။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့နေရာမှာ သိမ်းဆည်းပြီး မှည့်လာရင် ချက်စားလိုက်တာကသာ အမှန်ကန်ဆုံးပါပဲ။

အာလူး

ရေခဲသေတ္တာထဲမှာ အာလူးကို ထည့်ထားမယ်ဆိုရင် အာလူးထဲမှာရှိတဲ့ ကစီဓာတ်က သကြားဓာတ်အဖြစ် ပြောင်းသွားပြီး ချိုတဲ့အရသာ ဖြစ်စေပါတယ်။ ချက်တဲ့အခါမှာလည်း အာလူးက အမည်းရောင် ဖြစ်သွားပြီး စားချင်စိတ်ပါ ပျောက်သွားစေတတ်ပါတယ်။ အေးပြီး မှောင်တဲ့နေရာတစ်ခုမှာ အာလူးတွေကို စက္ကူအိတ်နဲ့ ထည့်သိမ်းမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က အာလူးနဲ့ ကြက်သွန်ကို တူတူရောသိမ်းမယ်ဆိုရင် နှစ်မျိုးလုံး အပုပ်မြန်တယ် ဆိုတာလေးတော့ သတိချပ်ရပါမယ်နော်…

Related Article >>> အသားတွေ ရေခဲသေတ္တာထဲ ဘယ်လောက်ကြာကြာ အထားခံလဲ?

ပေါင်မုန့်

ပေါင်မုန့်ကို အပြင်မှာထားရင် ကြွက်ကိုက်မှာစိုးလို့ ရေခဲသေတ္တာထဲ ထည့်သိမ်းတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ပေါင်မုန့်ကို အချပ်လိုက် သိမ်းမယ်ဆိုရင်တော့ အေးတဲ့အခါ ပေါင်မုန့်သားက ခြောက်သွားပြီး အောက်သိုးသိုး အနံ့ထွက်တတ်ပါတယ်။ ပေါင်မုန့်ဘူးထဲမှာ ထည့်သိမ်းမယ် ဆိုရင်တော့ တစ်ပတ် ဒါမှမဟုတ် သုံးလလောက်ထိ ခံပါတယ်။

ပင်စိမ်း

အခြားဟင်းခတ်အမွှေးရွက်တွေနဲ့ မတူတာက အပူချိန်နည်းသွားမယ်ဆိုရင် ပင်စိမ်းတွေက အခြားအစားအစာတွေဆီက အနံ့ကို စုပ်ယူတတ်ပါတယ်။ အကောင်းဆုံးကတော့ မီးဖိုချောင်ထဲမှာ ရေဖန်ခွက်လေးတစ်ခွက်နဲ့ ပင်စိမ်းကို စိမ်ထားတာ အကောင်းဆုံးပါပဲ။

ကော်ဖီ

ကော်ဖီမှုန့်ပဲ ဖြစ်ဖြစ် ကော်ဖီစေ့ပဲ ဖြစ်ဖြစ် ရေခဲသေတ္တာထဲမှာ ထည့်မသိမ်းသင့်ပါဘူး။ ရေခဲသေတ္တာထဲက အခဲဓာတ်က ကော်ဖီရဲ့အရသာကို ပျက်စေသလို ကော်ဖီနံ့ကလည်း မွှေးပျံ့တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လေအလုံပိတ်ဘူးနဲ့ အပြင်မှာ သိမ်းတာကသာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

ကြက်သွန်နီ

ကြက်သွန်နီကို ရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါ အစိုဓာတ်ကြောင့် ပျော့သွားပြီး မှိုလိုက်စေပါတယ်။ လှီးထားတဲ့ ကြက်သွန်နီအခြမ်းကို ထည့်သိမ်းမယ်ဆိုရင်တော့ အပေါ်ခွံက မာသွားပြီး အခြားအစားအစာတွေဆီပါ အနံ့တွေကူးကုန်မှာ ဖြစ်ပါတယ်။ အခန်းအပူချိန်မှာ လေဝင်လေထွက်ကောင်းကောင်းနဲ့ သိမ်းတာက အကောင်းဆုံးပါပဲ ယောင်းရေ။

ငှက်ပျောသီး

ရေခဲသေတ္တာထဲမှာ ငှက်ပျောသီးထည့်သိမ်းမယ်ဆိုရင် ငှက်ပျောခွံက အညိုရောင် ပြောင်းသွာတတ်ပါတယ်ယောင်းရေ။ ငှက်ပျောသီးအစိမ်းကို ထည့်သိမ်းမယ်ဆိုရင်လည်း တော်တော်နဲ့ မှည့်လာတော့မှာ မဟုတ်ပါဘူး။ ငှက်ပျောသီးကို အခန်းအပူချိန်မှာပဲသိမ်းထားပြီး မှည့်သွားတာနဲ့ ချက်ချင်းစားတာ အကောင်းဆုံးပါပဲ။

ရေခဲသေတ္တာရဲ့ အထာကိုနပ်ပြီး စနစ်တကျ သုံးနိုင်ကြပါစေ ယောင်းရေ…

With love

Ei Mon (For Her Myanmar)

References : Pure Wow, Curejoy

Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….

Leave a Reply

Your email address will not be published. Required fields are marked *