အစားအသောက်တွေ ကယ်လိုရီနည်းအောင် ချက်ပြုတ်နည်း (၅)နည်း

အင်း… ပြင်ရမှာတွေ အတော်များ… 🙁

အိမွန်တို့ အဘွားတွေခေတ်တုန်းကတော့ ကယ်လိုရီများလို့၊ နည်းလို့ ဆိုတာတွေလည်း မရှိခဲ့ပါဘူး။ ဒီလိုပဲ စားသောက်ပြီး အသက် ၈၀ ၊ ၉၀ ထိ ဒေါင်ဒေါင်မြည်နေတာကိုး 😀  အိမွန်တို့ ခေတ်လည်း ရောက်ရော အစားစားရင် ကယ်လိုရီအညွှန်းတွက်ပြီး စားရမယ့် ခေတ်ဖြစ်လာရော… ရောဂါတွေဆိုတာလည်း အဝလွန် ၊ နှလုံးအဆီဖုံး ၊ အသည်းအဆီဖုံး ဘာဖုံး၊ ညာဖုံး စုံပလုံတွေစိလို့…

အပြင်စာတွေ ဆိုတာကလည်း မျက်လုံးရှေ့မှာ တစ်မျိုးပြီး တစ်မျိုး ဝယ်စားချင်စရာတွေချည်းပဲလေ။ ပိုပြီးဆိုးတာက များများမြတ်အောင်လို့ ပြည့်ဝဆီတွေ သုံးကြတော့ စားသုံးသူမှာ ဒုက္ခဖြစ်ရရော။ ဒီတော့ အပြင်စာတွေကို ဘရိတ်အုပ်ပြီး အိမ်မှာပဲ ကယ်လိုရီနည်းတဲ့ ချက်ပြုတ်နည်းလေးတွေ ဖန်တီးပေးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ် ယောင်းတို့ရေ…

၁။ ဆီကို ခြင်တွယ်သုံးစွဲပါ။

မြန်မာအိမ်ရှင်မတွေကတော့ လက်မှန်းတော်တယ်ပဲ ပြောရမလား မသိဘူး။ ဟင်းချက်တော့မယ်ဆိုရင် ဆီတွေဘတ်ဆို လောင်းထည့်ပြီး ချက်လိုက်တာပဲ။ အမှန်တော့ ကယ်လိုရီအတွက်ရော၊ ကျန်းမာရေးအတွက်ပါ ဆီကို ချင်တွယ်ပြီးထည့်တာ အကောင်းဆုံးပါ ယောင်းတို့ရေ… ဥပမာ – ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းစာ ထည့်ပါလို့ အညွှန်းထဲမှာ ပါတယ်ဆိုရင် ထမင်းစားဇွန်း တစ်ဇွန်းထက် ပိုထည့်စရာကို မလိုတာပါနော်။ ခုနောက်ပိုင်း အိုးမကပ်ဒယ်အိုး (non-stick pans) တွေ ခေတ်စားလာတော့ ဆီတောင် သိပ်သုံးစရာ မလိုဘူး ။ အိုးထဲမှာ ဆီပါတယ်ဆိုရုံလေး ဖြန်းလိုက်ရုံပဲဆိုတော့ အဆင်ပြေလာပြီပေါ့..

၂။ ဆီအစား အသားပြုတ်ရည် ထည့်သုံးပါ။

အရွက်အသီးတွေကို ကြော်မယ်ဆိုရင် ဆီများများနဲ့ ကြော်မယ်ဆိုတာထက် မီးပူလာရင် ဒယ်အိုးထဲမှာ ကြက်သားပြုတ်ရည် စားပွဲတင်ဇွန်း တစ်ဇွန်း ဒါမှမဟုတ် ၂ ဇွန်းထည့်ပြီး ကြော်လှော်တာက ကယ်လိုရီနည်းစေပါတယ် ယောင်းရေ။  ကြက်ပြုတ်ရည်ကို အများကြီး ထည့်လိုက်ရင်တော့ အရွက်ကြော်မဟုတ်ဘဲ အရွက်ပြုတ်ဖြစ်သွားမှာမျိုးတော့ ရှိတတ်လို့ နည်းနည်းပဲ သုံးပေါ့နော်။

၃။ ဆီဓာတ်ပါဝင်မှုနည်းတဲ့ ပစ္စည်းတွေ သုံးစွဲပါ။

အခုနောက်ပိုင်း ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက် ကုန်တိုက်တွေမှာ အဆီထုတ်ပြီးသား နွားနို့ ၊ ခရင်မ် ၊ မရောနိစ်တွေကို နိုင်ငံခြားကနေ တင်သွင်းလာကြပါပြီနော်။ ဒီလိုမျိုး အဆီမပါတဲ့ ပစ္စည်းတွေကို မီးဖိုချောင်မှာ ဆောင်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Related Article >>> ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ရဖို့အတွက် တစ်နေ့သကြားဓာတ်ဘယ်လောက် စားသင့်လဲ

၎။ အရွက်ကြော်တဲ့အခါ အသားလျှော့ထည့်ပါ။

အသားနဲ့ အသီးအရွက်တွေကို ကြော်စားမယ်ဆိုရင် အကောင်းဆုံးကတော့ အသားနည်းနည်း အသီးအရွက်များများထည့်ပါ ယောင်းရေ။ အချိုဓာတ်ရအောင် အသားထည့်ကြော်တယ် ဆိုပေမဲ့ ပါတယ်ဆိုရုံပဲ ထည့်ပြီး အရွက်များများထည့်မှ အာဟာရပြည့်ဝပြီး အမျှင်ဓာတ်ကြွယ်ဝမှာပါ။ ပန်းဂေါ်ဖီစိမ်း ၊ သခွားသီး ၊ ဟင်းနုနွယ် ၊ တရုတ်နံနံတို့လိုမျိုး ကယ်လိုရီပါဝင်မှုနည်းတဲ့ အသီးအရွက်တွေကို မကြိုက်ဘူးဆိုရင်တောင် ချက်စားဖြစ်အောင် ချက်စားပါ ယောင်းတို့ရေ။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေက ဝိတ်ကျဖို့လည်း ကူညီနိုင်ပါတယ်။

၅။ သကြားလျှော့သုံးပါ။ 

ဘာလေးပဲဖျော်ဖျော် ၊ ဘာလေးပဲချက်ချက် ချိုနေမှ ကြိုက်တယ်ဆိုရင်တော့ ကယ်လိုရီတွေ တက်မှာ ကျိန်းသေပါပြီ ယောင်းရေ။ နောက်ဆက်တွဲအနေနဲ့ ဆီးချို သွေးချို ဖြစ်ဖို့ပါ လမ်းစပျိုးပေးသလိုပါပဲ။ ဒီတော့ ဘာပဲ ဖျော်ဖျော် ဘာပဲချက်ချက် သကြားပါဝင်မှုနှုန်းကို လျှော့ပါ။

ဆိုတော့ ဒီအချက်လေးတွေက ယောင်းတို့ ဟင်းချက်ရာမှာ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်.. ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချက်ပြုတ်နည်းတွေကို သုံးလို့ ယောင်းတို့ ကျန်းမာရွှင်လန်းနိုင်ကြပါစေ…

With love

Ei Mon (For Her Myanmar)

References: runtasticthe spruce eatsDummies

No Comments Yet

Comments are closed